မြဝတီမြို့တောင်ပိုင်းရှိ မယ်ထော်သလေး ကျေးရွာတွင် ပြီးခဲ့သည့် ၂၀၂၀ခုနှစ်က စတင်အကောင်အထည်ဖော်ဆောင်ရွက်သည့် စီမံကိန်းများတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း စီမံကိန်းအုတ်မြစ်ချပွဲကို ကိုယ်တိုင်ပါဝင်တက်ရောက်ခဲ့သူ KNU-ကရင်အမျိုးသားအစည်းအရုံး ဗဟိုကာကွယ်ရေးဌာနမှူး ပဒိုစောရောဂျာခင်က ယမန်နေ့(မတ်လ ၁၂ ရက်) အဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးဌာန ဖေ့စ်ဘွတ် စာမျက်နှာ ပေါ်တွင် ရှင်းလင်းချက်လုပ်ဆောင်ခဲ့သည်။
၂၀၂၀ ခုနှစ်က စတင်ခဲ့သည့် အဆိုပါ စီမံကိန်း အုတ်မြစ်ချပွဲတွင် KNU အဖွဲ့အစည်း နာမည်နှင့် တရုတ်စာသားပါ ဆိုင်ဘုတ်ကြီးဖြင့် အခမ်းအနား ပြုလုပ်ခဲ့ခြင်းအပေါ် သက်ဆိုင်ရာ ကရင်အရပ်ဖက်အဖွဲ့အစည်းများနှင့် သတင်း မီဒီယာများက ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်ထောက်ပြမေးခွန်းထုတ်ပြောဆိုလာပြီးနောက် ကေအဲန်ယူ ကာကွယ်ရေးဌာနမှူးက ယခုလို ကရင်ဘာသာဖြင့် ပြောဆိုထားသည့် ရုပ်သံတွင် တရားဝင် ထုတ်ပြန်ရှင်းလင်းခဲ့ခြင်းဖြစ်သည်။
၁၀ မိနစ်ကျော်ကြာ ပြောဆိုရှင်းလင်းသွားရာတွင် ၎င်းအနေဖြင့် တရုတ်ကုမ္ပဏီဖိတ်ကြားမှုအရ သွားရောက်ခြင်း ဖြစ်ပြီး စီမံကိန်း နယ်မြေအတွင်းရှိ ပြည်သူများ ပိုင်ဆိုင်သည့်မြေယာများအတွက် ရသင့်ရထိုက်မှုရှိ မရှိသည့် အပေါ် အသိသက်သေအနေဖြင့် အခမ်းအနားကို တက်ရောက်ခဲ့ခြင်းဖြစ်သည်ဟု ပဒိုစောရောဂျာခင်က ရှင်းလင်းပြောဆိုခဲ့သည်။
“မော်ထိုသလေးနေရာမှာ ဆောင်ရွက်မယ့်အတွက် သောင်ရင်းမြစ်ကမ်းနားတလျှောက် မြေဝယ်ပြီးဖြစ်တဲ့အတွက် လုပ်ငန်းစတင်ရန်အတွက် ပန္နက်တင်အခမ်းအနားပွဲကို တရုတ်က တက်ရောက်ဖို့ပြောလို့ ကျနော်တက် ရောက်ခဲ့တယ်။ တက်ရောက်တဲ့အခါ မြေယာနဲ့ပတ်သက်ရင် ထုံစံအတိုင်း ပြည်သူလူထုရဲ့ မြေကို ဒီအတိုင်း သိမ်းလိုက်တာတွေရှိတယ်။ ခုကုမ္ပဏီနှစ်ခုက ဝယ်ယူမယ့် မြေတွေအတွက် လိုချင်တဲ့ဈေးမရဘူးလို့ ပြည်သူတချို့ ဆီကကြားတယ်။ ကျနော်သွားတာက မြေယာအရောင်းအဝယ်အတွက် ပြည်သူတွေ ရသင့်ရထိုက်တာ ရရဲ့လား။ ကိုက်ညီမှုရှိရဲ့လားဆိုတာကို အသိသက်သေအနေနဲ့ ပန္နက်တင်အခမ်းအနားကို တက်ရောက်တာဖြစ်တယ်။” ဟု ပြောဆိုထားသည်။
ထို့အပြင် ၎င်းတက်ရောက်စဉ်အခါက တင်ထားသည့် ဆိုင်းဘုတ်စာသားကို သတိမထားမိကြောင်း၊ နောက်ပိုင်းမှ သတိထားမိပြီး ပြန်လည်ဖြုတ်ခိုင်းချိန် ဓါတ်ပုံရိုက်ထားပြီးပြီဖြစ်ကြောင်းနှင့် မြေဂရံရောင်းလိုက်သည့် ပိုင်ရှင်များအနေဖြင့် ရသင့်ရထိုက်ငွေကြေးများရကြသောကြောင့် အခမ်းအနားကို စတင်လိုက်ခြင်း ဖြစ်ကြောင်းလည်း ကေအဲန်ယူ ကာကွယ်ရေးဌာနမှူးက ဖြည့်စွက်ရှင်းလင်းသွားခဲ့သည်။
ယခုရှင်းလင်းချက် မတိုင်ခင် ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့က လူ့အခွင့်အရေးချိုး ဖောက်မှုများစွာရှိပြီး တရားမဝင် လုပ်ငန်းများလုပ်ကိုင်နေသည့် တရုတ်မြို့သစ်စီမံကိန်းတွင် ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တစ်ဦးဖြစ်သည့် ပဒိုစောရောဂျာခင်နှင့် ကေအဲန်ယူခေါင်းဆောင်တချို့ ပါဝင်ပတ်သက်မှုကို KNU မူဝါဒနှင့် ဆန့်ကျင်သော်လည်း အပြစ်ပေးအရေးယူမှုမရှိသည့်အတွက် ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် တစ်ဖွဲ့လုံးနုတ်ထွက်ပေးရန် ကရင်အဖွဲ့အစည်းပေါင်း (၆၈)ဖွဲ့က KNU အထွေထွေအတွင်းရေးမှူးချုပ်ထံ အိတ်ဖွင့်စာပေးပို့ပြီး တောင်းဆိုခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အပေါ် KNU ဘက်ကလည်း ၎င်းတို့အနေဖြင့် မောထိုတလေး (မယ်ထော်သလေး) နယ်မြေတွင် ထွက်ပြေးလာကြသည့် နိုင်ငံခြားသား ရာဇဝဏ်သားများ၏ တရားမဝင်လုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နေသည့် ကာစီနိုလောင်းကစားမြို့သစ်စီမံကိန်းတွင် ပါဝင်ပတ်သက်ခြင်းမရှိကြောင်း ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် ပြန်လည်ထုတ်ပြန်ခဲ့သည်။
သို့သော် လက်ရှိအချိန်မှ ငြင်းချက်ထုတ်ပြန်ရခြင်းနှင့်ပတ်သက်၍လည်း စီမံကိန်းစတင်ချိန်တွင် KNU EC ကို ပြန်လည်ရှင်းလင်းတင်ပြကြောင်း ပဒိုစောရောဂျာခင်က ရှင်းလင်းပြောဆိုခဲ့သော်လည်း အဆိုပါ ကာလတွင် မည်သည့်အကြောင်းကြောင့် တရားဝင် ထုတ်ပြန်ရှင်းလင်းနိုင်ခြင်း မရှိရခြင်းအပေါ် ကရင်လူမှုအဖွဲ့အစည်း များကလည်း မေးခွန်ထုတ်ခဲ့ကြသည်။
“ဒီကိစ္စအပေါ်မှာ KNU ရဲ့ ဗဟိုအလုပ်အမှုဆောင် ကော်မတီတစ်ခုလုံးက တာဝန်ရှိတယ်။ ဘာဖြစ်လဲဆိုတော့ ပဒို စောရောဂျာခင်က EC ကို ပြန်တင်ပြထားတာရှိတယ်။ ဒါပေမဲ့ ဘာထုတ်ပြန်ရှင်းလင်းအရေးယူမှုမှ မလုပ်ခဲ့ဘူး။ ဒါကြောင့် EC တစ်ခုလုံးက ဒီကိစ္စကိုသိတယ်။ EC အနေနဲ့ KNU ရဲ့ နာမည်အတွက် ရှင်းလင်းမှုတွေ လုပ်ရမှာ ဖြစ်တယ်။ ဒါပေမဲ့ ဘာမှ လုပ်ဆောင်တာမရှိဘူး။ ဒါကြောင့် ဒီကိစ္စဖြစ်လာတဲ့ ၂ နှစ် ၃ နှစ်အတောအတွင်းမှာ မေးခွန်းထုတ်စရာဖြစ်လာတာက KNU အနေနဲ့ ဒါကို ဘာလို့ မရှင်းလင်းခဲ့တာလဲ”ဟု ကရင်လူမှုအဖွဲ့ အစည်းအဖွဲ့များ၏ ပြောခွင့်ရသူ စောသူးကဘီး ကေအိုင်စီသို့ ပြောသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ ကေအဲန်ယူ ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ကာကွယ်ရေးဌာန ဌာနမှူး ပဒိုစောရော ဂျာခင်က Huanya International Holdings Group ကို လုပ်ပိုင်ခွင့်ပေးသည်ဟု ပြီးခဲ့သည့် ဇန်နဝါရီလတွင် သတင်းဌာနတစ်ခုမှ ဖော်ပြခဲ့ခြင်းသည် ကေအဲန်ယူအပေါ်အထင်မှားအမြင်မှား ဖြစ်ပေါ်စေကြောင်း ကေအဲန်ယူ က ကြေညာချက်ထုတ်ကာ တုန့်ပြန်ထားသလို KNU ၏ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးကလည်း ၎င်းသတင်းဌာနရေးသားတင်ပြချက်အပေါ် ကေအိုင်စီသို့ တရားဝင် ငြင်းဆိုထားသည်။
“မြို့သစ်တည်မယ့်ကိစ္စက ကျနော်မသိဘူး။ ကျနော်ရှင်းပြချင်တာက မုလအိအလင်းမန်နေဂျာ ကျနော်တို့ခေါ်တာ လောင်ချူး၊ မှတ်ပုံတင်နာမည်ကတော့ ဝင်းကျော်ပြောတာကတော့ Trans Asia နဲ့ လုပ်ငန်း ပူးပေါင်းလုပ် ဆောင်မယ်။ “Huanya” နဲ့ လုပ်မှာမဟုတ်ဘူး။ ကျနော်လည်း “Huanya”ကို မသိဘူး။ Trans Asia က “Huanya”ရဲ့အောက်မှာရှိတာလည်း ကျနော်မသိဘူး။ ကျနော်သိခဲ့မယ်ဆိုရင်လည်း အဲအခမ်းအနားကို သွားမ တက်ခဲ့ပါဘူး။ အဲဒါကိုပဲ ကျနော်ရှင်းရှင်းလင်းလင်းပြောပြချင်တယ်။” ဟု ပဒို စောရောဂျာခင်က ဆက်လက် ရှင်းလင်းပြောဆိုထားသည်။
မယ်ထော်သလေး စီမံကိန်းသည် ထိုင်းအစိုးရဘက်တွင် တရားဝင်မှတ်ပုံတင်ရရှိထားသည့် Trans Asia ကုမ္ပဏီနှင့် မြန်မာအစိုးရဘက်မှ တရားဝင် မှတ်ပုံတင်ထားသည့် မုလအိအလင်း ကုမ္ပဏီတို့ ပူးပေါင်း၍ စီးပွားရေးလုပ်ငန်း (၄၈) မျိုးကို လုပ်ဆောင်သွားမည်ဖြစ်ပြီး ထို (၄၈) မျိုးကို တကြိမ်တည်း မလုပ်ဆောင်ဘဲ ကနဦး အနေဖြင့် လုပ်ငန်း (၄)မျိုး (၅) မျိုးကိုသာ လုပ်ဆောင်မည်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် စိုက်ပျိုးရေး ပစ္စည်း ရောင်းဝယ်ရေး၊ ဆောက်လုပ်ရေးနှင့်ဆက်စပ်သော ပစ္စည်းရောင်းဝယ်ရေး၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများ ပါဝင်ကြောင်းလည်း ပဒိုစောရောဂျာခင်၏ ရှင်းလင်းပြောဆိုမှုထဲတွင် ထည့်သွင်းပြောဆိုသွားခဲ့သည်။
ယခုလို သတင်းမီဒီယာများတွင် ဝေဖန်ရေးသားပြောဆိုခံရမှုများနှင့်ပတ်သက်ပြီး ၎င်းအနေဖြင့် KNU ဗဟို အလုပ်အမှုဆောင်ကော်မတီ (EC)ကို ရှင်းလင်းတင်ပြခဲ့သလို ၎င်းတို့အနေဖြင့် တန်ပြန်ထုတ်ပြန်ချက် မထုတ်ပြန် နိုင်ခဲ့သည့်အပေါ် ၎င်းတို့အတွက် အားနည်းချက်ဖြစ်သွားစေကြောင်းနှင့် ထုတ်ပြန်ခဲ့ပါက ကိစ္စပြီးသွားရမည် ဖြစ်ကြောင်းလည်း ပဒိုစောရောဂျာခင်က ပြောဆိုသွားခဲ့သည်။