မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်၊ သုံးခွကျေးရွာအုပ်စု ဝါးဒတ်ကွင်းရွာသို့ မေလ (၃) ရက်နေ့ က သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ကျည်ကျရောက်ပေါက်ကွဲ၍ ကလေးငယ် ၂ ဦး အပါအဝင် ဒေသခံ ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
ထိုနေ့ ညနေက စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ (၂၀၇)မှ အနီးအနားပတ်ဝန်းကျင်တွင် တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီး (၁၀) လုံးကျော် သိမ်ဇရပ်အနီးရှိ ကျေးရွာများဘက်သို့ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်ခဲ့သည်ဟု ကေအဲန်ယူသတင်းအရင်းအမြစ် က ပြောသည်။
စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးသည် ဝါးဒတ်ကွင်းကျေးရွာနေ ဦးရာဇာထွန်းအမည်ရှိ ဒေသခံ တစ်ဦး၏ နေအိမ်သို့ ကျရောက်ပေါက်ကွဲသဖြင့် ဦးရာဇာထွန်းနှင့် ၎င်း၏မိသားစုဝင်များ ဖြစ်သော အသက် (၁၁) နှစ် နှင့် (၃) နှစ်အရွယ် ကလေးငယ် (၂)ဦး၊ အသက် (၃၁) နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ၏ သထုံခရိုင်အတွင်းရေးမှူး ပဒိုစောအေးနိုင်က ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်တာမရှိဘဲနဲ့ အဲဒီနေ့ညနေ(၄)နာရီလောက်က စစ်တပ်ကပစ်တဲ့ ၈၁ မမ လက်နက်ကြီး ကျည် တစ်လုံး ဦးရာဇာထွန်း အိမ်ခေါင်မိုးပေါ်ကျတာ သူတို့မိသားစု (၄) ယောက်ထိတယ်။ လူကြီးနှစ်ယောက်ကတော့ ခေါင်း၊ ရင်ဘတ်နဲ့ဝမ်းဗိုက် ဒဏ်ရာရတယ်။ ကလေးတွေက တစ်ယောက်က ညာခြေထောက် ဒဏ်ရာနဲ့ တစ်ယောက်ကတော့ ကျောပြင် ပြတ်ရှဒဏ်ရာရပါတယ်” ဟု ကေအိုင်စီ သို့ပြောသည်။
ထို့နောက် မိသားစုဝင် (၄) ဦးလုံးအား မော်လမြိုင် ပြည်သူ့ဆေးရုံကြီးသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်လိုက်ရ သည်ဟု ပဒိုစောအေးနိုင်က ဆက်ပြောသည်။
အဆိုပါ လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုဖြစ်စဥ်နှင့် နောက်ဆက်တွဲ အခြေအနေများအား ကေအိုင်စီ-ကရင် သတင်းဌာနက အတည်ပြုတင်ပြနိုင်ရန် သက်ဆိုင်ရာနယ်မြေခံများသို့ ဆက်သွယ်မေးမြန်း နေဆဲဖြစ်သည်။
အလားတူ ပြီးခဲ့သည့် ဧပြီလ (၂၆) ရက်နေ့ကလည်း သိမ်ဇရပ်အခြေစိုက် စစ်ကောင်စီတပ်စခန်းမှ ပစ်ခတ် လိုက် သော လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် သုံးခွကျေးရွာအတွင်း သတင်းသုံးနေထိုင်သော ဘုန်း ကြီးတစ်ပါး ဦးခေါင်း ကျည်စထိမှန် ဒဏ်ရာရရှိခဲ့သေးသည်။
ယခု ၂၀၂၃ ခုနှစ်အတွင်း စစ်ကောင်စီသည် ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း မြေ ပြင်မှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ ကျေးရွာများတွင် တပ်စွဲနေထိုင်၍ အရပ်သားပြည်သူများ ရှိရာဒေသများ သို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပိုမိုလုပ်ဆောင်လာသောကြောင့် ဒေသခံ အများအပြား စစ်ဘေး တိမ်း ရှောင်ခဲ့ရသလို သထုံခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေ ၁ သိန်း ၂သောင်းကျော် ရှိလာပြီဟု ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် KPSN က ဖေဖော်ဝါရီလ (၂၇) ရက်နေ့တွင် ထုတ်ပြန်ထားသည်။