ထိုင်းနိုင်ငံ၌ သန်းနှင့်ချီ လာရောက်အလုပ်လုပ်နေကြသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ပကန်စံခွန်း (ခေါ်) လူမှုဖူလုံရေးကြေး လစဉ်ပေးသွင်းခဲ့သော်လည်း ကိုဗစ်ကာလအတွင်း တစ်ဦးလျှင် ဘတ် ၃ ထောင် ထောက်ပံ့ ကြေး မရခဲ့သည့်အတွက် ထိုင်းအလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီး ဆူချာ့တ်ချွန်းကလင်နှင့် အလုပ် သမား အမြဲတမ်းအတွင်းဝန် တို့ကို တရားစွဲဆိုလိုက်သည်။
မေလ ၂ ရက်နေ့က ဘန်ကောက်မြို့ရှိ ထိုင်းနိုင်ငံ၏ အမြင့်ဆုံး အုပ်ချုပ်ရေး တရားရုံးတွင် မြန်မာ၊ လာအို၊ ကမ္ဘော ဒီးယားနိုင်ငံများမှ သန်းနှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများ ကိုယ်စား အလုပ်သမား ကိုယ်စားလှယ်များက တရားစွဲဆိုလိုက်ခြင်း ဖြစ်သည်ဟု ပချာထိုင်းသတင်းဌာနတွင် ဖော်ပြထားသည်။
တရားရုံးကလည်း တရားစွဲမှုကို လက်ခံခဲ့ကြောင်း သတင်းတွင် ဖော်ပြသည်။
ထိုင်းအလုပ်သမား ဥပဒေ ပုဒ်မ ၃၃ ၌ ပကန်စံခွန်း (ခေါ်) လူမှုဖူလုံရေးကြေး လစဉ်သွင်းထားသူတိုင်းကို ၂၀၂၁ ခုနှစ်မှစပြီး ကိုဗစ်ကာလအတွင်း ထောက်ပံ့ကြေးအနေဖြင့် တစ်လ ဘတ် ၃ထောင် ထောက်ပံ့ရမည်ဟု ပါရှိ သည်။
အဆိုပါ ထောက်ပံ့ကြေးကို ထိုင်းနိုင်ငံသား အလုပ်သမားများကိုသာ ပေးခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများကို မပေးခဲ့သည့်အတွက် ယခုကဲ့သို့ တရားစွဲလိုက်ခြင်း ဖြစ်သည်။
ရွှေ့ပြောင်းအလုပ်သမားအရေး လှုပ်ရှားနေသည့်အဖွဲ့ ၄ဖွဲ့၊ လူ့အခွင့်အရေးလှုပ်ရှားနေသည့် ထိုင်းရှေ့နေ များအဖွဲ့၊ ထိုင်းအလုပ်သမားအဖွဲ့၊ မြန်မာအလုပ်သမားအဖွဲ့၊ ကမ္ဘောဒီယား အလုပ်သမားအဖွဲ့များမှ ကိုယ်စားလှယ်များက တရားလိုလုပ်ပြီး တရားစွဲလိုက်ခြင်းဖြစ်သည်ဟု မြန်မာအလုပ်သမား ကိုယ်စားလှယ်အဖွဲ့က မနန်းသန္တာထွန်းက နိရဉ္စရာ သတင်းဌာနကို ပြောသည်။
“ကိုဗစ်ကာလတုန်းကဆိုရင် သူတို့ကထိုင်းအလုပ်သမားတွေကိုပဲ ထောက်ပံ့ကြေးပေးတယ်၊ ကျွန်မတို့ကလည်း စာ အကြိမ်ကြိမ်တင်ပြီး တောင်းဆိုတယ်။ သူတို့က ပြန်ပြောတာက အခု ထောက်ပံ့ကြေးက ပကန်စံခွန်း (လူမှုဖူ လုံရေး) ကနေ ပေးတာမဟုတ်ဘူးပေါ့၊ ဘဏ်ကနေ အတိုးနဲ့ငွေချေးပြီး ထိုင်းအလုပ်သမားတွေကို ပေးတာပါလို့ ငြင်းဆိုတယ်။ ဒါဆို ပုဒ်မ ၃၃ မှာ အတိအလင်းကြီး ဖော်ပြထားတာကို ဘာလို့ ရွှေ့ပြောင်းအလုပ်သမားတွေ အတွက် မပါရတာလဲပေါ့။”
ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ရွှေ့ပြောင်းအလုပ်သမား သန်းနှင့်ချီပြီး ပကန်စံခွန်း (လူမှုဖူလုံရေး) ပေးသွင်းရ သည့် ကော်မတီဖွဲ့ရာ၌ ရွှေ့ပြောင်းလုပ်သားများအတွက် ကိုယ်စားလှယ် ပါဝင်ခွင့်မရဖြစ်နေသည်ကိုလည်း တရားစွဲရသည့် အထဲတွင် ထည့်သွင်းထားသည်ဟု ပြောသည်။
ထိုင်းနိုင်ငံထဲ၌ တရားဥပဒေနှင့်အညီ အလုပ်လုပ်နေကြသူတိုင်းသည် အလုပ်ရှင်နှင့် အလုပ်သမားများက လစဉ် လူမှုဖူလုံရေးကြေး ပေးသွင်းကြရပြီး ပြဌာန်းထားသည့် ထိုင်းအလုပ်သမား ဥပဒေအရ အလုပ်သမား များတန်း တူ အကျိုးခံစားခွင့်ရှိကြောင်း ဥပဒေ၌ ဖော်ပြထားသည်။
ထိုင်းအလုပ်သမားဝန်ကြီးဌာနသည် ရွှေ့ပြောင်းအလုပ်သမားများကို ခွဲခြားဆက်ဆံခြင်းတော့ မဖြစ်သင့် ကြောင်း မြန်မာရွှေ့ပြောင်း အလုပ်သမားအရေး ဆောင်ရွက်ပေးနေသည့် ကိုစောမောင် က ပြောသည်။
‘’ကိုဗစ်ကာလတုန်းက အလုပ်သမားတွေ ခက်ခက်ခဲခဲ ရင်ဆိုင်ကြုံခဲ့ရတယ်။ ပကန်စံခွန် (လူမှုဖူလုံ) ကြေးပေး သွင်းတဲ့ အလုပ်သမားတွေမှာ ရွှေ့ပြောင်းအလုပ်သမားတွေက ခွဲခြားဆက်ဆံခံနေရတာ မဖြစ်သင့်ဘူးလေ။ အလုပ်သမားဆိုတဲ့ ခေါင်းစဉ်အောက်မှာ တန်းတူပဲ ဖြစ်သင့်တာပေါ့။ ရွှေ့ပြောင်း အလုပ်သမားတွေဆိုတာ သူများနိုင်ငံထဲ နေထိုင်စားသောက်ဖို့ ခက်ခက်ခဲခဲနေရချိန်မှာ ခုလိုခွဲခြားဆက်ဆံခံရတော့ ပိုဆိုးတာပေါ့။”
အဆိုပါဖြစ်စဉ်နှင့် ပတ်စက်၍ ဥပဒေပိုင်းဆိုင်ရာ အခြေအနေများကို ထိုင်းရှေ့နေများထံ မေးမြန်းရန် အတွက် ဆက်သွယ်ခဲ့သော်လည် အဆက်အသွယ် ရရှိခဲ့ခြင်း မရှိပေ။
ထိုင်းနိုင်ငံထဲ၌ မြန်မာအပါအဝင် လာအို၊ ကမ္ဘောဒီးယား စသည့် နိုင်ငံများမှ ရွှေ့ပြောင်း အလုပ်သမားဦးရေ သန်းနှင့်ချီ လာရောက် အလုပ်လုပ်ကိုင်ကြရာ မြန်မာရွှေ့ပြောင်း အလုပ်သမားဦးရေ တစ်သန်းကျော် အထိ ရှိနိုင်ကြောင်း အလုပ်သမားအခွင့်အရေး ကူညီဆောင်ရွက်ပေးနေသူများက ခန့်မှန်းပြောကြသည်။