ရွှေကုက္ကိုလ်ဒေသအတွင်း အခြေချစီးပွားရေးလုပ်ကိုင်လိုသူ အများအပြား၀င်ရောက်လာသဖြင့် အိမ်ခြံမြေစျေးမြင့်တက်နေ

ရွှေကုက္ကိုလ်ဒေသအတွင်း အခြေချစီးပွားရေးလုပ်ကိုင်လိုသူ အများအပြား၀င်ရောက်လာသဖြင့် အိမ်ခြံမြေစျေးမြင့်တက်နေ

ကရင်ပြည်နယ်၊ မြ၀တီမြို့မြောက်ဘက်ရှိ လောင်းကစားကာစီနို မြို့တော်သစ်နေရာ ရွှေကုက္ကိုလ်ဒေသ အတွင်း ရွှေ့ပြောင်းအခြေချ စီးပွားရေးလုပ်ကိုင်လိုသူ အများအပြား၀င်ရောက်လာသည့်အတွက် အိမ် ယာခြံမြေစျေးများ မြင့်တက်လာနေသည်ဟု ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ များထံမှ သိရသည်။

လောင်းကစား၊ ကာစီနိုနှင့် ဖျော်ဖြေရေးလုပ်ငန်းများလာရောက်လုပ်ကိုင်နေမှုကြီးမား ကျယ်ပြန့်လာနေ သည့် ရွှေကုက္ကိုလ်မြို့သစ်နေရာတွင် ယခုစစ်အာဏာသိမ်းကာလအတွင်း ပြည်တွင်းနှင့် ရှမ်းပြည်နယ်၊ တရုတ်နိုင်ငံနယ်စပ်ဒေသမှ စီးပွားရေး လုပ်ငန်းလုပ်ကိုင်လိုသူများ လာရောက်နေထိုင် အလုပ်လုပ်ကိုင်မှု များပြားလာသည့်အတွက် လက်ရှိတွင် ဒေသတွင်း အိမ်ခြံမြေစျေးနှုန်းများ ဘတ်သိန်းဆယ်ချီမြင့် တက် အရောင်းအ၀ယ်ဖြစ်နေကြောင်း ဒေသတွင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။

၎င်းက “အရင်ကပေ ၆၀ ပတ်လည်တို့ပေး၂၀၀ ပတ်လည်တို့ ၁ ဧကလောက် ခြံကွက်တို့ဆိုတာ ဘတ် သိန်းဂဏန်းပဲရှိတယ်။ အခုမြေစျေးအိမ်စျေးက ဘတ်သိန်းဆယ်ချီရှိလာပြီ။ အိမ်ငှားခ၊ အခန်းငှားခ တွေ လည်း အရင်က ဘတ် တစ်ထောင်၊ နှစ်ထောင်ပဲ။ အခုအိမ်ခန်းငှားခ၊ ဆိုင်ခန်းငှားခတွေက ဘတ်ငါး ထောင်တစ်သောင်းအထိ ရှိလာတယ်။ နေရာအကွက်အကွင်း စျေးရောင်း၊ လူနေ၊ ဆိုင်ဖွင့် လို့ရတဲ့ နေရာတွေဆို တရုတ်လူမျိုးတွေ၊ တရုတ်စာ၊ စကားတတ်တဲ့ ရှမ်း/တရုတ်နယ်စပ်က လူတွေ၊ မြန်မာပြည်အောက်ပိုင်းက လူတွေပဲအနေများလာတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

အဆိုပါ ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် ၂၀၁၀ ခုနှစ်၊ သမ္မတ ဦးသိန်းစိန် လက်ထက်မှစတင်၍ စတင် ၀င်ရောက်နေထိုင်လုပ်ကိုင်လာသည့် တရုတ်နိုင်ငံသားပိုင် လောင်းကစားရုံ လုပ်ငန်းများ၊ ဖျော် ဖြေရေး လုပ်ငန်းများ၊ အွန်လိုင်းဂိမ်းနှင့် အွန်လိုင်းငွေလိမ်ပေးရသည့် လုပ်ငန်းများကြီးမားကျယ်ပြန့်လာနေပြီး ၎င်းလုပ်ငန်းများနှင့် ဆက်စပ်သည့် တရုတ်စတိုးဆိုင်၊ စားသောက်ဆိုင်၊ အလှပြင်၊ အနှိပ်ခန်း၊ လက် သမား၊ ပန်းရံ၊ ဆောက်လုပ်ရေးလုပ်ငန်းများ၊ အိမ်အလှဆင်လုပ်ငန်း၊ ကား/ဆိုင်ကယ် အငှားလုပ်ငန်း၊ တရုတ်စကားပြန်လုပ်ငန်း၊ တရုတ်စာ၊ စကားသင်တန်းများ လုပ်ကိုင်ကြသည့် ရွှေ့ပြောင်း အခြေချ လုပ်ငန်း လုပ်ကိုင်သူများ များပြားလာနေကြောင်းလည်း ရွှေကုက္ကိုလ်ဒေသခံများက ပြောသည်။

“ကုက္ကိုလ်က ကရင်တွေ သိပ်မနေလိုတော့ဘူး၊ အိမ်ကွက်၊ ခြံကွက်တွေမှာ တန်းလျားတွေ၊ ဆိုင်ခန်းတွေ ဆောက်ပြီး အငှားချတယ်၊ လူတွေကသူတို့ ခြံတွေ ဘက်ပြောင်းနေကြတယ်။ တစ်ချို့လည်း အပြီး ရောင်းပြီး မြ၀တီဘက်တို့ ကရင်အမျိုးတွေရှိတဲ့ ရွာတွေဘက်ပြောင်းနေ နေကြတယ်၊ အခုကလူစိမ်းတွေ များလာတာ အလုပ်အကိုင်ကလည်း တရုတ်စာတတ်မှ၊ တရုတ်တွေနဲ့ အလုပ်လုပ်တတ်မှဆိုတော့ ရှမ်းပြည်တရုတ်နယ်စပ်ကလူတွေ၊ မြန်မာတွေပိုအနေများလာတယ် ”ဟု ရွှေကုက္ကိုလ် ရပ်ကွက် ၄ တွင် နေထိုင်သူတစ်ဦးက ပြောသည်။

ကရင်ပြည်နယ်နှင့် ထိုင်းနိုင်ငံနယ်စပ်နေရာများဖြစ်သော မြ၀တီ-မဲဆောက်ဒေသ၊ ဘုရားသုံးဆူ -စခလ ဘူရီဒေသ၊ တနင်္သာရီတိုင်း-မောတောင်၊ ကန်ချလဘူရီဒေသဘက်အထိ တရုတ်နိုင်ငံသား တရားမ၀င် ကာစီနို၊ အွန်လိုင်းဂိမ်းနှင့်ဖျော်ဖြေရေးလုပ်ငန်းများ စစ်တပ်စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပိုမိုကြီးထွား လုပ်ကိုင်မှုများပြားလာနေကြောင်း စောင့်ကြည့်လေ့လာသူများက ပြောသည်။

ထို့အပြင် နိုင်ငံပြင်ပမှတဆင့် နယ်စပ်ဒေသရှိ တရုတ်ကာစီနိုနှင့် အွန်လိုင်းငွေလိမ်ဂိုဏ်းလုပ်ငန်းများ အတွင်းသို့ နိုင်ငံခြားသားများအား လူကုန်ကူးအဓမ္မအလုပ်စေခိုင်းခံရသည့် ဖြစ်စဉ်များရှိနေသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော်လည်း လတ်တလောတွင် မြ၀တီရွှေ ကုက္ကိုလ် ဒေသဘက်တွင် ပြည်တွင်းရွှေ့ပြောင်းလာရောက်နေထိုင် အလုပ်လုပ်ကိုင်ကြသူ အများအပြားရှိ လာနေပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...