ချင်းပြည်နယ် ဟားခါးမြို့နယ် ဇိုခွါကျေးရွာအနီးတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ မေလ ၁၃ ရက်နေ့တရက်တည်းတွင် တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံးခဲ့ သည်။
မကွေးတိုင်း ဂန့်ဂေါမြို့မှ ချီတက်လာပြီး တိုက်ပွဲအတွင်း အထိနာနေသော တပ်မ ၇၇ နှင့် ၎င်းတို့ကို ဟားခါးမြို့ ကနေ သွားကြိုသည့် စစ်ကောင်စီ စစ်ကြောင်းတို့ ပေါင်းစုံပြီးနောက် ဟားခါးမြို့ဘက်သို့ တောလမ်းအတိုင်း ချီတက်လာခဲ့ကြရာမှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကြခြင်း ဖြစ်သည်။
အင်အား ၅၀ ဝန်းကျင်ခန့်သာ ကျန်တော့သည့် တပ်မ ၇၇ နှင့် ဟားခါးမြို့မှ စစ်ကူသွားသော စစ်ကောင်စီတပ်ဖွဲ့ အင်အား ၇၀ ခန့် (နှစ်ဖွဲ့ပေါင်းအင်အား ၁၂၀ ဝန်းကျင်) တို့သည် မေလ ၁၃ ရက်နေ့တွင် ဟားခါးမြို့သို့ တောလမ်း အတိုင်း ချီတက်လာရာခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ ချီတက်လာချိန် ဇိုခွါနှင့် ဆပ်သာကျေးရွာအကြားမှာ ချင်းကာကွယ်ရေးပူပေါင်းတပ်ဖွဲ့တို့က ခြုံခို တိုက်ခိုက် ခဲ့ကြရာ စစ်ကောင်စီဘက်က ၁၁ ယောက်သေဆုံးခဲ့သည်ဟု ချင်းအမျိုးသားတပ်ဦး CNF/CNA ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီ ကပြောသည်။
“တိုက်ပွဲက ဒီနေ့ ၃ ကြိမ်ဖြစ်တယ်။ မွန်းလွဲပိုင်း ၁ နာရီမှတိုက်ပွဲဖြစ်တယ်၊ ၂ နာရီမှာပြန်ဖြစ်တယ် ၂ နာရီခွဲမှာ ထပ် ဖြစ်တယ်။ ဒီနေ့ ၃ နေရာမှာ ၃ ကြိမ်တိုက်ပွဲဖြစ်တယ်။ အဲဒီမှာ စစ်ကောင်စီဘက်က ၁၁ ယောက် သေဆုံး တယ်။ အဲဒီထက်လည်းများနိုင်တယ်” ဟု ဆလိုင်းထက်နီ က ပြောသည်။
တပ်မ ၇၇ သည် အင်အား ၂၀၀ ဝန်းကျင်ခန့်ဖြင့် ဧပြီလ ဒုတိယပတ်က မကွေးတိုင်း ဂန့်ဂေါမြို့ကတဆင့် ဟားခါး မြို့သို့ ခြေလျင်ဖြင့် ချီတက်လာခဲ့ကြပြီး ဟားခါးမြို့ကို ၃ ရက်ခန့်ဖြင့ ်ရောက်ရှိရန် စီစဉ်ထားကြသော်လည်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် လမ်းခရီးတစ်လျှောက်လုံးတွင် အထိနာခဲ့ရပြီး အကျအဆုံးနှင့် ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့သည်ဟု ဆလိုင်းထက်နီ က ဆက်ပြောသည်။
ဟားခါး-ဂန့်ဂေါကြားတွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့သည် ဧပြီလ ဒုတိယ ပတ် ခန့်ကစ၍ ယနေ့အချိန်ထိ တိုက်ပွဲဖြစ်ပွားနေသည်မှာ ရက်ပေါင်း ၂၀ ကျော်ရှိသွားပြီ ဖြစ်ကာ စစ်ကောင်စီ ဘက် က ကျဆုံးမှုအခြေအနေ အသေးစိတ်မသိရသော်လည်း တပ်မ ၇၇ တပ်ဖွဲ့သည် အင်အား ၅၀ ခန့်သာ ကျန်ရှိတော့ သည့်အနေအထားကို ထောက်ရှုခြင်းအားဖြင့် စစ်ကောင်စီတပ်ဖွဲ့များ အကျအဆုံးများခဲ့သည်မှာ သေချာသည်ဟု ဆလိုင်းထက်နီ က ပြောသည်။
CNF/CNA ပြောရေးဆိုခွင့်ရှိသူ က “သူတို့တက်လာတာက အင်အား ၂၀၀ ခန့်လောက်လို့သိရတယ်။ အခုလက် ကျန်ကတော့ ၅၀ လောက်ပဲ ကျန် မယ်လို့ တွက်ရတယ်။ အဲ့ဒီမှာ အကျအဆုံးရယ် ဒဏ်ရာရရယ်ပေါ့။ ဒီတခါ တော့ ဒဏ်ရာရက ပိုများမယ်လို့ ကျနော်တို့ တွက်တယ်။ ဘာလို့လဲဆိုတော့ ရဟတ်ယာဉ် ၃ စီးနဲ့ လာသယ် သွား တာရှိတယ်။ အကျအဆုံးကတော့ ၆၀ နဲ့ ၇၀ ကြားလောက်တော့ရှိ မယ်လို့ကျနော်တို့တွက်တယ်” ဟု ပြော သည်။
ဟားခါး-ဂန့်ဂေါကြား တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ လက်နက် ၁၅ လက်ကိုလည်း ချင်းကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ က သိမ်းဆည်းရမိခဲ့သည့်အပြင် မေလ ပထမပတ်ကလည်း စစ်ကောင်စီက ရဟတ်ယာဉ်ကနေ လေထီးဖြင့်ချပေးခဲ့သည့် ကျည်ဆံများကိုလည်း သိမ်းဆည်းရမိသည်ဟု ဆိုသည်။