နယ်မြေမတည်ငြိမ်သေး၍ ရေတာရှည်စစ်ဘေးရှောင်အများစု နေရပ်မပြန်နိုင်သေး

နယ်မြေမတည်ငြိမ်သေး၍ ရေတာရှည်စစ်ဘေးရှောင်အများစု နေရပ်မပြန်နိုင်သေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်တကြောတွင် စစ်ကောင်စီနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေ၍ နေရပ်စွန့်ခွာထွက်ပြေးရသော စစ်ဘေးရှောင်များ နယ်မြေတည်ငြိမ်မှုမရှိသေး၍ ယခုအချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။

ပြီးခဲ့သည့် ဧပြီလ(၁)ရက်မှစတင်ကာ (၇)ရက်နေ့အထိ ဖြစ်ပွားခဲ့သည့် အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ လေကြောင်းအသုံးပြု၍ ပစ်ခတ်တိုက်ခိုက်ခြင်းများရှိခဲ့သလို လက်နက်ကြီး ပစ်ခတ်မှုများကြောင့် အနီးအနားကျေးရွာများရှိ ဒေသခံများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်ခဲ့ရပြီး အများစုမှာ ယနေ့အထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း ကာကွယ်ရေးတပ်များနှင့်နီးစပ်သူတစ်ဦးက ပြောသည်။

၎င်းက “စစ်ကောင်စီဘက်က တင့်ကားနဲ့ပါပစ်တာ။ (၅)ရက်နေ့ကဆို ရဟတ်ယာဥ်ပါသုံးပြီး လေကြောင်းပစ်ကူတယ်။ ဒီနေရာက နေပြည်တော်နဲ့နီးပြီး ခြိမ်းခြောက်နိုင်တဲ့နေရာဆိုတော့ အသေ ဖိနေတာ။ ဒေသခံတွေပြေးနေရတာ‌ တော်တော်လေးများတယ်။ ပြန်နေသူပြန်နေတယ်ဆိုပေမယ့် အများစုကတော့ထွက်ပြေးနေရတုန်းပဲ။” ဟု ကေအိုင်စီသို့ပြောသည်။

ထို့အပြင် ယမန်နေ့ (ဧပြီလ ၉ရက်နေ့) အထိ တိုက်ပွဲဆက်လက်ဖြစ်ပွားခြင်းမရှိသော်လည်း ဒေသခံ စစ်ဘေးရှောင်အများစုမှာ နေရပ်ပြန်နေထိုင်ရန် စိုးရိမ်ထိတ်လန့်နေဆဲဖြစ်ကြောင်း မြေပြင်သတင်း အရင်းအမြစ်များမှ သိရသည်။

အဆိုပါ စစ်ဘေးရှောင်ပြည်သူများသည် နီးစပ်ရာမြို့ပေါ်သို့တိမ်းရှောင်ထွက်ပြေးနေရပြီး  မြို့ပေါ် ဘုန်းကြီးကျောင်းများ၊ အသိမိတ်ဆွေအိမ်များတွင် ခိုလှုံနေထိုင်နေကြရကြောင်း ဆွာမြို့ခံတစ်ဦးက ယခုလိုပြောသည်။

အဆိုပါမြိုခံက “တိုက်ပွဲဖြစ်တော့ အများစုကမြို့ပေါ်ပြေးလာကြတယ်။ တချို့ဆိုလည်း အသိအိမ် နောက်ဖေးတွေမှာ တင်းကုပ်ဆောက်နေကြတယ်။ ရေတာရှည်၊ ဆွာ၊ သာဂရ စစ်တောင်းမြစ်အရှေ့ ဘက်ကမ်းတစ်ကြောလုံးပါ။ တချို့အိမ်တွေလည်း လက်နက်ကြီးထိတယ်။ လူနည်းစုက ရွာတွေမှာ ငြိမ်နေပြီဆိုပြီးပြန်နေကြတာတော့ရှိတယ်။ လယ်သမားတွေဆိုလည်း အိမ်ပြန်ပြီးစိတ်ဓာတ်တွေကျ၊ စပါးတွေမှည့်နေတုန်း ပြေးလာရတာ ကျွဲတွေ၊ နွားတွေက စားပစ်တော့ ရိတ်သိမ်းစရာမရှိတော့ဘူးလေ။”ဟု ၎င်းက ပြောသည်။

အလားတူ ပြီးခဲ့သည့် မတ်လ(၁၇)ရက်နေ့ကလည်း ရေတာရှည်မြို့နယ်၊ ဆွာရွာမနှင့် ရွာသစ်ကျေးရွာသို့ စစ်ကောင်စီတပ်များ စစ်ကြောင်းထိုးဝင်ရောက်လာသဖြင့် နယ်မြေခံ ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး ဆွာမြို့အခြေစိုက်စစ်ကောင်စီတပ်စခန်းမှ လက်နက်ကြီးပစ်ကူတိုက်ခိုက်ခဲ့သောကြောင့် အနီးအနားကျေးရွာများရှိဒေသခံများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

ထို့အပြင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကေအဲန်ယူ တပ်မဟာ(၂)ထိန်းချူပ်နယ်မြေဖြစ်သော တောင်ငူခရိုင်တွင် စစ်ဘေးတိမ်းရှောင်ရသော ဒေသခံပြည်သူဦးရေမှာ သုံးသောင်းကျော်ရှိနေပြီး ၂၀၂၂ခုနှစ်၊ ဩဂုတ်လအထိ စာရင်းပြုစုချက်နှင့်နှိုင်းယှဥ်ပါက ပိုမိုများပြားလာသော စစ်ဘေးရှောင်ဦး ရေစာရင်းတွင် တောင်ငူခရိုင်သည်လည်းအပါအဝင်ဖြစ်ကြောင်း အရပ်ဖက်အဖွဲ့ အစည်းတစ်ခု ဖြစ်သည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN) ၏ ဖေဖော်ဝါရီလ(၂၇)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...