ဂေါင် - ရေးသည်
တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရေး အခင်းအကျင်းကို အမြဲစောင့်ကြည့်ပြီး ယခင်ကတည်းက ကြားဝင်ဖျန်ဖြေမှုများ ရှိခဲ့သည်။ ယခုလည်း မြန်မာ့နိုင်ငံရေး အကျပ်အတည်းများကို စောင့်ကြည့်ရာကနေ အာဏာသိမ်းပြီး ၂ နှစ်ကျော်အကြာတွင် တရုတ်က ကြားဝင်လာမှုများကို ထင်ရှားစွာမြင်ရသည်။
၂၀၂၃ ခု နှစ်ဆန်းပိုင်းတွင် တရုတ်က မြန်မာ့အရေးတွင်လုပ်ဆောင်ချက်များကို ပြည်သူများအကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်။ တရုတ်သည် စစ်ကောင်စီအပါအဝင် အင်အားကြီးမြောက်ပိုင်း EAOs အဖွဲ့များထံ ကူးလူးသွားလာခဲ့ပြီး မြန်မာအရေးကို အာရုံစိုက် ဆွေးနွေးခဲ့သည်။
“တရုတ်ရဲ့ ဆော်သြနဲ့ သူတို့(FPNCC) ဆွေးနွေးပြီးတော့ သဘောထားထုတ်ပြန်တာကို ကျနော်တို့ ကောက်ချက်ချကြည့်လိုက်တဲ့အခါမှာ တရုတ်ပြည်က ကြားဝင်ပြီးတော့ ကူညီဆောင်ရွက်ပေးတဲ့ဟာကိုလည်း လက်ခံတယ်လို့ သူတို့ကဆိုလိုတာ”ဟု မြန်မာ့နိုင်ငံရေးအကဲခတ် ဦးရဲထွန်းထွန်းက သုံးသပ်သည်။
မြောက်ပိုင်းမဟာမိတ်အဖွဲ့ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးမှုညှိနှိုင်းကော်မတီ - FPNCC အဖွဲ့ဝင်များသည် “ဝ”ဌာနချုပ် ပန်ဆန်းမြို့တွင် လုပ်ငန်းအစည်းအဝေးကို မတ်လ ၁၅ ရက်နေ့မှ ၁၆ ရက်နေ့အထိ နှစ်ရက်တာပြုလုပ်ခဲ့ပြီးနောက် အချက် ၇ ချက်ပါသည့် ကြေညာချက်တစောင်ကို ထုတ်ပြန်ခဲ့သည်။
ထိုအထဲတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသော ပြည်တွင်းပဋိပက္ခများ ပြေလည်ချုပ်ငြိမ်းသွားရေးအတွက် တရုတ်နိုင်ငံ၏ ကြားဝင်ဆောင်ရွက်မှုအပေါ် ကြိုဆိုထောက်ခံကြောင်း ပါရှိသည်။
ပြည်တွင်းရေးနှင့်ပတ်သက်၍ နယ်စပ်ဒေသရှိ တိုင်းရင်းသားလူမျိုးများအနေဖြင့် ဗမာပြည်မနှင့် အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတရပ်ကို တည်ထောင်မည်ဟု FPNCC က ဆိုသည်။
သို့သော် အကောင်အထည်ဖော်ရန် ဘိတ်ဆုံးတွင် မိမိတို့ လူနည်းစုတိုင်းရင်းသားများ၏ အင်အားနှင့် အစွမ်းအစများကိုသာ အားကိုးရမည်ဖြစ်ကြောင်း ဖော်ပြသည်။
ဖေဖော်ဝါရီလက မြန်မာနိုင်ငံဆိုင်ရာ တရုတ်အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း (Deng Xijun)သည် တရုတ်နယ်စပ်ရှိ မြောက်ပိုင်းမဟာမိတ်အဖွဲ့များနှင့် တွေ့ဆုံပြီးနောက် FPNCC အစည်းအဝေးခေါ်ယူဆွေးနွေးကာ ထိုသို့ထုတ်ပြန်လာခြင်းဖြစ်သည်။
မစ္စတာ တိန့်ရှီကျွန်းသည် ၂၀၂၂ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်၌ တွေ့ဆုံခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ငြိမ်းချမ်းရေးကိစ္စ လုပ်ငန်းစဉ်အတွက် တရုတ်က ကူညီဆောင်ရွက်ပေးမည့်အကြောင်းကို ဆွေးနွေခဲ့ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။
မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများနှင့် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုတိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များလည်းပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် တွေ့ရသည်။
“နောက်ဆုံး FPNCC ရဲ့ သဘောထား ထွက်လာတာက အဲဒီရှေ့ပိုင်းက တရုတ်သံအမတ်က ဟိုဖက်သွားတွေ့လိုက်၊ ဒီဖက်(စစ်ကောင်စီ)သွားတွေ့လိုက်လုပ်နေတာက ကြားထဲက သဘောထားတွေကို ဟိုဖက်၊ဒီဖက် အပြန်အလှန် ကြားခံချိတ်ဆက်ပေးတဲ့ ရလာဒ်လို့ပြောရမှာ”ဟု ဦးရဲထွန်းက သုံးသပ်သည်။
တရုတ်က စစ်ကောင်စီအပါtဝင် အင်အားကြီး EAOs များနှင့် တွေ့ဆုံဆွေးနွေးမှုများကိုကြည့်လျှင် မြန်မာ့အရေးတွင် တရုတ်ဩဇာညောင်းမှုမှာ ပေါ်လွင်လှသည်။
FPNCC အဖွဲ့တွင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော်(UWSA)၊ မြန်မာနိုင်ငံ အမှန်တရားနှင့်မျှတမှုအတွက် အမျိုးသားပါတီ(MNTJP)၊ အမျိုးသားဒီမိုကရေစီသွေးစည်းညီညွတ်ရေး တပ်မတော် မိုင်းလား (NDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ ကချင်ပြည်လွတ်မြောက်ရေးတပ်မတော် (KIA)နှင့် ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး(TNLA)၊ ရက္ခိုင့်တပ်တော်(AA)တို့ ပါဝင်သည်။
FPNCC ကို ၂၀၁၇ ခုနှစ် ဧပြီလ ၁၉ ရက်နေ့တွင် “ဝ”ပြည် ပန်ဆန်းတွင် ဖွဲ့စည်းခဲ့ပြီး မဟာမိတ်တို့အကြား ခိုင်မာသောဆက်ဆံရေးတို့ ရှိနေကြသည်။ ထို့အတူ မြန်မာ့နိုင်ငံရေးဆွေးနွေးရာတွင် ပကတိအခြေအနေနှင့် ကိုက်ညီသည့် လမ်းကြောင်းဖြင့် ဆွေးနွေးရန်နှင့် တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA)တွင် လက်မှတ်ရေးထိုးထားခြင်း မရှိဘဲ အခြားနိုင်ငံရေးနည်းလမ်းဖြင့်ဆွေးနွေးရန် သဘောတူထားသည်။
FPNCC အဖွဲ့များ၏ နိုင်ငံရေးရပ်တည်ချက်နှင့် မူဝါဒများထဲတွင် မိမိကံကြမ္မာကို အခြားလူမျိုး အုပ်စုတစ်ခုက ဆုံးဖြတ်ပေးခြင်းကို လုံးဝလက်မခံဘဲ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့် အပြည်အဝဖြင့် ပြည်ထောင်စုအရေးအရာတို့ကို ခေတ်နှင့်လျော်ညီစွာ ပူးပေါင်းတည်ဆောက်သွားရန် ရည်မှန်းထားသည်။
အခြားတဖက်တွင်လည်း ယင်းခုနှစ်ဖွဲ့ထဲတွင် UWSA၊ NDAA၊ SSPP တို့သည် စစ်ကောင်စီနှင့် လက်ရှိတွင် ငြိမ်းချမ်းရေးဆွေးနွေးမှုများ ရှိနေသည့်အတွက် အခြားကျန်နေသေးသည့် FPNCC အဖွဲ့ဝင်များကိုလည်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ပါဝင်လာမလားဆိုသည့် ထင်မြင်ချက်များ ရှိနေကြသည်။
ယခု စစ်ကောင်စီနှင့်ဆွေးနေသည့် “ဝ”အဖွဲ့၊ မိုင်းလားအဖွဲ့တို့မှာ သီးခြားကိုယ်ပိုင်ပြည်နယ် ရရှိရေးနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးကို တောင်းဆိုနေသည်ကို မြင်ရသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက “တကယ်လို့ အခုကိစ္စကတော့ တရုတ်ရဲ့ဖိအားပေါ်မှာ အားလုံး အဆင်ပြေအောင် တန်ပြန်မှုပေးတာပါ။ တကယ်တမ်းမှာကျတော့ ဒီလမ်းက ဒီလောက်တည်းနဲ့ဘဲ ရပ်သွားမယ်။ လက်တွေ့ကျကျ အကောင်အထည်ဖော်ဖို့ တော်တော်ခဲယမ်းမယ်”ဟု ရှုမြင်သည်။
မြန်မာ့ငြိမ်းချမ်းရေးနှင့် တရုတ်၏ အခန်းကဏ္ဍ
တရုတ်သည် မြန်မာနိုင်ငံတွင်ဖြစ်နေသည့် လက်နက်ကိုင်ပဋိပက္ခများတွင် အမြဲတမ်းလိုလို ကြားခံဆောင်ရွက်ပေးမှုများ ယခင်ကတည်းက ရှိခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အတည်ပြုပြီးနောက်ပိုင်း ရွေးကောက်ပွဲများနှင့်အတူ ပေါ်ပေါက်လာသည့် ဦးသိန်းစိန်၊ NLD အစိုးရလက်ထက်တို့တွင်လည်း EAOs များနှင့် မြန်မာအစိုးရကို ငြိမ်းချမ်းရေးဆွေးနွေးကြရန် တောက်လျှောက် တိုက်တွန်းမှုများ ရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် NLD လက်ထက်တွင်လည်း တရုတ်သည် နှစ်နိုင်ငံဆက်ဆံရေး ဦးစားပေး ဆက်ဆံခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင်လည်း အားပေးခဲ့သည်။ အလားတူ ၂၀၁၈ ခုနှစ် နိုဝင်ဘာလတွင် မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များအတွက် ငြိမ်းချမ်းရေးပူးတွဲစောင့်ကြည့်ရေးကော်မတီ- JMC ကို တရုတ်က အမေရိကန်ဒေါ်လာ ၃ သိန်း ထောက်ပံ့ပေးခဲ့သည်။
လက်ရှိတွင်လည်း စစ်ကောင်စီနှင့် မြောက်ပိုင်းအဖွဲ့တို့သည် တရုတ်၏ သြဇာမကင်းသဖြင့် တရုတ်က ဖြစ်သင့်သည်ဟု အကြံပြုချက်များကို နှစ်ဘက်စလုံး ငြင်းဆိုခြင်းမျိုး မတွေ့ရပေ။
“ဘာပဲဖြစ်ဖြစ် တရုတ်ကနေပြီးတော့ ဒီလိုဖြစ်စေချင်တယ်။ ဒီလိုလုပ်တာ ကောင်းမယ်ထင်တယ်လို့ အကြံပေးရင်တော့ ကလန်ကဆန်ငြင်းတာ မရှိဘူး။ ရလာဒ်ကောင်းတွေ ရတာ၊ မရတာတော့ တစ်ပိုင်းပေါ့။ အသေးစိတ်နေပြီးတော့ တရုတ်က ဝင်ရောက်စွက်ဖက်တာ၊ အမိန့်ပေးတာမျိုးတော့ မလုပ်ပါဘူးပေါ့”ဟု ဦးရဲထွန်းက ဆိုသည်။
မဟာမိတ်အဖွဲ့ဝင် လက်နက်ကိုင်အဖွဲ့ အများစုသည် တရုတ်နိုင်ငံနှင့် နယ်နိမိတ် ထိစပ်ဒေသများတွင် အခြေစိုက်ကြပြီး လက်နက်နှင့် အခြားသောကုန်ပစ္စည်းများ ဝယ်ယူရရှိရေး ခေါင်းဆောင်များ၏ တစ်ဦးချင်း လုံခြုံရေးဆိုင်ရာကိစ္စများကို တရုတ်က မသိမသာ ကာကွယ်ပေးထားကြောင်း ပြောဆိုနေကြသည်။
တခြားရှုထောင့်တစ်ခုအရ မြန်မာနိုင်ငံအရေးတွင် အနောက်နိုင်ငံများနှင့် အမေရိကန်၊ ယူကေတို့က NUG အစိုးရကို သံတမန်ရေးအရ ထောက်ခံမှုများနေသည်။ ယင်းဖြစ်ရပ်အပေါ် တရုတ်ဘက်က စိုးရိမ်မှုများ ရှိကောင်းရှိခြင်းကို မြင်ရသည်။
အလားတူ စစ်ကောင်စီအနေဖြင့် တရုတ်၊ ရုရှားတို့ကို အသားပေးဆက်ဆံရေးရှိနေပြီး စစ်ကော်စီကို ဖိအားပေးနေသည့် အမေရိကန်ကို တုံ့ပြန်ဖို့ တရုတ်၊ ရုရှားတို့ဖြင့် ဆက်ဆံဖို့လိုအပ်ခြင်းဖြစ်နိုင်ကြောင်း ဦးရဲထွန်းက သုံးသပ်သည်။
တရုတ်နိုင်ငံရေး အကျိုးစီးပွားများ
တရုတ်ပြည်သည် မြန်မာနိုင်ငံတွင် ရေနက်ဆိပ်ကမ်း၊ လက်ပံတောင်းတောင် စီမံကိန်းများအပြင် များပြားလှသော ရေအားလျှပ်စစ် စီမံကိန်းကြီးများတွင် ကြီးစိုးလျက်ရှိသည်။ ထို့အတူ ကျောက်ဖြူနှင့် တရုတ်နိုင်ငံအထိ ဆက်သွယ်ထားသည့် ဓာတ်ငွေ့ရေနံပိုက်လိုင်းကြီးသည်လည်း တရုတ်ပြည်အတွက် အလွန်အရေးပါနေသည်။ ယင်းကြောင့် လက်ရှိတွင်လည်း ကျောက်ဖြူ-ကူမင်း ရထားလမ်းဖောက်လုပ်ရန် တရုတ်နှင့် စစ်ကောင်စီတို့ စီစဉ်နေသည်။
အလားတူ ၂၀၂၃ ခုနှစ် မတ်လကလည်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းအောက်ရှိ လေအားလျှပ်စစ် စီမံကိန်းသုံးခုကို ရခိုင်ပြည် အမ်း၊ သံတွဲ၊ အမ်းမြို့နယ်တို့တွင် တည်ဆောက်ရန် တရုတ်နိုင်ငံပိုင် ကုမ္ပဏီ ၃ ခုနှင့် သဘောတူထားသည်။
“တရုတ်ကတော့ တောက်လျှောက်စီးပွားရေးလုပ်တဲ့ နိုင်ငံတစ်ခုဖြစ်တယ်။ ဆိုတော့ သူ့ရဲ့ အကျိုးစီးပွားအပေါ်မှာ နိုင်ငံရေးကလည်း ပါတယ်။ မြန်မာနိုင်ငံမှာက တရုတ်ရင်းနှီးမြှုပ်နှံမှု အများကြီးရှိနေတာ။ တရုတ်အနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခအများကြီးဖြစ်လာမှာကို လိုချင်ပုံမရဘူး”ဟု တရုတ်စီမံကိန်းများကို လေ့လာစောင့်ကြည့်ပြီး အစီရင်ခံစာရေးသားနေသည့် ကိုထွန်းကြည်က ပြောသည်။
မြန်မာနိုင်ငံပဋိပက္ခများကို အဖြေရှာရန် တရုတ်သည် ကြားဝင်နိုင်ငံအဖြစ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ၊ NUG အပါအဝင် စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့အားလုံးကို ငြိမ်းချမ်းရေးတွင် ပါဝင်လာရေး ဆက်လက်ကြိုးပမ်းလာနိုင်ကြောင်းလည်း ထင်မြင်နေကြသည်။
“တရုတ်ကြားဝင်မှုကတော့ အဖြေအလုံးစုံ ရမှာတော့မဟုတ်ဘူး။ သိုသော် ထိပ်တိုက်တွေ့မှုကတော့ စစ်ရေးအချိန်ကို အလွန်တင်ထားရင် နိုင်ငံရေးဆွေးနွေးမှုတွေကတော့ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီတခေါက်မှာတော့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေရော NUG အပါအဝင် စစ်ကောင်စီနဲ့ မြောက်ပိုင်းအဖွဲ့တွေ အားလုံးကို တရုတ်အနေနဲ့ ငြိမ်းချမ်းရေးမှာပါဝင်လာဖို့ ဆွေးနွေးတဲ့ပုံစံဖြစ်လာနိုင်တယ်”ဟု ကိုထွန်းကြည်က ရှုမြင်သည်။
အလားတူ တရုတ်သည် မြန်မာပြည်ကိုဖြတ်ကာ အန္ဒိယသမုဒ္ဒရာကို ပင်လယ်ထွက်ပေါက်ရရှိရေးကို အာရုံစိုက်နေသဖြင့် မြန်မာနိုင်ငံ၌ မည်သည့်အစိုးရပင် အုပ်ချုပ်စေကာမူ သူ့အကျိုးစီးပွားကို မဟာဗျူဟာမြောက် ကာကွယ်နေခြင်းဟုလည်း သုံးသပ်မှုများ ရှိနေပြန်သည်။
ယင်းစီမံကိန်းများ အလွယ်တကူ အကောင်အထည်ဖော်နိုင်ရန်အတွက် မြန်မာနိုင်ငံငြိမ်းရေးနှင့် တိုက်ရိုက် အချိုးကျနေသဖြင့် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးကို ကြားခံအသုံးပြုကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်းလည်း နိုင်ငံရေးအကဲခတ်တို့က ရှုမြင်သည်။
နောက်ဆက်တွဲ အလားအလာ
မည်သို့ပင်ဆိုစေကာမူ စစ်ကောင်စီ၊ FPNCC နှင့် တရုတ်တို့သည် အချင်းချင်းကြား ဆွေးနွေးမှုများ အဆင်ပြေသည်ဟု ယေဘုယျပြောဆိုနိုင်သော်လည်း နောက်ဆက်တွဲဖြစ်လာမည့် မြန်မာ့ငြိမ်းချမ်းရေးတို့တွင် ထင်သလောက် ခရီးမပေါက်နိုင်သေးပေ။
“တရုတ်ရဲ့ကြားဝင်မှုက တိတိကျကျပြောတာ မဟုတ်ဘဲ ယေဘုယျဆန်တယ်။ အကြောင်းအရာ အသေးစိတ် မဖော်ပြတာ။ နောက်ပြီးတော့ လုပ်ငန်းစဉ်တွေလည်း မပါဆိုတော့ သံခင်းတမံခင်းအရလောက်ပဲဖြစ်တယ်။ ရှေ့ဆက်လုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ ပေါ်လာမလဲဆိုတာကိုတော့ စောင့်ကြည့်ရမှာဖြစ်တယ်”ဟု နိုင်ငံရေးအကဲခတ် ဦးဖေသန်းက ဆိုသည်။
မြန်မာနိုင်ငံ၏ လက်ရှိ လက်နက်ကိုင်ပဋိပက္ခများမှာ မြောက်ပိုင်း ၇ ဖွဲ့ အင်အားစုတစ်ခုတည်းနှင့် ဖြစ်နေခြင်း မဟုတ်ပေ။ KNU၊ CNF အပါအဝင် အခြားအင်အားစုများဖြစ်သော PDF၊ NUG စတဲ့ အင်အားစုများနှင့် စစ်ကောင်စီတို့သည် တနိုင်ငံလုံးတွင် စစ်ပွဲများ ဖြစ်နေခြင်းပင်။
ယင်းကြောင့် မြောက်ပိုင်းအဖွဲ့များအပါအဝင် စစ်ကောင်စီနှင့် တရုတ်တို့၏ ဆက်ဆံရေးတို့မှာ အတိမ်အနက် မည်မျှရှိသည်ကို အလုံးစုံ မသိနိုင်ပေ။ တရုတ်က ကြားဝင်ဖျန်ဖြေနေသည့် မြန်မာ့အရေးတွင် Road Map နှင့် ရှေ့လုပ်ငန်းစဉ် မသေချာသည့် အနေအထားရှိနေသဖြင့် အလုံးစုံ ငြိမ်းချမ်းရေး ဖြစ်နိုင်ခြေနည်းပါးပြီး စောင့်ကြည့်ရဦးမည်ဟုသာ နိုင်ငံရေးအကဲခတ်တို့က မှတ်ချက်ပေးကြသည်။
ဂေါင် - ရေးသည်