စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ခံစားနေရသည့် သျှမ်း – ကယားနယ်စပ်u ဖယ်ခုံမြို့နယ် နှင့် ပင်လောင်း မြို့နယ်ရှိ စစ်ဘေးရှောင်များ အရေးပေါ် အကူညီလိုအပ်နေသည်ဟု စစ်ဘေးရှောင်များက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်း မှစတင်၍ ယနေ့အချိန်ထိ သျှမ်း – ကယားနယ်စပ်ဒေသရှိ ကျေးရွာများကို ပစ်မှတ် ထားကာ လေကြောင်းဖြင့် ပိုမို တိုက်ခိုက်လာမှုကြောင့် ဖယ်ခုံမြို့နယ်နှင့် ပင်လောင်းမြို့နယ်ရှိ ကျေးရွာ ၁၁ ရွာခန့် မှ လူဦးရေ ၁၀၀၀ ကျော်သည် တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်။
“အခု သူတို့ လေကြောင်း ပိုတိုက်ခိုက်လာတော့ လုံခြုံရေးအတွက် အရမ်းစိုးရိမ်ရတယ်။ တချို့နေအိမ်ထဲမှာ ဗုံး ကြဲခံရတော့ တောတောင်ထဲကို ထွက်ပြေးကြရတယ်။ တချို့က ကလေးငယ်တွေနဲ့ အဆင်မပြေဘူး။ တောထဲမှာ ဆို မြွေ၊ ကင်းမြီးကောက်တို့ကို ကြောက်ရတယ်လေ။ အခု သူတို့ လေယာဉ်ဗုံးကြဲလာတာကလည်း မနက် ၃ နာ ရီ၊ ၄ နာရီ အဲ့လိုမျိုး လာကြဲတော့ ပိုပြီးခက်ခဲတယ်“ ဟု ဖယ်ခုံ – ပင်လောင်းနယ်စပ်ရှိ စစ်ဘေးရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ ဖယ်ခုံ – ပင်လောင်းနယ်စပ်ဒေသတွင် စစ်ကောင်စီ နှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန် နေဆဲ ဖြစ်သလို စစ်ကောင်စီမှ လေကြောင်းဖြင့် နေ့စဉ်နီးပါး ပျံဝဲပြီး ဗုံးကြဲနေသောကြောင့် စစ်ဘေးရှောင်များ သည် ယနေ့ထက်ထိ နေရပ်မပြန်နိုင်သေးဘဲ တောတောင်များထဲ ထွက်ပြေးတိမ်းရှောင်နေဆဲ ဖြစ်သည်။
ဖယ်ခုံနှင့် ပင်လောင်း အစပ်နေရာတို့သည် တိုက်ပွဲပြင်းထန်သည့် နယ်မြေဒေသများ ဖြစ်သောကြောင့် တောတောင်အတွင်း ထွက်ပြေးတိမ်းရှောင်နေရသည့် စစ်ရှောင်များသည် အလှူရှင်ထံမှ ထောက်ပံ့မှုများလည်း မရရှိကြဘူးဟု ပြောသည်။
တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့် သျှမ်း – ကယားနယ်စပ်ဒေသတွင် စားနပ်ရိက္ခာ နှင့် ဆေးဝါး သယ်ယူခွင့် ကိုလည်း စစ်ကောင်စီ လက်အောက်ခံ စစ်ဆေးရေးဂိတ်များ၌ စစ်ဆေးမှု တင်းကြပ်လာခြင်းနှင့် အချို့နေရာ ဒေသများတွင် ဖုန်းလိုင်း ဖြတ်တောက်ခံထားရခြင်းတို့ကြောင့် စစ်ဘေးရှောင်များသည် ဖြတ်လေးဖြတ် လုပ်ခံ ထားရသလို ဖြစ်နေသည်ဟု စစ်ရှောင်များက ပြောသည်။
“အခု ကျမတို့ နေတဲ့နေရာမှာတော့ ဖြတ်လေးဖြတ် ဖြတ်ခံထားရသလို ခံစားနေရတယ်။ လမ်းကြောင်းတွေ အကုန်လုံး ပိတ်ထားတယ်။ အဲ့ကြောင့် အလှူရှင်တွေလည်း သိပ်မရှိဘူး။ အခု ကျမတို့ ကျေးရွာမှာ ဟင်းသီး၊ ဟင်းရွက်တွေက ပေါတယ်။ ဒါပေမယ့် ပြန်လို့ မရတဲ့ အခြေအနေတွေ ဖြစ်နေတယ်။ ဟင်းသီးဟင်းရွက် ရှိပေ မယ့် သွားခူးလို့ မရတဲ့ အနေအခြေကြောင့် အခု ကျွန်မတို့ စစ်ရှောင်တွေ ကုလားပဲနဲ့ နပန်းလုံး နေရတယ်“ ဟု ၎င်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ထပ်လောင်းပြောသည်။
ထို့အပြင် ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့တွင် ဖယ်ခုံမြို့နယ်ရှိ စစ်ဘေးရှောင်များ အားကိုးအသုံးပြုနေသည့် ဆောင်းဖွေးဆေးရုံ အဆောက်အအုံ စစ်ကောင်စီ တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် ဆေးကုသ မှုသည် လိုသလောက် ကုသမှုမရဘူးဟု ဆေးရုံမှ တာဝန်ခံ ဆရာမတစ်ဦးက ပြောသည်။
“လူတွေက တစ်ယောက်တစ်နေရာ ရောက်ကုန်တယ်။ တချို့ သွားဖို့ နေရာမရှိတော့ အဲ့နေရာမှာဘဲ ပြန်နေကြ တယ်။ ဆေးဝါးတွေကလည်း အခက်ခဲ ရှိနေတယ်။ လာလှူပေးမယ့် အလှူရှင်တွေလည်း မရှိဘူး။ ဆေးရုံ၊ ဆေး ခန်းလည်း ပျက်သွားတော့ အဲ့မှာ မနေရဲကြတော့ဘူး။ ပိုက်ဆံကလည်း မရှိတော့ ဒီအတိုင်း တတ်နိုင်သလောက် ဘဲ ကုပေးနေရတယ်“ ဟု တာဝန်ခံ ဆရာမက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သျှမ်း – ကယားနယ်စပ်ဒေသ တလျောက်ရှိ ပင်လောင်း၊ ဖယ်ခုံ နှင့် မိုးဗြဲ မြို့နယ်တွင် လက်နက်ကိုင် ခုခံမှုကို စစ်ကောင်စီတပ်ဖွဲ့မှ အပြင်းအထန် နှိမ်နင်းလာမှုကြောင့် ပြီးခဲ့သည့် ၂၆ လအတွင်း အရပ်သား ၄၅၂ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF က သတင်းထုတ်ပြန်ထားသည်။
အရပ်သားသေဆုံးမှု ဖြစ်စဉ်တွင် စစ်ကောင်စီမှ လက်နက်ကြီးနှင့် ပစ်ခတ်မှုအပြင် လေကြောင်းမှပါ တိုက်ခိုက် နေမှုတို့ကြောင့် ဖြစ်သည်ဟု PKPF က ထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုမှာ PKPF ၏ စာရင်းမှတ်တမ်းအရ ၂၀၂၁ ခုနှစ်တွင် ၂ ကြိမ်၊ ၂၀၂၂ ခုနှစ် တွင် ၁၈၂ ကြိမ် နှင့် ယခု ၂၀၂၃ ခုနှစ် ပထမ (၄) လအတွင်းမှာ လေကြောင်းတိုက်ခိုက်မှု ၁၇၉ ကြိမ် မြင့်တက်လာ သည်။