PPST မှ နုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ စာတင်ထား

PPST မှ နုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ စာတင်ထား

တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသည့် အပစ်ရပ် တိုင်း ရင်းသားလက်နက်ကိုင် အဖွဲ့များဖြင့် ဖွဲ့စည်းထားသော ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ဝင် အဖြစ်မှ နုတ်ထွက်ရန် မွန်ပြည်သစ်ပါတီ (NMSP) စာတင်ထားသည်။

မွန်ပြည်သစ်ပါတီအနေဖြင့် နှုတ်ထွက်ရန် စာကို ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက စာတင်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ ကိစ္စ ကို လာမည့် အစည်းအဝေးတွင် ဆွေးနွေးသွားရန်ရှိသည်ဟု PPST အဖွဲ့ဝင် ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO) မှ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောသည်။

“နုတ်ထွက်စာ တင်ထားပြီးတော့ အားလုံးနဲ့ ဆွေးနွေးမယ်။ အဓိကကတော့ ဘယ်လိုမျိုး အကြောင်းကြောင့် ထွက်ရတယ် ဆိုတာလေးလည်း သိချင်တယ်။ ဒါကြောင့် ကျနော်တို့ လာမယ့် အစည်းအဝေးကြမှပဲ ဆုံးဖြတ် မယ်ပေါ့။ ဒါပေမယ့် PPST မှာ ပါဝင်တယ်ဆိုတာက တစ်ဖွဲ့ချင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကိုလည်း ကျနော်တို့က လေးစားတော့ သူ့အဖွဲ့နဲ့သူ ကိုယ်ပိုင်ဆုံးဖြတ်တာကိုတော့ ကျ‌နော်တို့က လေးစားလိုက်နာရမှာပေါ့။ သို့သော် လည်းပဲ အများနဲ့ ပူးပေါင်းဆောင်ရွက်နိုင်တဲ့ အခွင့်ကိုတော့ ရသလောက်တော့ ယူရမှာပေါ့ဗျာ” ဟု ၎င်းက ပြော သည်။

မွန်ပြည်သစ်ပါတီသည် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇူလိုင် ၇ ရက်နေ့က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။

ထို့နောက် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦး ဆောင်အဖွဲ့ (PPST) ယာယီခေါင်းဆောင်နေရာတွင် တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ကြီးယွက်စစ်က အနားယူသွားခဲ့ ပြီးနောက် မွန်ပြည်သစ်ပါတီ (NMSP) မှ ဒု-ဥက္ကဋ္ဌ နိုင်အောင်မင်းက ဆက်လက် တာဝန်ယူခဲ့သည်။

PPST အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်စာ တင်ထားခြင်းနှင့် ပတ်သက်၍ မွန်ပြည်သစ်ပါတီကို ဆက်သွယ်မေးမြန်းခဲ့ သော်လည်း လက်ခံဖြေကြားခြင်း မရှိသလို တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းလည်း မရှိသေးပေ။

မွန်ပြည်သစ်ပါတီ အနေဖြင့် PPST မှ အလုံးစုံနုတ်ထွက်ခြင်း မဟုတ်ကြောင်း၊ ပူးပေါင်းမှု အချို့ရှိနေမည် ဖြစ် ကြောင်းလည်း ဗိုလ်မှူးကြီးခွန်ဥက္ကာ က ဆက်ပြောသည်။

“နောက်ခံသမိုင်း ဘာကြောင့်လဲပဲ ကျနော်လည်း မသိဘူး။ သို့သော်လည်းပဲ လုံးလုံး နုတ်ထွက်သွားတာ‌တော့ မဟုတ်ဘူးပေါ့။ အပေါင်းလက္ခဏာလေးပေါ့၊ ကျနော်တို့ ဆီမှာ အပေါင်းလက္ခဏာ (၃) ဖွဲ့ရှိတယ်၊ PPST Plus (၃) လို့ ခေါ်တယ်၊ ၃ ဖွဲ့ကတော့ CNF ရယ်၊ KNU ရယ်၊ RCSS ရယ်၊ အဲဒီ ၃ ဖွဲ့ထဲမှာမှ RCSS က ပူးပေါင်း ဆောင်ရွက်မှု များတယ်ဗျ။ ပါဝင်သင့် ပါဝင်ထိုက်တဲ့ နေရာမှာ သူတို့ ပါတယ်။”

ဗိုလ်မှူးကြီးခွန်ဥက္ကာက “ဥပမာဆိုရင် ကျနော်တို့ရဲ့ နိုင်ငံခြားရေး ကော်မတီမှာ ပါတယ်ဗျာ။ နောက်ပြီးတော့ အာ ဆီယံ အထူးကိုယ်စားလှယ်ဖိတ်လို့ သွားသော်လည်းပဲ RCSS ကိုယ်စားလှယ် လိုက်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ရိက္ခာတွေ ဘာတွေ နိုင်ငံတကာပေးတာတွေပေါ့ အားလုံးကိုလည်းပဲ သူတို့က ရယူတယ်ဗျ။ ကျနော် တို့ အမှုဆောင်ထဲမှာ လုပ်ငန်းထဲမှာ တချို့ ထဲထဲဝင်ဝင် အစုမပါတာ တစ်ခုပါပဲ။ ဒါကြောင့် ပူးပေါင်းဆောင်ရွက် မှုကတော့ မြင့်ပါတယ်” ဟု ဆက်ပြောသည်။

PPST တွင် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS/SSA) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ရခိုင် ပြည်နယ် လွတ်မြောက်ရေးပါတီ (ALP)၊ ကရင်အမျိုးသား အစည်းအရုံး/ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော် (DKBA)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တပ်ဦး (ABSDF)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး (LDU) တို့ဖြင့် ပါဝင် ဖွဲ့စည်းထားသည်။

အဆိုပါ အဖွဲ့အစည်းမှ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက် RCSS၊ KNU နှင့် CNF တို့က အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ခဲ့ကြသည်။ မွန်ပြည်သစ်ပါတီ (NMS) သည် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် NCA စာချုပ်တွင် လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။

Photo - စစ်ကောင်စီနှင့် မွန်ပြည်သစ်ပါတီခေါင်းဆောင်းများ တွေ့ဆုံခဲ့ပုံ (၂၀၂၂ ခုနှစ် မေလ)

Most read this week

November 18, 2024
ထိုင်းဘတ်ဈေး သိသိသာသာကျဆင်းလာသော်လည်း သယ်ယူပို့ဆောင်ရေးလမ်းပိုင်းအတွင်း ပေးချေရသည့်...
November 18, 2024
မွန်ပြည်နယ်တွင် မွန်ဒေသခံတို့အစား စစ်ကောင်စီစစ်မှုထမ်းသင်တန်းကို အစားထိုးတက်ရောက်နေသည့်...
November 14, 2024
မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေအတွင်းရှိ အသက် ၅ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက်...
November 14, 2024
မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ် ကလွီကျေးရွာနှင့်ဒရယ်ကျေးရွာကြားတွင် ဆောက်လုပ်မည့် ကျောက်မီးသွေး...