ညောင်ပင်သာရွာရှိ ကလေးငယ်အပါအဝင် အရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ် အစုလိုက် မီးရှို့သတ်ဖြတ်

ညောင်ပင်သာရွာရှိ ကလေးငယ်အပါအဝင် အရပ်သား ၁၈ ဦးကို စစ်ကောင်စီတပ် အစုလိုက် မီးရှို့သတ်ဖြတ်

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ် (ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ နယ်) ထဲတွင် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်က ညောင်ပင်သာ ကျေးရွာမှဒေသခံများကို ဖမ်းဆီးပြီး အသက်မပြည့်သေးသည့် ကလေးငယ်များအပါအဝင် ၁၈ ဦးကို အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တပ်အင်အား အင်အား ၁၀၀ ကျော်ရှိ အဆိုပါစစ်ကောင်စီတပ်သည် ထိုဒေသထဲကို မေလ ၉ ရက်နေ့က စစ်ကြောင်းထိုးတက်လာကာ မေလ ၁၀ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်တွင် နယ်မြေခံ KNLA ပူးပေါင်းတပ်နှင့် ပစ်ခတ်မှုဖြစ်ပြီးနောက် ဒေသခံများကို လိုက်လံဖမ်းဆီးကာ ကလေး ၄ ဦးနှင့် အမျိုးသမီးများ အပါအဝင် ဒေသခံ ၁၈ ဦးကို ဖမ်းဆီးသတ်ဖြတ်မီးရှို့လိုက်ခြင်းဖြစ်သည်ဟု ဒေသခံ၏ ပြောဆိုချက်အရ သိရသည်။

ကျေးရွာတာဝန်ရှိသူက “တိုက်ပွဲမဖြစ်ခင်သူတို့က ရွာမှာရှိတဲ့သူတွေကို ဖမ်းဆီးထားပြီးသား။ ကျန်တဲ့ သူတွေက သူတို့က ကြံ့ခိုင်ရေးအဖွဲ့ စစ်တပ်ကိုထောက်ခံတဲ့အဖွဲ့ပဲ။ သူတို့ကို အဲ့လိုလုပ်မယ်လို့ သူတို့မထင်လို့ မထွက်ပြေး တာ။ တိုက်ပွဲဖြစ်ပြီးမှ သူတို့ဖမ်းထားတဲ့သူတွေကို မီးရှို့လိုက်တာ။ တစ်ချို့က သတ်၊ တချို့က ပြန်လွတ်တာ ရှိ တယ်။ ပြောရမယ်ဆိုရင် မုဒိမ်းကျင့်ပြီးမှ သတ်တယ်။ ဘာဖြစ်လဲဆိုရင် မိန်းကလေးတွေဆိုရင် မျက်နှာ အကုန် ဖုံးပြီးမှ သတ်လိုက်တာ ဓာတ်ပုံသက်သေတွေရှိတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

အသတ်ခံရသည့် အထဲတွင် အသက် ၅ နှစ်အရွယ် ကလေးငယ်မှစ၍ အသက် ၇၀ အထိ လူကြီးများပါဝင်ပြီး အသက် ၁၀ နှစ်အောက် ကလေးငယ် ၄ ဦး၊ ၁၀ ကျော်သက်အရွယ် ၂ ဦး၊ အမျိုးသမီး ၈ ဦးနှင့် အမျိုးသား ၄ ဦး တို့ပါဝင်သည်ဟု နယ်မြေခံ တာဝန်ရှိသူများ၏ ပြုစုထားသည့် မှတ်တမ်းအရ သိရသည်။

အဆိုပါ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်သည် ခြေမြန်တပ်ရင်း ခမရ-၄၈၊ ခမရ-၅၉၀ နှင့် တပ်မ-၄၄ လက်အောက်ခံတပ်များ ပါဝင်ကာ အခင်းဖြစ်သည့်နေရာတွင် စစ်ကောင်စီတပ်မှ အရက် ဘီယာသောက်ထား ခြင်းများ ရှိသည့်အပြင် ဒေသခံများ၏ အိမ်အလုံးရေ ၅၀ ခန့်ကိုလည်း ဝင်ရောက်မွှေ နှောက်ဖျက်ဆီးခဲ့ကြသည် ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ပြောသည်။

စစ်ကောင်စီတပ်သည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး တပ်တစ်ခုဖြစ်လာပြီဟု ပြော၍ရသလို အပြစ်မရှိသည့် ဒေသခံပြည်သူများကို သတ်ဖြတ်မှုများ မကြာခဏ လုပ်ဆောင်နေသည်ကိုတွေ့ရှိရပြီး ရက်စက်ယုတ်မာသည့် အကြမ်းဖက် လက်နက်ကိုင်အဖွဲ့တစ်ခုဟုဆို၍ ရကြောင်း မြန်မာပြည်အရှေ့တောင်ပိုင်းတွင် လူ့အခွင့်အရေးချိုး ဖောက်မှုများကို စောင့်ကြည့်နေသည့် ကရင်လူ့အခွင့်အရေးအဖွဲ့ (KHRG)မှ ပြောခွင့်ရသူ စောနန္ဒဆူးက ကေအိုင်စီသို့ ပြောသည်။

၎င်းက “စစ်ကောင်စီဟာ လူ့အခွင့်အရေးကို လေးစားလိုက်နာမှုလုံးဝမရှိတော့တဲ့ အဖွဲ့တစ်ဖွဲ့ဖြစ်တယ်။ ဘာမှ အပြစ်မရှိတဲ့ လူထုတွေကို ဒီလိုရက်ရက်စက်စက်သတ်ဖြတ်တာဟာ အရမ်းကို စိတ်မကောင်းစရာ ဖြစ်တယ်။ ကျူးလွန်နေတဲ့သူနဲ့ ခေါင်းဆောင်တွေကို မဖြစ်မနေ အရေးယူရမယ့် ကိစ္စတစ်ခုလို့ ပြောလို့ရတယ်။ အာဏာ သိမ်းပြီး နောက်ပိုင်းကစပြီး သူတို့က ပြည်သူလူထုကို ကာကွယ်ရမှာကို မကာကွယ်တော့ ပြန်အကြမ်းဖက်တာ တွေ့နေရတယ်” ဟု ပြောသည်။

မေလ ၉ ရက်နေ့ကတည်းက စတင်တက်လာသည့် အဆိုပါ စစ်ကောင်စီတပ်များသည် ဇရပ်ကြီးဘက်မှ တစ်ဖွဲ့၊ ကော့ပြင်ရွာဘက်မှ တစ်ဖွဲ့တက်လာခြင်းဖြစ်သည်ဟု ဒေသခံပြောဆိုချက်အရ သိရပြီး ညောင်ပင်သာကျေးရွာ တွင် ဒေသခံများကို မီးရှို့သတ်ဖြတ်ပြီးနောက် လက်ရှိအချိန်တွင် မုန်းမြို့နယ် ရေအိုးစင်ဘက်သို့ ဆက်လက် တက်သွားကာ မုန်းမြို့နယ်ထဲတွင် အင်အား ၃၀၀ ဝန်းကျင်ခန့် စစ်ကောင်စီ တပ်ရောက်ရှိသည်ဟု နယ်မြေခံ တော်လှန်ရေးတပ်ဖွဲ့များ၏ ပြောဆိုချက်အရ သိရသည်။

ယခု အစုလိုက်အပြုံလိုက် မီးရှို့သတ်ဖြတ်မှုဖြစ်စဉ် ဖြစ်ပွားသည့် ညောင်ပင်သာကျေးရွာသည် ကေအဲန်ယူ -ကရင် အမျိုးသားအစည်းအရုံး တပ်မဟာ ၃ နယ်မြေ၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း -၈ နယ်မြေထဲတွင် ရှိသည်။

Most read this week

November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...
November 14, 2024
ကရင်ပြည်နယ်၊ ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ လှိုင်းဘွဲမြို့ရှိ ရပ်ကွက်များတွင် စစ်ကောင်စီ၏...