ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသသာစည်နှင့် မလောက်ချောင်းကျေးရွာကြားတွင် ပြီးခဲ့သည့် ဧပြီလ(၁)ရက်နေ့က ဖြစ်ပွားခဲ့သော တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ တပ်ကြပ် အဆင့်ရှိသူ (၂)ဦးအပါအဝင် စုစုပေါင်း(၁၃)ဦး သေဆုံးခဲ့ကြောင်း သံတောင်မြောက်ပိုင်း(အထူးဒေသ) ကာကွယ်ရေးတပ်ဖွဲ့ -NTDF က ယနေ့ ထုတ်ပြန်ကြေညာသည်။
ဗောဓိကုန်းကျေးရွာသို့ စစ်ကောင်စီ၏ ရေနီလေ့ကျင့်ရေးတပ်(၅)တပ်၊ နေပြည်တော် တပ်ပေါင်းစုနှင့် တပ်မ (၄၄)မှ အင်အား(၁၅၀)ခန့်ရှိသော စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်၍ ၎င်းရွာမှဒေ သခံ (၃၀)ကျော်အား ဖမ်းဆီးကာ ကာကွယ်ရေး တပ်များသို့ ခြိမ်းခြောက်မှုများပြုလုပ်ခဲ့ရာမှ အစပြုကာ တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကြောင်း NTDF ၏ အဆိုအရ သိရသည်။
စစ်ကောင်စီသည် ဖမ်းဆီးထားသော ထိုဒေသခံများအား လွှတ်ပေးကာ ဗောဓိကုန်းရွာမှ ဆက်လက်ထွက်ခွာ လာစဥ်သာစည်နှင့်မလောက်ချောင်းကြားတွင် ကာကွယ်ရေးတပ်များ၏ ခြုံခိုတိုက်ခိုက်မှုကိုခံခဲ့ရပြီး (၄၅) မိနစ်ကြာဖြစ်ပွားခဲ့သော အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ တပ်ကြပ်(၂)ဦးအပါအဝင် သေဆုံးသူ (၁၃)ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိခဲ့ကြောင်း NTDF ၏ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မုတ်ဆိတ်က ကေအိုင်စီသို့ ယခုလို ပြောသည်။
၎င်းက “တိုက်ပွဲဖြစ်တော့ သူတို့တွေကစဥ့်ကလျားနဲ့ထွက်ပြေးရတယ်။ ကျနော်တို့သတင်းရသလောက်တော့ စစ်ကောင်စီဘက်က ထိခိုက်ဒဏ်ရာရနဲ့ကျဆုံး စုစုပေါင်းက အနည်းဆုံး အယောက် (၃၀)လောက်ရှိမယ်လို့ ခန့်မှန်းတယ်။ သူတို့ဘက်က တပ်တွင်းသတင်းအရ ကြားသိရတာပါ။”ဟု ပြောသည်။
၎င်းအပြင် တိုက်ပွဲမဖြစ်ခင် အဆိုပါကျေးရွာများသို့ ကာကွယ်ရေးတပ်ဖွဲ့များအနေဖြင့် ကြိုတင်အသိပေးထားပြီးဖြစ်သောကြောင့် ဒေသခံများက ကြိုတင်ရှောင်ရှား ထားနိုင်ပြီး ထိခိုက် ဒဏ်ရာရရှိသူမရှိကြောင်းလည်း NTDF ၏ ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။
ထိုသို့ စစ်ကောင်စီမှ စစ်ကြောင်းထိုးဝင်ရောက်ခဲ့သော ဗောဓိကုန်းရွာသည် လိပ်သိုလမ်းမကြီးနံဘေးတွင် တည်ရှိပြီး ရုတ်တရက်ဆင်လာသော ထိုးစစ်ကြောင့် ဒေသခံများအနေဖြင့် ကြိုတင်ရှောင်ရှားချိန်မရလိုက်ဘဲ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လ(၂၈)ရက်နေ့တွင် သံတောင်ကြီးမြို့နယ်၊ သံမိုးတောင်ကျေးရွာသို့ စစ်ကောင်စီဘက်က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေရသလို မတ်လ(၃၁)ရက်နေ့တွင်လည်း ဒေသခံကာကွယ်ရေး တပ်များနှင့်စစ်ကောင်စီတပ်တို့ ၎င်းကျေးရွာတွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ကျေးရွာအတွင်းရှိ နေအိမ်(၄)လုံးအား စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့သေးကြောင်း ဒေသတွင်းမီဒီယာများတွင် ဖော်ပြထားသည်။
Photo -NTDF