ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ သပြေညွှန့်ကျေးရွာတွင် စစ်ကောင်စီကပစ်ခတ်လိုက်သော လက်နက်ကြီးကျည်စထိမှန်၍ လူငယ်တစ်ဦးသေဆုံးခဲ့ပြီးတစ်ဦးမှာ မိုင်းနင်းမိ၍ ထိခိုက်ဒဏ်ရာပြင်း ထန်စွာရရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
သပြေညွှန့်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်က ပြီးခဲ့သည့် မတ်လ ၂၉ ရက်နေ့တွင် ကျေးရွာထဲသို့ လက်နက်ကြီးရမ်းသမ်းပစ်ခတ်စဥ် အသက်(၁၅)နှစ်အရွယ်လူငယ်မှာ ကျည်စထိမှန်၍ သေဆုံးခဲ့သလို ယမန်နေ့ မတ်လ(၃၀)ရက်နေ့တွင် အသက်(၁၃)နှစ်အရွယ်ရှိ ဒေသခံတစ်ဦးလည်း ရွာအပြင်တွင် ထောင်ထားသောမိုင်းနင်းမိ၍ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အဲ့နေ့ညနေပိုင်းက တိုက်ပွဲမရှိဘူး။ မရှိတာကို စစ်တပ်ကရွာထဲကို လက်နက်ကြီးနဲ့ပစ်လို့ ထိသွား တာ။ အသက်(၁၅)နှစ်လောက်ရှိမယ်၊ ယောကျ်ားလေးပါ။ ဖြစ်တော့ဆေးခန်းပို့တာမှာ လမ်းမှာ အသက်မမီတော့ဘဲ ဆုံးသွားတယ်။ နောက်တစ်ယောက်ကတော့ ရွာအပြင်မှာထောင်ထားတဲ့မိုင်းကို နင်းမိတာ ခြေထောက်ပြတ်ထွက်သွားတယ် ဒဏ်ရာတော်တော်လေးပြင်းထန်တယ်၊ အခြေအနေမကောင်းဘူး။” ဟု ၎င်းက ကေအိုင်စီသို့ပြောသည်။
အဆိုပါ ဖြစ်စဥ်မတိုင်ခင် မတ်လ(၂၇)ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသား လွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ သပြေညွှန့်ကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ သေဆုံးခြင်းများရှိခဲ့ရာ ထိုနေ့မှစ၍ အနီးအနားရှိ ကျေးရွာများသို့ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း အခြား ဒေသခံတစ်ဦးကလည်း ပြောသည်။
၎င်းက “(၂၇)ရက်နေ့က စစ်ကောင်စီနဲ့ကာကွယ်ရေးတပ်တွေ တိုက်ပွဲဖြစ်တော့ စစ်တပ်ဘက်က (၃)ယောက်ကျတယ် ကြားတာပဲ။ ပြီးတော့ လက်နက်ကြီးရွာထဲကျတော့ ရွာထဲက ကလေး တစ်ယောက်ဆုံးတယ်။ တချို့အိမ်တွေနဲ့ဆိုင်ခန်းတွေပေါ်လည်း လက်နက်ကြီးကျလို့ ပျက်စီးတာရှိတယ်။” ဟု ပြောသည်။
ထိုသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ကျေးရွာများအတွင်း ပစ်ခတ်နေသည့်အတွက် ကျေးရွာနေ ဒေသခံအများစုမှာ ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်နေကြသည်ဟု သိရသည်။
ထို့အတူ ပြီးခဲ့သည့်ဖေဖော်ဝါရီလတွင်လည်း သပြေညွှန့်ကျေးရွာနေ အမျိုးသမီးတစ်ဦး တောအတွင်း ထင်းသွားခုတ်စဥ် မိုင်းနင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်ထွက်ကာ ထိခိုက် ဒဏ်ရာပြင်း ထန်စွာရရှိခဲ့သေးကြောင်း လူမှုကူညီကယ်ဆယ်ရေး လုပ်ကိုင်သူဒေသခံများက ပြောသည်။
ကေအဲန်ယူ၏ ပြုစုထားသော မှတ်တမ်းများအရ စစ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်မှစ၍ ၂၀၂၂ ခုနှစ်ကုန်အထိ ၎င်းတို့ထိန်းချုပ်နယ်မြေများအတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲဖြစ်စဉ်တွင် အရပ်သား (၁၉၂)ဦး သေဆုံးခဲ့ရပြီး (၄၈၅)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ပြည်သူသုံးသိန်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဖော်ပြထားသည်။