ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့ရှိ ကျေးရွာများသို့ မတ်လ(၈)ရက်နေ့မှစ၍ စစ်ကောင်စီတပ်က ထိုးစစ်ဆင်ကာ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကြောင့် လူထိခိုက်သေဆုံးမှုများရှိနေပြီး နေရပ်စွန့်ခွာထွက်ပြေးသူ ၆,၀၀၀ ထက်မနည်းရှိလာကြောင်း ရွှေကျင်မြို့ခံများက ပြောသည်။
စစ်ကြောင်းထိုးဝင်ရောက်လာသော စစ်ကောင်စီတပ်များသည် စစ်တောင်းမြစ် အနောက်ဖက်ကမ်းရှိ ပုဇွန်မြောင်းကျေးရွာတွင် အထိုင်ချကာ အရှေ့ဘက်ကမ်းရှိ ညောင်ပင်ကြီး၊ သက္ကယ်ကုန်း၊ စက်စုနှင့် စံဖဲရွာ အစရှိသည့် ကျေးရွာများသို့ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ညောင်ပင်ကြီးရွာရှိ အမျိုးသမီးတစ်ဦးသေဆုံး၍ အသက်(၁၅)နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးအပါအဝင် အမျိူးသမီး(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို အဆိုပါကျေးရွာများရှိ ဒေသခံ ၆,၀၀၀ ကျော် နေရပ်စွန့် ခွာထွက်ပြေးနေရသည်ဟုလည်း ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “စက်စုရွာမှာ PDF တွေရှိတယ်ဆိုပြီး စစ်ကြောင်းထိုးဝင်လာတာ။ ဒလန်သတင်းပေးရှိ လို့နဲ့တူ ပါတယ်။ (၁၂)ရက်နေ့လောက်က အဲ့ဒီရွာတွေကနေပြန်ထွက်လာပြီးတော့ ဝိုင်ကျွန်းနဲ့ သိုက်တူးကုန်း ရွာဘက်ကို ဝင်ပြီး အိမ်တစ်အိမ်ကိုမီးရှို့တယ်။ နောက် မြစ်ကမ်းတောက်လျှောက်က အင်းဗလာ ရွာတို့၊ ဘာတို့ရှိတယ်။ အဲဒီဘက်တွေမှာ ဝင်မွှေတယ်။ ပုဇွန်မြောင်းဘက်ကနေ လက်နက်ကြီးနဲ့ ပစ်တော့ ဒေသခံတွေက ကိုင်းတွေ၊ လယ်တွေထဲမှာ လျှောက်ပြေးနေရတာပေါ့။ တချို့ကလည်း မြို့ပေါ်ကိုပြေးတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
၎င်းအပြင် အဆိုပါ စစ်ဘေးရှောင်ဦးရေ ၆,၀၀၀ ကျော်အနက် ၁,၀၀၀ ကျော်သည် ရွှေကျင်မြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး ကျေးရွာများတွင် ကျန်ရှိနေသေးသော စစ်ဘေး ရှောင်များအား လိုအပ်သည့် စားနပ်ရိက္ခာနှင့်အခြားသောအကူအညီများပေးရန် ခက်ခဲသောကြောင့် ဝိုင်းဝန်းကူညီ ပေးကြရန် ၎င်းဒေသခံက မေတ္တာရပ်ခံထားသည်။
ထို့အတူ ပြီးခဲ့သည့် (၁၂)ရက်နေ့ကလည်း အင်းဗလာရွာဘက်သို့ စစ်ကောင်စီတပ်များ စစ်ကြောင်း ထိုးဝင်ရောက်စဥ် လက်နက်ငယ်ဖြင့် ပစ်ခတ်သဖြင့် ၎င်းကျေးရွာရှိ ဒေသခံ(၄)ဦး သေဆုံးခဲ့သေး ကြောင်းလည်း အခြားဒေသခံတစ်ဦးက ယခုလိုပြောသည်။
“အဲ့ဘက်ကို စစ်ကြောင်းထိုးပြီး အင်အားအလုံးအရင်းနဲ့ဝင်တာမှာ ရွာသား(၄)ယောက်ကို ပစ်သတ် သွားတာ။ လက်နက်ကြီးနဲ့လည်းပစ်တော့ ရွာခံတွေက ဘေးလွတ်ရာတွေကိုပြေးရတာပေါ့။ တချို့က လည်း ဆွေမျိုးနီးစပ်ရာ ရွာတွေဘက်နဲ့ တောတွေထဲကိုပြေးတယ်။” ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
အလားတူ ယမန်နေ့ မတ်လ(၈)ရက်နေ့က ရွှေကျင်မြို့နယ်၊ ဝိုင်ကျွန်းကျေးရွာနှင့် သိုက်တူး ကုန်းကျေးရွာတွင် စစ်ကောင်စီဘက်မှ ပစ်ခတ်တိုက်ခိုက်သော လက်နက်ကြီး ကျရောက်ပေါက်ကွဲ ခဲ့မှုကြောင့် အမျိုးသား(၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး မြို့နယ်တာဝန်ရှိသူများက ဆေးကုသမှုများပေး ခဲ့ရကြောင်း ကေအဲန်ယူ-ဗဟို၏ မတ်လ(၉)ရက်နေ့တွင် ထုတ်ပြန်ထားသည်။