သံတောင်ကြီးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့၊ စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှုဆုံးရှုံးနေ

သံတောင်ကြီးမြို့မြောက်ပိုင်းတွင် စစ်ကောင်စီနှင့် ဒေသကာကွယ်ရေးတပ်များကြား တိုက်ပွဲပေါင်း ၇၀ ကျော်ဖြစ်ပွားခဲ့၊ စစ်ကောင်စီ၏ နယ်မြေစိုးမိုးမှုဆုံးရှုံးနေ

ကရင်ပြည်နယ်၊ သံတောင်မြို့နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းတွင် နယ်မြေခံ သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့(NTDF)နှင့် စစ်ကောင်စီတပ်တို့ အကြား ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလမှ ယခုလအထိ တိုက်ပွဲအကြိမ်ပေါင်း (၇ဝ) ကျော်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီအနေဖြင့် အဆိုပါဒေသတွင် နယ်မြေစိုးမိုးထားနိုင်မှု ဆုံးရှုံးနေကြောင်း NTDF က ပြောသည်။

သံတောင်ကြီးမြို့မြောက်ပိုင်းတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီဘက်မှ (၃၀၈)ဦး သေဆုံးပြီး (၅၂)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နယ်မြေခံကာကွယ်ရေး တပ်များဘက်မှလည်း (၇)ဦးသေဆုံးပြီး (၈)ဦးဒဏ်ရာရရှိခဲ့ကြောင်း NTDF ဘက်က ပြောသည်။

ယခုနောက်ပိုင်းတွင် နယ်မြေခံကာကွယ်ရေးတပ်များဘက်မှ အားသာလာသည့် အနေအထားကြောင့် စစ်ကောင်စီတပ်များမှာ လိပ်သို-ထုံးဘိုကြီးလမ်း (ဗျုဟာ လမ်း)၏ အထက်ပိုင်းသို့ တက်ရောက်လာနိုင်ခြင်းမရှိကြောင်း NTDF ၏ ပြန်ကြားရေးတာဝန်ခံ ဦးမုတ်ဆိတ်က ယခုလိုပြောသည်။

၎င်းက “ဒီဘက်မှာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့နယ်မြေစိုးမိုးထားနိုင်မှုက များပြားနေပြီး စစ်ကောင်စီရဲ့နယ်မြေစိုးမိုးနိုင်မှုက လုံးဝမရှိတော့ပါဘူး။ ကျနော်တို့ ဆီမှာ ရှမ်းလယ်ပြင်နှင့်ချဥ်ပတောင် စခန်း(၂)ခုရှိတယ်။ ဒါကလည်း ကျနော်တို့က မလုပ်သေးတာပါ။ မလုပ်သေးဘူးဆိုတာလည်း သူတို့က စခန်းအပေါ်ကနေအောက်ကို မဆင်းဘူးလေ။ နောက်ပြီးတော့ အခြားအနေအထားတွေကြောင့်လည်း လုပ်သင့်တဲ့ ဟာမဟုတ်သေးလို့လည်း မလုပ်သေးတာပါ။” ဟု ကေအိုင်စီသို့ပြောသည်။

အလားတူ ဒေသအတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် အချိန်မ ရွေးထိတွေ့တိုက်ပွဲများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသခံပြည်သူများအနေဖြင့် စစ်ကောင်စီတပ်များနှင့်နီးစပ်ရာနေရာများတွင် နေထိုင်ခြင်းမပြုကြရန်၊ NTDF က ထုတ်ပြန်ထားသော စစ်ရေးသတင်းများအား ဂရုပြုလိုက်နာရန်နှင့် စစ်ကောင်စီတပ် များနှင့်ပူးပေါင်းဆောင်ရွက်ခြင်း မပြုလုပ်ကြရန်ကိုလည်း ယမန်နေ့ ဖေဖော်ဝါရီလ (၁၄)ရက်နေ့တွင် ၎င်းတို့၏ ဖေ့ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှတဆင့် သတိပေး ထုတ်ပြန်ထားသည်။

ထိုကဲ့သို့ ထုတ်ပြန်သတိပေးချက်များအား ဒေသခံအများစုကလိုက်နာကြသော်လည်း သတင်းမရရှိသည့် အချို့ဒေသခံများမှာ စစ်ကောင်စီတပ်များနှင့် ရင်ဆိုင်တွေ့မိသဖြင့် ဖမ်းဆီးသတ်ဖြတ်ခံရခြင်းများရှိကြောင်း၊ ထုံးဘိုကြီးလမ်းအထက်ဘက်သို့ တစ်ခါတစ်ရံတက်လာသော စစ်ကောင်စီတပ်များနှင့် ဒေသခံကာကွယ်ရေးတပ်များ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားသည့်အခါ အနီးအနားကျေးရွာအနည်းစုမှာ ရက်ပိုင်းခန့် နေရပ်စွန့်ခွာတိမ်းရှောင်ရခြင်းများရှိကြောင်း NDTF ပြန်ကြားရေးတာဝန်ခံက ဆက်ပြောသည်။

“ဒီလထဲမှာလည်း ကျွန်းတောကုန်းရွာက ဒေသခံ(၃)ဦးကို အကြမ်းဖက်နဲ့ အဆက်အ သွယ်ရှိတယ်ဆိုပြီး စစ်ကောင်စီက ဖမ်းပြီးသတ်တယ်။ ပြီးတော့ ကြို့ချောင်းရွာက ဒေသခံ(၂)ယောက်မှာ လမ်းပြအနေနဲ့ လူသားဒိုင်းလုပ် ခေါ်သွားပြီးတော့ သူတို့တပ် အချင်းချင်း မှားယွင်းပစ်ခတ်တာတွေအထဲမှာပါသွားလို့ သေတာတစ်ယောက်နဲ့ ကွမ်းသီးခြံထဲမှာ ပစ်သတ်လိုက်လို့ သေတာတစ်ယောက်ပါ။” ဟု ၎င်းက ပြောသည်။

အလားတူ သံတောင်မြို့သစ်(၁၃)မိုင်တွင်လည်း ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်ကောင်စီမှ မြို့တွင်းသို့လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဒေသခံများနေရပ်စွန့်ခွာ ထွက်ပြေးခဲ့ကြရာ ယခုလက်ရှိတွင် နေရပ်ပြန်နေ ထိုင်လာကြသူများရှိနေပြီဖြစ် သော်လည်း ဒေသခံအချို့မှာ စိုးရိမ်ကြောက်လန့်သဖြင့် ပြန်မလာရဲကြသေးကြောင်း ဒေသတွင်းသတင်း အရင်းအမြစ်များက ပြောသည်။

သံတောင်ကြီးမြို့မြောက်ပိုင်း တိုက်ပွဲဖြစ်စဉ်များနှင့် ပတ်သက်၍ စစ်ကောင်စီဘက်က သီးခြား သတင်းထုတ်ပြန်ထားခြင်း မရှိသေးပေ။

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...