စစ်ကောင်စီ၏ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု စာသင်ကျောင်းနှင့် လူနေအ ဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့

စစ်ကောင်စီ၏ နှစ်ရက်ဆက်တိုက် လေကြောင်းတိုက်ခိုက်မှု စာသင်ကျောင်းနှင့် လူနေအ ဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်(ဖာပွန်)ခရိုင်(တပ်မဟာ ၅)နယ်မြေတွင် ပြီးခဲ့သည့် ရက်ပိုင်းက စစ်ကောင်စီ၏ နှစ်ရက်ဆက်တိုက် လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ရာ စာသင် ကျောင်းနှင့် လူနေအိမ်အဆောက်အဦးအများအပြား မီးလောင်ပျက်စီးခဲ့ သည်ဟု မူတြော်ခရိုင် သတင်းစဉ်က ယမန်နေ့ ဖေဖော်ဝါရီလ ၁၆ရက်နေ့တွင် သတင်းထုတ်ပြန် ထားသည်။

ဖေဖော်ဝါရီလ (၁၅)ရက်နေ့ ည(၁၁)နာရီခွဲအချိန်တွင် လူသောမြို့နယ်၊ ပေးကေးဒဲကျေးရွာအုပ်စု ထော့ထီးပယ်ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၆ လုံးကြဲ ချသည့်အတွက် စာသင်ကျောင်း(၇)ကျောင်း၊ လူမနေသည့် အဆောက်အဉီး(၆)လုံး၊ ဈေးဆိုင်(၃)ဆိုင်နှင့် စပါးကျီ(၂)လုံးအား ကျည်ထိမှန်ကာ မီးလောင်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ−မူတြော်ခရိုင်သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အပြင် လယ်ထွန်စက်(၄)စီး၊ ဆိုင်ကယ်(၂)စီး၊ အင်တာနက်ဝိုင်ဖိုင်စလောင်းတစ်ချပ်နှင့် ဆန်ကြိတ်စက်တစ်လုံး ထိမှန်ပျက်စီးခဲ့ပြီး ပျက်စီးဆုံးရှုံးမှု စုစုပေါင်း ကာလတန်ဖိုး ကျပ်သိန်း ၁၀၀၀ (တစ်ထောင်)ကျော်ရှိသည်ဟု မူတြော်ခရိုင် သတင်းစဉ် ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၁၄)ရက်နေ့ ည(၉)နာရီအချိန်တွင်လည်း လူသောမြို့နယ်ရှိ ဒေဘုနိုကျေးရွာထဲသို့ စစ်ကောင်စီဂျက်တိုက်လေယာဉ်(၃)စီးဖြင့် ဗုံး ၆ လုံးကြဲချခဲ့ခြင်းကြောင့် လူမရှိသည့် အဆောက်အဦး(၆)လုံး ထိမှန်ပြီး မီးလောင်ပျက်စီးခဲ့သေးသည်ဟု ကေအဲန်ယူ မူတြော် ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ထိုလေကြောင်းတိုက်ခိုက်မှုနှင့်ပတ်သက်၍ ကေအဲန်ယူတပ်မဟာ ၅ ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး စောကလယ်ဒို့က “ ၁၄ ရက်နေ့မှာ တစ်ကြိမ်လာကြဲတယ်ပေါ့။ လူတွေကြို ရှောင်တိမ်းထား တော့ ထိခိုက်ဒဏ်ရရှိသူမရှိဘူး။ ကျွဲတစ်ကောင်သေတယ်။ နောက်ရက် တစ်ကြိမ် ထပ်ကြဲတာကလည်း ထိခိုက်ပျက်စီးမှုကတော့ ပြည်သူနေအိမ်တွေ၊ စပါးကျီတွေ၊ စာသင် ကျောင်းတစ်လုံး၊ လယ်ထွန်စက်၊ ဆန်စက်တွေ ပျက်စီးတယ်။ လူထိခိုက်တာကတော့ မရှိဘူး။ ”ဟု ကေအိုင်စီသို့ အတည်ပြုပြောသည်။

ကေအဲန်ယူ မူတြော်ခရိုင်(တပ်မဟာ ၅)၏ ထုတ်ပြန်ချက်အရ ပြီးခဲ့သည့် ဇန်နဝါရီလ တစ်လအတွင်း စစ်ကောင်စီမှ ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုပေါင်း (၂၄)ကြိမ် လုပ်ဆောင်ခဲ့ရာတွင် အပြစ်မဲ့ပြည်သူ (၁၄)ဉီးသေဆုံးကာ (၁၁)ဉီးခန့် ထိခိုက်ဒဏ်ရာရသည်ဟု ဖော်ပြထားသည်။

၎င်းအပြင် အပြစ်မဲ့ပြည်သူများ၏ နေအိမ်(၅၂)လုံး ထိမှန်ပျက်စီးပြီး အိမ်ဒါဇင်ချီ မီးလောင်ပျက် စီးခဲ့သလို ဆေးရုံဆေးခန်း ၄ လုံးနှင့် ဘာသာရေးအဆောက်အဦး ၄ လုံးလည်း မီးလောင်ပျက်စီး သွားခဲ့သည်ဟု မူတြော်ခရိုင် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာခြင်းအပေါ် ကေအဲန်ယူ တွဲဖက် အထွေထွေအတွင်းရေးမှူး -၂ ဟောင်း ပဒိုမန်းမန်းက “ စစ်ကောင်စီဘက်က လေယာဉ်ဗုံး ကြဲခဲ့တာ ကျနော်တို့ရဲ့စာသင်ကျောင်းကို တည့်တည့်ကြီး ပစ်ချသွားတယ်။ နေအိမ်လည်း ပါတာပေါ့။ ဒါနဲ့ပတ်သက်ပြီးတော့ အကြမ်းဖက်စစ်အုပ်စုက အကြမ်းဖက်အ လုပ်တွေကို လုပ်ရမှာက သူတို့အတွက်က မထူးဆန်းသောထူးခြားတဲ့မှတ်ချက်တော့ ပေးစရာမရှိဘူးပေါ့နော်”ဟုပြောသည်။

ကေအဲန်ယူ ထိန်းချုပ်နယ်မြေများထဲတွင် စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်မှ စတင်၍ ၂၀၂၃ ခုနှစ်အထိ စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် မူတြော်ခရိုင် အပါအဝင် အိုးအိမ်စွန့်ခွာကာ ထွက်ပြေးတိမ်းရှောင်နေရသည့် ဒေသခံ (၄)သိန်းနီးပါးရှိပြီး ၎င်း ထွက်ပြေး ရှောင်တိမ်းနေရသည့်ဒေသခံ ပြည်သူလူထုများသည် စားနပ်ရိက္ခာ အကူအညီ လိုအပ်ချက်များရှိကြောင်း ကေအဲန်ယူ၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...