သံတောင်မြို့ပေါ်သို့ လက်နက်ကြီး မပစ်ခတ်ရန် ဘာသာပေါင်းစုံကော်မတီက စစ်တပ်နှင့်ညှိနှိုင်းထား သော်လည်း ပစ်ခတ်ခံနေရဆဲ

သံတောင်မြို့ပေါ်သို့ လက်နက်ကြီး မပစ်ခတ်ရန် ဘာသာပေါင်းစုံကော်မတီက စစ်တပ်နှင့်ညှိနှိုင်းထား သော်လည်း ပစ်ခတ်ခံနေရဆဲ

ကရင်ပြည်နယ်၊ သံတောင်မြို့ တွင် လက်နက်ကြီးများ ပစ်ခတ်ခြင်းမပြုလုပ်ရန် သံတောင်မြို့ပေါ် ဘာသာ ပေါင်းစုံကော်မတီက ပြီးခဲ့သည့် မတ်လအတွင်း စစ်ကောင်စီနှင့်ညှိနှိုင်းမှုများ ပြုလုပ်ခဲ့သော်လည်း ယနေ့ အချိန်ထိ ပစ်ခတ်ခံနေရဆဲ ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ(၂၇)ရက်နေ့က စစ်ကောင်စီနှင့်ဒေသခံကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားပြီး နောက် စစ်ကောင်စီမှသံတောင်မြို့တွင်းသို့ လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့၍ ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရပြီးနောက် လုံခြုံစွာနေရပ်ပြန်နေနိုင်ရန် မတ်လအတွင်း ဘာသာပေါင်းစုံ ကော်မတီ က စစ်ကောင်စီနှင့် တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့သော်လည်း ယခုလို ပစ်ခတ်ခံနေရဆဲဖြစ်သည်ဟု ဒေသခံ တစ်ဦးက ယခုလို ပြောသည်။

“ပြန်လာနေလို့ရတယ်ဆိုပြီး စာထုတ်သေးတယ်။ လဝက ဦးစီးမှူးဟောင်းတစ်ယောက်ရဲ့ ဖေ့ဘွတ်ခ်အကောင့် မှာတင်ထားတာ အခုပြန်ဖျက်သွားပြီ။ ပြန်နေလို့ရတယ်ဆိုလို့ တော်တော်များများပြန်နေကြတာ၊ စစ်တပ် ကတော့ ပြန်လာနေတဲ့အထဲ PDF တွေပါတယ်ဆိုပြီး လျှောက်ပြောတာ။ မြို့ထဲမှာPDFတွေမရှိပါဘူး။ လက်နက်ကြီးကြောင့် ဒေးမူလောရွာကအိမ်နှစ်လုံးခေါင်မိုးပြိုသွားတယ်။ ရာဘာခြံထဲလည်းကျတယ်။” ဟု ကေအိုင်စီသို့ ပြောသည် စစ်ကောင်စီ နှင့် ညှိနှိုင်း ဆွေးနွေးမှုအပြီး ဘုရားကျောင်းတက်ဝတ်ပြုချိန် အသိပေးကြေညာမှုများပြုလုပ်၍ ကော်မတီက ဦးဆောင်ကာ မြို့တွင်းပြန်နေလိုသူများအား ကားများပါစီစဥ်ပေးခဲ့ပြီး နေရပ်ပြန်လာသူ သုံးပုံ တစ်ပုံခန့် ရှိလာချိန် စစ်ကောင်စီက နေရပ်ပြန်လာသူများတွင် PDF များပါဝင်သည်ဟု အကြောင်းပြကာ လက်နက်ကြီးများ ပစ်ခတ်ခဲ့ပြီး ဧပြီလ ၂၅ရက်နေ့ ပစ်ခတ်မှုကြောင့် ဒေမူးလောရပ်ကွက်နေဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်နှစ်လုံးလည်း ထိခိုက်ပျက်ဆီးခဲ့သည်ဟု ၎င်းဒေသခံကဆက်ပြောသည်။

ထိုသို့ စစ်ကောင်စီ နှင့် ညှိနှိုင်းမှု ပြုလုပ်ရာတွင် သံတောင်မြို့ရှိ ခရစ်ယာန်ဘုရားကျောင်း ကိုးကျောင်းမှ ဆရာတော်များ၊ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်းနှစ်ကျောင်းမှ သံဃာတော်များ နှင့် ဂေါပကလူကြီးများ ပါဝင်ပြီး နယ်မြေခံ စစ်ကောင်စီနှင့်တွေ့ဆုံ ဆွေးနွေးညှိနှိုင်းခဲ့စဉ် စစ်ကောင်စီက မြို့တွင်းသို့ ကျည်မကျ ရောက်စေရဘူးဟု အာမခံ ပြောဆိုခဲ့ကြောင်း ကော်မတီဝင် တစ်ဦးက ယခုလို ပြောသည်။

၎င်းက “စစ်တပ်က သူတို့ကိုလာရောက်ပစ်ခတ်မှုသာမရှိရင် ကျနော်တို့မြို့ပေါ်ကို ကျည်တစ်တောင့် မှ မကျစေရဘူးလို့တော့ပြောခဲ့တာပေါ့လေ။ ဒါပေမဲ့ တိုက်ပွဲမဖြစ်ဘဲ ဘာလို့အခုလိုပစ်လဲတော့မသိဘူး။ နားလည်ပေးလို့ရတာက သူတို့မှာလည်း သတင်းပေးရှိတဲ့အတွက် သတင်းပေးတွေက ပေးလိုက်လို့ပဲ သံသယရှိတဲ့နေရာကို ပစ်တာလားဆိုတာ စဥ်းစားစရာပေါ့။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကောင်မတီအနေဖြင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် ဒေသခံများကို ထွက်ပြေးတိမ်းရှောင်ရစဉ် အဆင်မပြေမှုများရှိနိုင်၍ မိမိတို့သဘောဆန္ဒအရ ပြန်လာနေနိုင်ရန် ထိုသို့စီစဥ်ပြုလုပ်ခဲ့ခြင်းသာဖြစ်ပြီး အတင်းအကြပ် နေရပ်ပြန်လာခိုင်းခြင်းမဟုတ်ကြောင်းလည်း အဆိုပါကော်မတီဝင်က ဆက်ပြောသည်။

“လူတိုင်းကတော့ ကိုယ့်မြို့ကိုယ့်ရွာမှာပဲ ပျော်တဲ့သူများတာပေါ့။ ကျနော်တို့က အတင်းကြီးတော့ ပြန်နေခိုင်း တာမဟုတ်ပါဘူး။ ပြန်လာနေရင် လုံခြုံမှုအတွက် တာဝန်ယူသလားဆိုပြီး တချို့ကမေးတယ်။ ကိုယ့်လုံခြုံ ရေးက ကိုယ့်ဘာသာကိုယ်ပဲယူကြရမှာပါ။ ဆန္ဒရှိရင်ပြန်လာကြလို့ပဲပြောတာပါ။ အခုလိုဖြစ်လာမယ်လို့ မထင်ဘူး။ ဖြစ်လည်းမဖြစ်စေချင်ဘူး။ ဖြစ်လာတော့လည်း ကိုယ့်ပြည်သူတွေအတွက် စိတ်မကောင်းဘူး။” ဟု ၎င်းကော်မတီဝင်က ဖြည့်စွက်ပြောသည်။

လက်ရှိ သံတောင်မြို့ပတ်ဝန်းကျင်တွင် စစ်ကောင်စီမှ လက်နက်ကြီးပစ်ခတ်မှုများ ငြိမ်သက်နေသော်လည်း (၇)မိုင်ရှိ စစ်ကောင်စီတပ်စခန်းတွင် ဖြတ်သန်းသွားလာသော ကလေး၊လူကြီးမကျန် စစ်ဆေးမှုများ လုပ် ဆောင်နေပြီး အထူးသဖြင့် အမျိုးသားများအား အစစ်အဆေးပိုမိုတင်းကြပ်ထားကြောင်း ဒေသခံများက ပြောသည်။

Most read this week

November 19, 2024
ကရင်ပြည်နယ်၊ ဖားအံမှ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့သို့ သွားသော...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 18, 2024
ဖားအံမြို့ အိမ်၊ ခြံ၊ မြေဈေးကွက်တွင် ယခုလပိုင်းအတွင်း ဈေးမြင့်သိန်းထောင်ချီ မြေကွက်များ ဆက်တိုက်...
November 14, 2024
ကရင်အမျိုးသားအစည်းအရုံး-KNU၊ ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေ၊ ဝင်းရေးမြို့နယ်ရှိ အနန်းကွင်း...