တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ကရင်ကြီးကျေးရွာတွင် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့က စစ် ကောင်စီတပ်နှင့် လောင်းလုံးမြို့ ပြည်သူ့ကာကွယ်ရေးမဟာမိတ်တပ်များတိုက်ပွဲဖြစ်ပွားပြီး နောက်စစ် ကောင်စီက ထိုရွာအနီးတဝိုက်သို့ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်သည့်အတွက် ဒေသခံ(၂၀၀)ကျော် နေရပ်စွန့်ခွာ ရှောင်တိမ်းနေရကြောင်း လောင်းလုံးမြို့ခံများက ပြောသည်။
ကရင်ကြီးရွာရှိ ပျူစောထီးစခန်းအား ကာကွယ်ရေးတပ်ဖွဲ့ဝင်များသွားရောက်ပစ်ခတ်စဥ် စစ်ကောင်စီ တပ်များက ရေကြောင်း၊ ကုန်းကြောင်းဖြင့် စစ်ကူပေးခဲ့ပြီး လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ပစ်ခတ်မှုလုပ်ဆောင်ရာတွင် ကရင်ကြီးရွာနှင့်အနီးမှသဘော့ဆိပ်ရွာ၏ ကမ်းနားတစ်ဝိုက်သို့ ကျရောက် ပေါက်ကွဲခဲ့ပြီး လူနေအိမ်ခြေနှင့် ဒေသခံများ ထိခိုက်မှုမရှိသော်လည်း ပစ်ခတ်မှုပြီးနောက် စစ်ကောင်စီတပ် များက ကရင်ကြီးရွာအတွင်းရှိ ဒေသခံများ၏ နေအိမ်(၆)လုံးအား မီးရှို့ဖျက်ဆီးပြီး ကျေးရွာအတွင်းတပ်စွဲထား သည်ဟု လောင်းလုံးဒေသခံတစ်ဦးက ပြောသည်။
အဆိုပါဒေသခံက “ကရင်ကြီးရွာကလူတွေအကုန်လုံးနီးပါးကတော့ အနီးအနားရွာတွေကို တိမ်းရှောင် ကြတယ်။ (၇)ရက်နေ့က သဲပုံရွာ လက်နက်ကြီးတပ်ကနေ စစ်ကောင်စီတပ်သား အင်အား(၆၀)လောက် ကရင်ကြီးရွာကို ရောက်လာတယ်။ ရွာထဲမှာသူတို့တွေရှိနေတော့ ရွာသားတွေက ပြန်မနေရဲဘူးလေ။ တော် သေးတာ ရွာထဲကလူနေအိမ်(၆)လုံးကို မီးရှို့တဲ့အချိန်မှာ အိမ်မှာလူမရှိလို့ ဘာမှမဖြစ်ဘူး။”ဟု ပြောသည်။
ထိုကဲ့သို့ စစ်ကောင်စီနှင့်အပြန်အလှန်တိုက်ပွဲများဖြစ်ပွားသည့် အနီးတဝိုက်ကျေးရွာမှဒေသခံများမှာ စစ်ဘေး ရှောင်စရာနေရာ တိတိကျကျမရှိဘဲ ဆွေမျိုးနီးစပ်ရာ အခြားကျေးရွာများတွင် ရှောင်တိမ်းနေရခြင်းဖြစ်ပြီး ပျူ စောထီးများရှိသော အချို့ကျေးရွာများတွင် စစ်ဘေးရှောင်လာသည့် တမြို့တည်းနေ ဒေသခံများအား လက်သင့်မခံခြင်းမျိုးပင်ရှိကြောင်း အခြားဒေသခံတစ်ဦးက ပြောသည်။
၎င်းက “ကရင်ကြီးဘက်မှာ စစ်တပ်က လက်နက်ကြီးရမ်းသမ်းပစ်တာ တောင်ပေါ်တွေဘက်ကို ကျတယ်လို့ ပြောတယ်။ ဒေသခံတော်တော်များများလည်း အမျိုးတွေအိမ်ကိုရွှေ့နေပြီးတော့ သွားစရာနေရာမရှိတဲ့လူနည်း စုကတော့ နေ့ဘက်ဆိုရင် ရွာမှာနေ၊ ညဆိုရင် တခြားမှာရှောင်နေတာတွေလည်း ရှိတယ်၊ ကျနော်တို့မြို့က ကျွန်းဆွယ်လိုမျိုးဆိုတော့ စစ်ရှောင်နေရာ တိတိကျကျမရှိဘူး။ တချို့ ပျူစောထီးတွေရှိတဲ့ နေရာတွေဆိုရင် စစ်ရှောင်လာတဲ့ရွာကလူတွေကို လက်မခံတာမျိုးတောင်ရှိတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
စစ်ကောင်စီမှ ရေကြောင်း၊ ကုန်းကြောင်းဖြင့် မြို့အတွင်းရှိကျေးရွာများသို့ ဝင်ရောက်၍ ၎င်းတို့ စိတ်မထင်ရင် မထင်သလို ရွာနေလူထုအား ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အထူးသဖြင့် အမျိူးသားလူငယ်များအား ပစ်မှတ်ထား ဖမ်းဆီးခြင်းနှင့် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းများရှိသည့်အတွက် ဒေသခံများအနေဖြင့် စိုးရိမ်ကြောက် လန့်နေရကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။
အလားတူ ပြီးခဲ့သည့် မတ်လ(၄)ရက်နေ့တွင် စစ်ကောင်စီနှင့်လက်အောက်ခံပျူစောထီးများက အောက် ကျောက်ဝပ်ကျေးရွာရှိ ဒေသခံ(၅)ဦးအား ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး လူနေအိမ်(၃)လုံးကို မီးရှို့ဖျက်ဆီးခဲ့ သည့်အတွက် လောင်းလုံးမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီမှ အကြမ်းဖက်တိုက်ခိုက် မခံရစေရန်နှင့် အထူးဂရုစိုက်သွားလာ၍ လုံခြုံနေသည့်နေရာများတွင် ပြောင်းရွှေ့နေထိုင်ပေးပါရန် ယမန် နေ့က လောင်းလုံးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
စစ်တပ်အာဏာသိမ်းသည့်အချိန်မှ ယခု ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအထိ ကေအဲန်ယူ ထိန်းချုပ်နယ် မြေများတွင် စစ်ဘေးရှောင်ပြည်သူဦးရေ ငါးသိန်းကျော်ရှိလာပြီး ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် ၊ တပ်မဟာ (၄) ထိန်းချုပ်နယ်မြေတွင် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းကျော်ရှိလာကြောင်း ဖေဖော်ဝါရီလ (၂၇)ရက် နေ့တွင် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN) ၏ ထုတ်ပြန်ချက်အရ သိရသည်။