စစ်ကောင်စီ အုပ်ချုပ်ရေးမှူး မိသားစုဝင် ၇ ဦးသတ်ဖြတ်ခံရပြီးနောက် ပလောက်မြို့တွင် လုံခြုံရေးတင်းကြပ်

စစ်ကောင်စီ အုပ်ချုပ်ရေးမှူး မိသားစုဝင် ၇ ဦးသတ်ဖြတ်ခံရပြီးနောက် ပလောက်မြို့တွင် လုံခြုံရေးတင်းကြပ်

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာ အုပ်စု၊ ညောင်ရှင်ကုန်းရွာတွင် နေထိုင်သော စစ်ကောစီခန့် အုပ်ချုပ်ရေးမှူး မိသားစုဝင်(၇)ဦးကို ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၁ ရက်နေ့ညက အမည်မသိ လက်နက်ကိုင်လူတစ်စုက သတ်ဖြတ်သွားပြီးနောက် စစ်ကောင်စီဘက်မှ လုံခြုံရေးတင်းကြပ်လိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့နယ်ထဲက ပလောက်မြို့ ကျောက်လုံးကြီးကျေးရွာအုပ်စု ညောင်ရှင်ကုန်းရွာတွင် ဖေဖော်ဝါရီလ (၁၁) ရက်နေ့ည(၈)နာရီခွဲအချိန်ခန့်က စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ မိသားစုဝင်ဖြစ်သည့် ဇနီး၊ သမီးနှင့်မြေးများကို အမည်မသိလက်နက်ကိုင်လူတစ်စုက သတ်ဖြတ်သွားခဲ့ခြင်းကြောင့် ပလောက် မြို့တွင် လုံခြုံရေးနှင့် အစစ်အဆေးများ ပိုမိုပြုလုပ်နေကြောင်း ပလောက်မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “ ဒီမနက်ပလောက်မြို့မှာက ဂိတ်တွေချထားတယ်။ ပြီးတော့ဆိုင်ကယ်တွေကားတွေ ကိုစစ်တယ်။ ဘယ်သွားမလဲ ရစ်တယ်လို့ပဲ ထင်တယ်။ ပြီးတော့ အဲ့ဒီရွာတွဘက်ကို ကျတော့ စစ်သားတွေ ကားတွေနဲ့ဒီမနက် သွားကြတယ်။ အင်အားအရေအတွက်ကတော့ မသိဘူး။ ဒီမှာဆို ဘယ်သူမှ တောင်အပြင် မထွက်ရဲကြဘူး။ ”ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ သတ်ဖြတ်ခံရသူများတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးမြင့်အောင် မိသားစုဝင်များဖြစ်သော ဇနီးသည် အသက် (၆၂)နှစ်အရွယ် ဒေါ်ကြင်နွဲ့နှင့် သမီးဖြစ်သူ အသက် (၄၂)နှစ်အရွယ် ဒေါ်သန်းသန်းမော်၊ အသက် ၁၇နှစ်အရွယ် မောင်နေထက်သိန်း၊ အသက် ၁၆နှစ် အရွယ် မောင်ဇေယျာအောင်၊ အသက် ၁၃နှစ်အရွယ် မောင်စိုးမင်းပိုင်၊ အသက် ၉နှစ်အရွယ် မမေဇင်ဖြူ၊ တစ်နှစ်အရွယ် မောင်သားသားများပါဝင်ခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာများ၏ ဖော်ပြချက်အရသိရသည်။

၎င်းတို့ကို မည်သည့် လက်နက်ကိုင်အုပ်စုက လုပ်ဆောင်ခဲ့ကြောင်းကိုမူ တရားဝင် သတင်းထုတ်ပြန်ထားခြင်းမရှိသည်ကို တွေ့ရသည်။

နယ်မြေခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်၊ အမှတ်(၁)တပ်ရင်း Palaw People’s Defense Force မှ ၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး သက်ဆိုင်မှုမရှိကြောင်းနှင့် “မိမိတို့သည် အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ လက်အောက်ခံ တပ်ရင်းဖြစ်သည်နှင့်အညီ စစ်သည်ကျင့်ဝတ်၊ အရပ်သားများ၊ အမျိုးသမီးများနှင့်ကလေးသူငယ်များအပေါ်မည်ကဲ့သို့ ဆက်ဆံပြုမှုရမည်ကို စနစ်တကျ လေ့ကျင့်သင်ကြားထားသည့် တပ်မတော်တစ်ရပ်ဖြစ်ကြောင်း၊” ယနေ့ သတင်းထုတ်ပြန်ထားသည်။

Palaw People’s Defense Force မှ ပြန်ကြားရေးတာဝန်ခံက “ ၁၁ ရက်နေ့ညက လူတစ်စုလာရောက် သတ်ဖြတ်သွားတာ။ တရားခံကတော့ အခုထိ ဖော်ထုတ်လို့မရသေးပါဘူး။ အခုသတ်ခံထိတဲ့ သူကတော့ ရွာက အုပ်ချုပ်ရေးမှူးပါ။ စကစက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးပါ။”ဟု ကေအိုင်စီသို့ ပြောသည်။

လက်ရှိတွင်လည်း ပုလောမြို့နယ်ထဲရှိ ကျေးရွာအများစုတွင် စစ်ကောင်စီက ခန့်အပ်ထားသော အုပ်ချုပ် ရေးမှူးများက ကျေးရွာများတွင် အုပ်ချုပ်နေခြင်းဖြစ်ပြီး အချို့သော အုပ်ချုပ်ရေးမှူးများမှာ သုတ်သင် ရှင်းလင်းခြင်းခံရသည့် ဖြစ်စဉ်များရှိခဲ့သော်လည်း ယခုလို မိသားစုလိုက် သတ်ဖြတ်ခံရမှု ဖြစ်စဉ်မှာ ပထမဦးဆုံးအကြိမ်ဖြစ်ကြောင်း သိရသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...