ကော့ကရိတ်တောင်ပိုင်းရှိ ကျေးရွာများဘက်တွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်-BGF၊ တော် လှန်ရေး လက်နက်ကိုင်အဖွဲ့များ အကြား လတ်တလော မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှု ပျံ့နှံ့ မြင့် တက်လာနေသည်ဟု ဒေသခံများက ပြောသည်။
နှစ်ဖက်တိုက်ပွဲများ နေ့စဥ်နီးပါး ဖြစ်ပွားနေသော လက်နက်ကိုင်အဖွဲ့များ ရှိနေသည့် တောင်ကြာအင်း၊ ကြာအင်းဆိပ်ကြီးလမ်းပိုင်း၊ ရွာသစ်ကုန်း၊ အံဖ၊ မြို့ဟောင်းလမ်းပိုင်းနှင့် ကျုံဒိုးဒေသ ကျေးရွာများ ဘက်တွင် ရောင်းဝယ်သုံးစွဲမှု ပျံ့နှံ့မြင့်တက်လာနေသည်ဟု ဒေသခံများက ပြောသည်။
“မြင်းဆေးက ရွာတိုင်းမှာရနေတယ်။ လက်နက်ကိုင် အဖွဲ့တွေ အကုန်လုံး သုံးနေကြတယ်။ ရောင်းတဲ့ သူကလည်း ပုံစံမျိုးစုံနဲ့ ရောင်းနေကြတယ်။ အဖမ်းအဆီးမရှိဘူး။ စစ်တပ်ရော လက်နက်ကိုင်ရော၊ BGF ရောအစုံပဲ သုံးနေကြတာ။ မြို့ကလာတဲ့ စျေးကားနဲ့မှာယူလည်း လိုချင်တာဝယ်လို့ရတယ်” ဟု ပြောသည်။
စိတ်ကြွမူးယစ်ဆေးဝါး (မြင်းဆေး) ရောင်းဝယ်ဖြန့်ဖြူးသုံးစွဲမှုများ ပုံစံမျိုးစုံဖြင့် ရောင်းချနေသည့် ကိစ္စ မှာ ဒေသခံလူငယ်များ မူးယစ်ဆေးစွဲမည့် အခြေအနေများနှင့် ကြုံတွေ့နေကြရကြောင်း ဒေသခံ ရွာသားများက ပြောသည်။
ထိုသို့ မူးယစ်ဆေးဝါးများ ပျံ့နှံ့လာမှုကြောင့် ဒေသခံပြည်သူများ၊ စစ်ဘေးရှောင်များက ၎င်းတို့၏ သား သမီးများ မူးယစ်ဆေးသုံးစွဲမှု ရှိလာနိုင်သည့်အတွက် စိုးရိမ်နေကြသည်ဟု ၎င်းရွာသားက ဆက် ပြော သည်။
၎င်းက “ရွာက ကလေးတွေက စစ်ဘေးရှောင်နေရတဲ့အထဲ ကိုယ့်သားသမီးဆေး မစွဲဖို့ လိုက်ကြည့် နေ ရတာ အလုပ်တစ်ခုပိုလာတယ်။ တိုက်ပွဲတိုက်တာ တစ်ပိုင်း မြင်းဆေး ဖြန့်နေတာ တစ်ပိုင်းပဲ။ အခုက ရွာတွေဘက် အဲ့သလို ဖြစ်နေတာ ကိုယ့် ရွာသားလည်းမဟုတ်တော့ ရွာကလူကြီးလည်းမပြောရဲ ဘုန်း ကြီးလည်း မပြောနိုင်ဖြစ်နေတယ်” ဟု ပြောသည်။
ကော့ကရိတ် ဒေသ၊ မြဝတီ၊ ဝေါလေ ဒေသအတွင်း လှည့်လည်ရောင်းချသည့် စျေးရောင်းကား အချို့ မှာ မူးယစ်ဆေးများ သယ်ဆောင် ရောင်းဝယ်မှုများ လုပ်နေကြပြီး ဒီမိုကရေစီ အကျိုးပြု ကရင့် တပ်မ တော်-DKBA ထိန်းချုပ်ဒေသ၊ ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ လှုပ်ရှားရာ ဒေသကျေးရွာများ အထိပါ ရောင်းဝယ်သုံးစွဲနေမှုများ ရှိနေသည်ဟု စစ်ကောင်စီတပ်ဘက်မှ KNLA ပူးပေါင်းတပ်ဖွဲ့များဘက်သို့ CDM ပြုလုပ်ခိုလှုံလာသည့် ရဲဘော်များက ပြောသည်။
CDM ပြုလုပ် ခိုလှုံခဲ့သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ ၁၀၂ တပ်ရင်း မှ ရဲဘော်တစ်ဦးက “ကျနော်တို့ စစ်တပ်စစ်ကြောင်းမှာလည်း စစ်တပ်အရာရှိတွေ ရဲဘော်တွေဆေး သုံး ကြတယ်။ ဆေးက ရွာတွေလှည့်ရောင်းတဲ့ စျေးကားနဲ့မှာ လို့ရတယ်။ ရွာတွေက စျေးဆိုင်တချို့မှာ လည်း ရတယ်။ ကျနော် တို့ သိရသလောက်က တောထဲ အဖွဲ့တွေလည်း ဆေးသုံးကြတယ်။ အပစ်ရပ် လက်နက်ကိုင် အဖွဲ့တွေလည်း သုံးကြတယ်။ ပေါ်ပေါ်တင်တင်တော့မဟုတ်ပေမယ့် ပိုက်ဆံရှိရင် လွယ် လွယ်ကူကူ ဝယ်သုံးလို့ ရနေတာကြောင့် ကျနော်တို့လည်း ဝယ်သုံးဘူးခဲ့တယ်” ဟု ပြောသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ် သုံးစွဲနေမှုမှာ ဒေသ အတွင်း စစ်ကောင်စီ နှင့် KNLA ဦးဆောင်သည့် တော်လှန်ရေးပူး ပေါင်းတပ်များတိုက်ပွဲများ ဖြစ်ပွား နေ သော်လည်း ပိုမိုမြင့်တက်လာနေသလို လောင်းကစားလုပ်ငန်းများ၊ ခိုးမှု၊ ဖောက်ထွင်းမှု၊ ဒုစရိုက်မှုများ နေ့စဥ် ဖြစ်ပွားနှုန်း မြင့်တက်နေခြင်း ဖြစ်သည်။
လတ်တလော အခြေအနေများ အရ စစ်ကောင်စီတပ်၊ BGF တပ်များဘက်ရှိ အုပ်ချုပ်ရေး ဒေသများ အတွင်း ဖြစ်ပွားနေသည့် အမှုအခင်းများအား ဖမ်းဆီးနှိမ်နှင်းအရေးယူ ဆောင်ရွက်နိုင်ခြင်း မရှိတော့ဘဲ စစ်တပ်၊ စစ်ကောင်စီ အကြီးအကဲများ လုံခြုံရေး၊ မိမိတာဝန်ကျနေရာ လုံခြုံရေးကိုသာ အဓိကထား လုပ်ဆောင်နေကြရသည့် အခြေအနေများတွင် ရှိနေသည်ဟု စစ်ကောင်စီနှင့် နီးစပ်သူများက ပြော သည်။