ချန်ပီယံ ပြေးလမ်းပေါ်ကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့အချစ်တော် ကချင်သားကြီး အောင်လအင်ဆန်

ချန်ပီယံ ပြေးလမ်းပေါ်ကို ပြန်လည်ရောက်ရှိလာတဲ့ မြန်မာ့အချစ်တော် ကချင်သားကြီး အောင်လအင်ဆန်

မြန်မာပရိသတ်ရဲ့ အချစ်တော် One Championship ရဲ့ MMA (ကိုယ်ခံပညာ သိုင်းပေါင်းစုံ) ဖိုက်တာကြီး အောင်လအင်ဆန် (Nsang Aung La) ကတော့ ချန်ပီယံပြေးလမ်းပေါ်ကို ထပ်မံရောက်ရှိခဲ့ပါပြီ။

အမေရိကန်မြေပေါ်မှာ ပထမဦးဆုံးအကြိမ်ကျင်းပတဲ့ One Championship၊ One Fight Night 10 ပွဲစဉ်ကြီးရဲ့  Middile Weight တန်း MMA ပွဲစဉ်မှာ အောင်လအင်ဆန်နဲ့ တရုတ်ဖိုက်တာ ဖန်ရောင်(Fan Rong) တို့ ထိုးသတ် ခဲ့ပြီး အောင်လအင်ဆန်က ဒုတိယအချီမှာ ချုပ်ကွက်နဲ့  အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်နဲ့ ပိုမို နီးစပ်သွားခဲ့ပြီ ဖြစ်ပါတယ်။

ပွဲစဉ်အပြီးမှာ အောင်လအင်ဆန်က အခွင့်အရေးပေးခဲ့ရင်  ချန်ပီယံစိန်ခေါ်ပွဲ ထိုးသတ်လိုကြောင်း  ပြောကြားခဲ့ ပြီး One Championship ဘက်က စီစဉ်ပေးခဲ့ရင်တော့ Middle Weight တန်းမှာဆိုရင် နယ်သာလန်ဖိုက်တာ ရိုင်နီ ယာဒီရစ်ဒါ (Reinier De Ridder) နဲ့ တတိယအကြိမ်ထိုးသတ်ရမှာ ဖြစ်ပါတယ်။

ပြီးတဲ့ ၂၀၂၀ ခုနှစ် အောက်တိုဘာ ၃၀ ရက်နေ့က Middle Weight ၊ ၂၀၂၁ ဧပြီလ ၂၈ ရက်နေ့က Light Heavy Weight  စတဲ့ ချန်ပီယံခါးပတ်နှစ်ခုကို ရိုင်နီယာဒီရစ်ဒါ (Reinier De Ridder) ဆီကို လွှဲပြောင်းပေးအပ်ခဲ့ရပြီး နောက် ပွဲ ၅ ကြိမ် ပြန်လည်ထိုးသတ်ခဲ့တာမှာ ၄ ပွဲတိတိကို အနိုင်ယူခဲ့တာပါ။

ရိုင်နီယာဒီရစ်ဒါ (Reiner Dridder) ကို ရှုံးနိမ့်ပြီး ချန်ပီယံခါးပတ် လက်လွှတ်လိုက်ရတဲ့နောက် ပထမဦးဆုံးကြိမ် အဖြစ် ဘရာဇီးဖိုက်တာ လီအန်ဒရို(Leandro Ataides) နဲ့ ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃၀ ရက်နေ့မှာ ထိုးသတ်ခဲ့ပြီး ပထမဦး အချီမှာပဲ အလဲထိုး အနိုင်ယူခဲ့ပါတယ်။

အဲဒီနောက်မှာ Middle Weight တန်းချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ်နိုင်မယ့် ပွဲတစ်ပွဲကို ချန်ပီယံဟောင်း ရှရှားဖိုက်တာ ဗစ်တာလီဗစ်ဒက်ရှ်(Vitaly Bigdash) နဲ့ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ တတိယအကြိမ် မကျေပွဲ ထိုးသတ်ခဲ့ပါတယ်။

၅ မိနစ် ၃ ချီထိုးရတဲ့ အဲဒီပွဲမှာ အောင်လအင်ဆန်က ဒိုင်အဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံခါးပတ်စိန်ခေါ်ခွင့်နဲ့ ဝေးကွာခဲ့ရပါတယ်။

အဲဒီနောက် အသက် ၃၇ နှစ်အရွယ်ရှိပြီဖြစ်တဲ့ One Championship ရဲ့ ပြယုဂ်ဖိုက်တာ ကချင်သားကြီးဟာ နိုင်ပွဲ တွေရယူပြီး နောက်ထပ်တစ်ကြိမ် ချန်ပီယံဂုဏ်ပုဒ်ကို ရယူပိုင်ဆိုင်နိုင်ဖို့အတွက် ကြိုးစားလာခဲ့ပါတယ်။

နိုင်လိုစိတ်ပျင်းပြလွန်းတဲ့ အောင်လအင်ဆန်ဟာ အပြင်းအထန်လေ့ကျင့်ကြိုးစားပြီး ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့က ဂျပန်ဖိုက်တာ ယူရှင်အိုကာမီ (Yushin Okami)၊ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့က ဘရာဇီးဖိုက် တာ ဂျီဘာတိုဂါဘောင်(Gilberto Galvao)၊ ၂၀၂၃ ခုနှစ် မေလ ၆ ရက်နေ့(ဒီကနေ့)မှာ  တရုတ်ဖိုက်တာ ဖန်ရောင် (Fan Rong) နဲ့ ထိုးသတ်ပြီး ဆက်တိုက် အနိုင်ရရှိခဲ့တာပါ။

အဲဒါကြောင့် နောက်ထပ်တစ်ကြိမ် ချန်ပီယံဖြစ်နိုင်ဖို့အတွက် ထပ်ပြီးနိုင်ပွဲရယူနိုင်ဖို့ အောင်လအင်ဆန်အနေနဲ့ အပြင်းအထန် ကြိုးစားရဦးမှာပါ။

မြန်မာနိုင်ငံအတွင်း နိုင်ငံရေးမတည်မငြိမ်ဖြစ်ပြီး လူထုစိတ်ပင်ပန်းမှုတွေ ရှိနေတဲ့အချိန်မှာ တစ်ခဏလေးဖြစ်ဖြစ် စိတ်ပျော်ရွှင်နိုင်ဖို့ အောင်လအင်ဆန်ရဲ့ နိုင်ပွဲတွေဟာ မြန်မာပြည်သူတွေအတွက် လိုအပ်လျက်ရှိနေတာ အသေ အချာပါ။

“မြန်မာပရိသတ်ကို ကျနော်အရမ်းချစ်တယ်။ အရမ်းလည်း ကျေးဇူးတင်တယ်။ အရင်နှစ်နှစ်က ကျနော်တို့ အတွက် အရမ်းခက်ခဲတယ်။ ကျနော်လည်း စိတ်အရမ်းကျတယ်။ ပြောချင်တာက အားလုံးစိတ်ကို တင်းတင်း ထားပါ။ ငြိမ်းချမ်းရေးက ကျနော်တို့အတွက် အရေးကြီးဆုံးပဲ” လို့ အောင်လအင်ဆန်က ဂျီဘာတိုဂါဘောင် (Gilberto Galvao)ကို အနိုင်ရတဲ့ ပွဲအပြီးမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် အခုဖန်ရောင်နဲ့ ထိုးသတ်ခဲ့တဲ့ ပွဲအပြီးမှာလည်း မြန်မာပြည်အတွက် ဆုတောင်းပေးဖို့လည်း ပြောကြား သွားခဲ့ပါသေးတယ်။

မြန်မာပြည်သူတွေဟာ အောင်လအင်ဆန်ပွဲဆိုရင် လူကြီးလူငယ်မရွေး တစ်နိုင်ငံလုံး တစ်ခဲနက်အားပေးကြတာ ဖြစ်ပြီး နိုင်ငံခြားပွဲတွေမှာ ထိုးသတ်ရင်တောင် ကွင်းလုံးပြည့် အမိုးပွင့်မတက်အားပေးနေတာကြောင့် MMA အသိုင်းအဝိုင်းက ချီးကျူးဂုဏ်ယူနေပြီး တစ်ချို့ဖိုက်တာတွေ ဆိုရင် မြန်မာပရိသတ်တွေဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံးလို့တောင် သတ်မှတ်ပေးကြပါတယ်။

အောင်လအင်ဆန်ရဲ့ ကြေးရုပ်ထုကို မြစ်ကြီးနားမြို့ရဲ့ မနောကွင်းကြီးထဲမှာ စိုက်ထူဂုဏ်ပြုထားတာတွေ၊  ဂုဏ် ပြုသီချင်း ရေးသားစပ်ဆိုတာတွေနဲ့ ထိုးပွဲတစ်ကြိမ်ပြီးတိုင်း လူမှုကွန်ရက်ပေါ်မှာ အောင်လသတင်းက နေရာယူ ထားတာတွေကြည့်ရင် မြန်မာပရိသတ်တွေရဲ့  အားပေးထောက်ခံမှု အတိုင်းအတာကို အထင်းသားတွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။

ဘရာဇီးဖိုက်တာ ဂျီဘာတိုဂါဘောင်(Gilberto Galvao) နဲ့ ဘန်ကောက်မှာ ထိုးသတ်ခဲ့တဲ့ပွဲမှာဆိုရင် “အမဲလိုက် အက” သီချင်းနဲ့ အောင်လအင်ဆန် ပွဲထွက်လာတဲ့အချိန် တစ်ကွင်းလုံး အောင်လနာမည်ကို အော်ဟစ်အားပေးခဲ့ တာကြောင့် တစ်ကမ္ဘာလုံးက MMA ပရိတ်သတ်တွေ အံ့အားသင့်ခဲ့ရပါတယ်။

UFC နဲ့ One Championship ရဲ့ ပြယုဂ် ဖိုက်တာဖြစ်တဲ့ Demetrious Johnson(DJ)ကတောင် “အောင်လပွဲဆိုရင် တကယ်အံ့ဩမိပါတယ်။ ပရိသတ်ဝန်းရံတာက ကွင်းအတွင်းက ပွဲအနေအထားထက်တောင် ပိုပြီး အံ့ဩဖို့ ကောင်းပါတယ်” လို့ သတင်းစာရှင်းလင်းပွဲမှာ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

အောင်လအင်ဆန်ဟာ အာရှဖွား ဝိတ်တန်းကြီး ဖိုက်တာတစ်ဦးဖြစ်ပြီး ကစားသမားဘဝတစ်လျှောက် ၄၃ ပွဲ (ယခုပွဲ မပါဝင်ပါ) ကစားခဲ့ပြီးတော့ ၂၉ ပွဲနိုင် ၁၃ ပွဲရှုံးနိမ့်ထားသူ ဖြစ်ပါတယ်။

သူဟာ ၂၀၁၇ ခုနှစ် ဇွန်လ ၃၀ ရက်နေ့က ရန်ကုန်မြို့၊ သုဝဏ္ဏကွင်းမှာ ဗစ်တာလီဗစ်ဒက်ရှ်(Vitaly Bigdash) ကို ဒိုင်အဆုံးအဖြတ်နဲ့ အနိုင်ယူပြီး ပထမဦးဆုံးအကြိမ် One Championship Middle Weight World Champion ခါးပတ်ကို ဆွတ်ခူးရရှိခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က ဘရာဇီးဖိုက်တာ အလက်ဇန်းဒါး မာချာဒို (Alexandre Machado) ကို အနိုင်ယူပြီး One Light Heavy Weight World Champion ခါးပတ်ကို ရယူနိုင်ခဲ့လို့  နှစ်ထပ်ကွမ်း ချန်ပီယံခါးပတ် ကိုင်မြှောက်နိုင်သူ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် ချန်ပီယံကာကွယ်ပွဲတွေ ထိုးသတ်ရင်း ရိုင်နီယာဒီရစ်ဒါ(Reinier De Ridder) နဲ့အတွေ့မှာ ခါးပတ် နှစ်ခု စလုံး စွန့်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။

အခု ဖန်ရောင် (Fan Rong) ကို အနိုင်ရရှိခဲ့တဲ့ပွဲကြောင့် ဆုံးရှုံးထားတဲ့ Middle Weight ချန်ပီယံခါးပတ်ကို ပြန်လည် စိန်ခေါ်ပြီး ထိုးသတ်သွားရမလား ဆိုတာစောင့်ကြည့်ရမှာ ဖြစ်ပြီးတော့ ရိုင်နီယာဒီရစ်ဒါ(Reinier De Ridder) နဲ့ တတိယမြောက်မကျေပွဲမှာ ရှုံးကြွေးဆပ်နိုင်မလားဆိုတာလည်း ရင်ခုန်စွာစောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Most read this week

November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...
November 13, 2024
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နောင်းချိန်းကျေးရွာအုပ်စုအတွင်းမှာရှိတဲ့ စစ်ရှောင်ကလေးအယောက်...
November 12, 2024
ရွှေ့ပြောင်းခိုလှုံနေကြတဲ့ မြန်မာနိုင်ငံသားတွေကို စစ်အုပ်စုလက်ထဲ လွှဲအပ်တာမျိုး မပြုလုပ်ဘဲ...