ကျိုက်ထို စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

ကျိုက်ထို စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ် ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်ကျေးရွာ၊ မုပ္ပလင်လမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေး ဂိတ်စခန်းကို ယမန်နေ့ မတ်လ(၂၉)ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့ကြောင်း ပအိုဝ်းပြည်သူ့ ကာကွယ် ရေးတပ်−(ခမ်း ဒေါမ်)(PPDF-KD)က ယနေ့သတင်းထုတ်ပြန်ထားသည်။

အဆိုပါစစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်စခန်းတွင် တပ်အင်အားတိုးချဲ့မှုများနှင့် ပြည်သူများကို ဖိနှိပ်မှုများပြုလုပ်လျက်ရှိနေသောကြောင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၁) ၊ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF)၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)၊ ပအိုဝ်းပြည်သူ့ကာကွယ် ရေးတပ်−(ခမ်းဒေါမ်) PPDF-KD ပူးပေါင်းတပ်ဖွဲ့များက ဒရုန်းဖြင့် သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်−(ခမ်းဒေါမ်)၏ ရဲဘော်တစ်ဦးက ယခုလိုပြောသည်။

“အဲ့ဒီစကစဂိတ်က ပြည်သူတွေကို ဖိနှိပ်မှုတွေလုပ်ပါတယ်။ နောက်ပြီးတော့ အဲ့ဒီနေ့မှာ တပ် အင်အားလည်းတိုး ချထားတယ်လို့ သတင်းရလို့ပါ။ ကျနော်တို့ဒရုန်းနဲ့ချတော့ ပွဲချင်းပြီး ၂ ဦးနဲ့ နောက်ထပ် ၄ ဦးသေတယ်လို့ သတင်းရ ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့နောက် မုပ္ပလင်ကျေးရွာလမ်းဆုံရှိ စစ်ကောင်စီတပ်၏ စစ်ဆင်ရေးဂိတ်စခန်းကို တိုက်ခိုက်ပြီး တစ်ပြိုင်နက် နေ့လည် ၃ နာရီခွဲအချိန်တွင်လည်း အင်္ဂဘိုကျေးရွာ၊ လက်ပံပင်သင်္ချိုင်းအနီးရှိ စစ်ကောင်စီ တပ်ဂိတ်စခန်းတစ်ခုကို ဒရုန်းဖြင့် ထပ်မံတိုက်ခိုက်ခဲ့သည်ဟု PPDF-KD၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုသို့ တပ်ဂိတ်စခန်းနှင့်စစ်ဆေးရေးဂိတ်နှစ်ခုသည် ဒရုန်းဖြင့် ဗုံးသီးကြဲချခံရမှုကြောင့် စစ်ကောင်စီ ဘက်မှဝင်းကလော စသည့်နေရာများမှ အနီးအနားကျေးရွာများထဲသို့ လက်နက်ကြီးဖြင့် ပြန်လည် ပစ်ခတ်မှုများလုပ်ဆောင်ခဲ့ကြောင်းလည်း ပအိုဝ်းပြည်သူ့ကာကွယ် ရေးတပ်−(ခမ်း ဒေါမ်)ရဲဘော်က ဆက်ပြောသည်။

သူက “တိုက်ခိုက်မှုပြီးတော့ ညနေပိုင်းမှာ သူတို့ဘက်က အနီးအနားကျေးရွာထဲကို လက်နက်ကြီး တွေနဲ့ပစ်တာရှိပါတယ်။ ဝင်းကလော၊ ကင်းမွန်ချောင်း၊ လက်ပံပင်ဘက်က ပစ်တာပါ။ ထိခိုက်မှုတွေကတော့ စုံစမ်းနေဆဲပါ”ဟု ၎င်းက ပြောသည်။

ထို့အတူ ကျိုက်ထိုအခြေစိုက် ခြေလျင်တပ်ရင်း (ခလရ-၂)၊ ခြေမြန်တပ်ရင်း(ခမရ-၂)၊ အမြောက် တပ်ရင်း(အမတ-၆၀၂)နှင့်(အမတ-၃၁၀)တပ်ရင်းများသည် KNU တပ်မဟာ (၁) နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်အတွင်းသို့ မကြာခဏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဇီးပြောင်းကျေးနယ် ၊ ဝင်းကံ ကျေးနယ်၊ ပျဥ်းကတိုးကုန်းကျေးနယ်၊ ကျောက်ဖျာကျေးနယ်၊ အလူးကျေးနယ်၊ ငှက်ပျောတောကျေးနယ် နှင့် ဝင်းကလောကျေးနယ်များတွင် ကျရောက်ပေါက်ကွဲမှုများရှိပြီး အရပ်သားထိခိုက်သေဆုံးမှုများနှင့် လုပ်ကိုင်စားသောက်ရန် ခက်ခဲမှုများရှိလာကြောင်း KNU ဒူးသထူခရိုင်၏ မတ်လ ၂၂ ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။

၎င်းတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးမှုများကို တော်လှန်ရေးအင်အားစုဘက်က လူမှုစာမျက်နှာများပေါ်တွင် အသီးသီးထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်ဘက်မှ တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိသေးကြောင်း တွေ့ရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...