ဆိုင်းနှောင် — “ကျမက ဆီဆိုင်က စစ်ရှောင်လာတာ။ ကျမရဲ့ အစ်မဆိုင်က လွိုင်ကော်ဘက်က။ ဒီမှာရောင်းရတာက ကျမတို့ မြို့မှာထက် အများကြီး ရောင်းရတယ်။ ဒီမှာပဲ အခြေချဖြစ်တော့မယ်။ ဈေးရောင်းရတာလည်း အရမ်း အဆင် ပြေတယ်” ဟု ပြောလာသူကတော့ တောင်ကြီးမြို့ ညစျေးတန်းရှိ ကယန်းရိုးရာ စားသောက်ဆိုင်မှ အသက် ၃၅ နှစ်အရွယ် ဆိုင်ရှင်အမျိုးသမီးဖြစ်သည်။
မြန်မာတစ်နိုင်ငံလုံးနီးပါး တိုက်ပွဲများပြင်းထန်နေပြီး အများစုမှာ စစ်ဘေးရှောင်နေရသည့်အချိန် ရှမ်းပြည်နယ် တွင် တိုက်ပွဲဖော်ဆောင်မှု နည်းပါးနေသေးသည်။ အေးချမ်းသည်ဟု မဆိုသာသော်လည်း ကျန်သည့် တိုင်း/ပြည် နယ်များနှင့် နှိင်းယှဉ်လျှင်တော့ အနည်းငယ် အသက်ရှုခွင့်ရသည့်ဟု ဆိုရမည် ဖြစ်သည်။
ထိုသို့ ငြိမ်သက်နေသည့် ရှမ်းပြည်နယ်ထဲတွင် တောင်ကြီးမြို့သည် လက်ရှိစီးပွားရေးလုပ်ကိုင်ရန် အကောင်းဆုံး ဖြစ်လေရာ စစ်ဘေးရှောင်အများစုအတွက် နားခိုရာ ဖြစ်လေသည်။ တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်း တိုက် ဆိုသလို ကျန်သည့် မြို့များတိုက်နေသကဲသို့ တည်ဆောက် ခွင့်ပေးသည့် မြို့များလည်း ရှိရမည်ဖြစ်သည်။
တောင်ကြီးမြို့သည် ပတ်ပတ်လည် စစ်ကောင်စီ တပ်ရင်းများ အထိုင်ချထားရုံမျှမက မြို့ထဲနေရာ အနှံ့အပြား တွင်လည်း စစ်တပ်ဝင်းများဖြင့် ပြည့်နှက်နေ၍ မြို့ပြပြောက်ကျား စစ်ဆင်ရေးများ ဖော်ဆောင်ရန် မလွယ်ကူ။ ထို့ကြောင့် ဒေသခံများမှာ ထောက်ပို့လုပ်ရုံနှင့် စစ်ဘေးရှောင်များကို လက်ခံကူညီရုံသာ တတ်နိုင်လေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း တောင်ကြီးမြို့တွင် အလုပ်လက်မဲ့ များလာသည်။ ဖျက်သိမ်းလိုက်ရသော ကုမ္ပဏီများလာပြီး ဝန်ထမ်းများ ထောင်ချီ အလုပ်လက်မဲ့ ဖြစ်ကြသည်။ အလုပ်ပြုတ် CDM များလည်း များလာပြီး လမ်းပျောက်ကုန်ကြသည်။
ထို့အပြင် တောင်ကြီးမြို့တွင် တိုင်းနှင့်ပြည်နယ် ပေါင်းစုံမှ စစ်ဘေးရှောင်များလည်း တိုးလာပြီး အများစုမှာ ကရင်နီပြည်က ဖြစ်သည်။ ထိုအလုပ်လက်မဲ့ ပြည်သူများမှာ အလုပ်မရှိ ဈေးရောင်းရုံသာ တတ်နိုင်တော့သည်။ ထို့ကြောင့် တောင်ကြီးမြို့ရှိ ပျံကျဈေးများတွင် စစ်အာဏာသိမ်းပြီးမှ လူပိုစည်ကားလာလေတော့သည်။
ထိုပျံကျဈေးများထဲတွင် ညဈေးတန်း ၂ ခုမှာ အပါအဝင် ဖြစ်ပြီး စစ်ဘေးရှောင်များနှင့် CDM ဝန်ထမ်းအချို့ ဈေး ရောင်းကြသည်။
တခါတရံ လောကကြီးက ဆန်းကျယ်လှသည်။ စစ်ဘေးရှောင်ရင်း အိုးမဲ့အိမ်မဲ့ဖြစ် ဒုက္ခရောက်သူများ ရှိသကဲသို့ စစ်ဘေးရှောင်ရပြီးမှ ရောက်သည့်နေရာတွင် လုပ်ကိုင်စားသောက်ရင်း လုပ်ငန်းအခြေကျ သွားသူများလည်း ရှိ သည်။ ထို့အပြင် CDM လုပ်၍ အလုပ်ပြုတ်ပြီးမှ ဝါသနာပါရာ အစားအသောက် လုပ်ငန်းများ ကို စမ်းလုပ်ကြည့် ရင်း အောင်မြင်သွားသူများလည်း ရှိလေသည်။
တောင်ကြီးမြို့သို့ ပြောင်းရွှေ့လာရခြင်းအတွက် ကလေးပညာရေးများ အဆင်ပြေပြီး ညဈေးတန်းမှာ အမြဲလိုလို ရောင်းအားကောင်းသောကြောင့် စားဝတ်နေရေးလည်း ချောင်လည်လာကြောင်း ကရင်နီစစ်ရှောင် အမျိုးသမီး တစ်ဦးက ပြောသည်။
“ဈေးရောင်းရတဲ့ ဝင်ငွေနဲ့ ကလေးဆိုလည်း ကျူရှင်တွေ ကောင်းကောင်းထားနိုင်တော့ ပညာရေးတော့ ပိုအဆင် ပြေတာပေါ့။ ဒီမှာက ဆရာကောင်းတွေရှိတယ်လေ။ ဒီဈေးရောင်းတဲ့ ဝင်ငွေက စုရလောက်အောင် မပိုလျှံပေ မယ့် လူတန်းစေ့တော့ နေနိုင်တာပေါ့နော်။ အပြင်ဆိုင်ခန်းတွေ ငှားခဈေးကြီးတော့ ဒီညဈေးကိုပဲ အားကိုးနေ ရတာပေါ့။”
တောင်ကြီးမြို့တွင် ညဈေးတန်းတွင် သာမက အချို့နေရာများတွင်လည်း ကရင်နီ စစ်ဘေးရှောင်များ ဆိုင်ခန်း ဖွင့်လှစ်၍ ရောင်းချနေကြသည်။ ထိုသို့ အပြင်ဆိုင်များတွင် ရောင်းချနေသည့် ကရင်နီစစ်ဘေးရှောင် စား သောက်ဆိုင် အရေအတွက်ပေါင်းမှာ တောင်ကြီးမြို့နယ် တစ်ခုလုံး ထည့်တွက်ရသော် ဆိုင်ပေါင်း ၃၀ ကျော် ခန့် ရှိနေသည်။
ထို့အပြင် တောင်ကြီးညဈေးတန်းတွင် CDM ဝန်ထမ်းအချို့မှာလည်း ခေတ်ပေါ်အစားအစာများ ရောင်းချနေခြင်း ကြောင့် ရောင်းအားမဆိုးလှသည့် အခြေအနေမျိုး ရှိနေသည်။
အသက် ၂၈ နှစ်အရွယ် ကျန်းမာရေး CDM ဝန်ထမ်းတစ်ဦးက “ကျနော်ဆိုင်က လက်ရာကောင်းတဲ့ ထဲတော့ မပါ ဘူး။ ဒါပေမယ့် မာလာရှမ်းကောတို့ ကြက်ကြော်တို့ အခုခေတ်စားနေတဲ့ဟာတွေဆိုတော့ လူငယ်တွေ အားပေး ကြပါတယ်။ ရောင်းအား အရမ်းမကောင်းပေမယ့် မဆိုးလှဘူးပေါ့။ အပြင်ဆိုင်ခန်းငှားရင် အနည်းဆုံး ၂ သိန်း လေ။ Food Panda နဲ့ ချိတ်ဆက်ပြန်တော့လည်း ရောင်းရငွေထဲက ၃၀% ပေးရမှာဆိုတော့ မကိုက်ဘူး။ အခု ဒီ ညဈေးမှာက ၇ သောင်းလောက်နဲ့ လူစည်တဲ့နေရာ ရောင်းရတော့ တန်တာပေါ့” ဟုပြောသည်။
ညဈေးတန်း ၂ ခုလုံးတွင် ရိုးရာအစားအသောက်များ အပြင် မြန်မာ ထမင်းဟင်းများ၊ တရုတ် ကိုးရီးယားရိုးရာ စားဖွယ်စုံများ၊ ခေါက်ဆွဲမျိုးစုံများနှင့် လက်ဘက်ရည်ဆိုင်များလည်း ရှိလေသည်။ ညဈေးတန်း ဖြစ်ပေါ်လာသည့် သမိုင်းမှာ မှတ်တမ်းများအရ ရေရေရာရာ မရှိလှသော်လည်း မြို့မဈေးအနီးရှိ ညဈေးတန်းမှာ ၁၉၆၀ ခုနှစ် နောက်ပိုင်းကတည်းက ပေါ်ခဲ့သည်ဟု ရှေးလူကြီးများက ပြောသည်။
အလားတူ ရှမ်းပြည်နယ် ဘောလုံးကွင်းဘေးရှိ ညဈေးတန်းအသစ်မှာ ၂၀၁၈ ခုနှစ်တွင် မြို့နယ်စည်ပင်မှ ဆိုင်ခန်း များကို မဲဖောက်၍ ရောင်းချခွင့် ပေးခဲ့ခြင်း ဖြစ် သည်။
ညဈေးတန်းအဟောင်းမှာ ညဈေးတန်းအသစ်ထက် ဈေးအနည်းငယ် သက်သာပြီး မူလလက်ဟောင်း
ရိုးရာ စား ဖွယ်များကို အခြေခံသည်။ ထိုပြင် လက်ဘက်ရည်ဆိုင်များမှာလည်း မူလလက်ဟောင်းဖြစ်၍ တောင်ကြီးတစ်မြို့ လုံးတွင် “ညဈေးတန်းက လက်ဘက်ရည်ကသာ အကောင်းဆုံး” ဟု တောင်ကြီးသားများက မှတ်ချက်ပြုကြ သည်။
ထိုညဈေးတွင် ရောင်းချသည့် ဈေးသည်များမှာ အင်းသား၊ ရှမ်း၊ ပအိုဝ်း၊ တောင်ကြီးဒေသခံများနှင့် အများစုမှာ သာစည်၊ မလှိုင်၊ ပျော်ဘွယ် စသည့် ဒေသများမှ ဗမာစစ်စစ်များ ဖြစ်ကြသည်။ သို့သော် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် CDM ဝန်ထမ်းများနှင့် စစ်ဘေးရှောင်အချို့ လာရောက် ရောင်းချကြသည်။
ညဈေးအဟောင်းတွင် စိမ်းမြညို၊ ဘန်ကောက် လက်ဘက်ရည်ဆိုင်များမှာ ပြိုင်စံရှားဖြစ်ပြီး ပုံမှန် (ပဲရည်ခေါက် ဆွဲ)၊ ဒေါ်သန်းကြည် (ဝက်သားချဉ်)တို့မှာလည်း လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ခန့်ကတည်းက ဖြစ်၍ မူလလက် ဟောင်း နာမည်ကြီးဆိုင်များ ဖြစ်လေသည်။
ထိုညဈေးအဟောင်းကို ကြိုက်သည့်သူ ရှိသကဲ့သို့ သန့်သန့်ရှင်းရှင်း စားသုံးတတ်သူများမှာ သန့်ရှင်းမှု အားနည်းသည်ဟု ဆိုကာ မကြိုက်ကြပါ။ ထိုသူများသည် ညဈေးအသစ်တွင် ပြောင်းလဲ စားသုံးကြသည်။
ညဈေးအသစ်သည် ရိုးရာစားဖွယ်များ အခြေမခံပဲ Bubble Tea ဆိုင်များ၊ BBQ အကင်များ၊ Hot Pot များ၊ ကိုးရီး ယား အစားအစာများ၊ ထိုင်းအထောင်းများ စသည့် ခေတ်ပေါ် အစားအသောက်များဖြင့် ရောင်းချကြသည်။
ထိုထဲတွင် ကရင်နီစစ်ဘေးရှောင်များ ရောင်းချသော ကယန်းရိုးရာ ဆန်ပြုတ်နှင့် ခေါင်ရည်ဆိုင်မှာ ထူးထူးခြား ခြား ရိုးရာဆိုင်လေး ဖြစ်သည်။ ထိုဆိုင်မှ ကယန်းဝက်အူချောင်းနှင့် ခေါင်ရည်မှာ နာမည်ကြီး၍ စားသုံးသူများ သောကြောင့် လက်မလည်နိုင်အောင် ဖြစ်ရသည်။ ကယန်းရိုးရာ စားသောက်ဆိုင်များမှာ ညဈေးတန်း အသစ် တွင် ၆ ဆိုင်ခန့်ရှိပြီး ဆိုင်ရှင်အားလုံးမှာ စစ်ဘေးရှောင်လာသူများဟု သိရသည်။
ညဈေးတန်းအသစ် ဆိုင်ခန်းများမှာ အမှိုက်ခွန်အဖြစ် တစ်လလျှင် မြို့နယ်စည်ပင်ဌာနကို ၃၀,၀၀၀ ကျပ် ခန့် ပေး ဆောင်ရပြီး တစ်ဆင့်ပြန်ငှားသူများမှာ ကျပ် ၇၀,၀၀၀ ခန့်ပေါက်ဈေးရှိသူဟု ဆိုသည်။ တောင်ကြီးမြို့တွင် ယခင်က ကယန်းရိုးရာ စားသောက်ဆိုင်များမှာ ရောင်းချသူပင် မရှိဘဲ စစ်အာဏာသိမ်းပြီး နောက်ပိုင်းမှသာ စစ်ဘေးရှောင်များ ရောင်းချမှုကြောင့် ပေါ်ပေါက်လာခြင်း ဖြစ်သည်။
ထို့ကြောင့် စားစရာ အသစ်အဆန်းလည်းဖြစ် အရသာလည်း ကောင်းလှသော ကယန်းရိုးရာ စားသောက်ဆိုင် များကို မြို့ခံပြည်သူများ သာမက ပြည်တွင်းခရီးသွားများလည်း လာရောက် အားပေးကြသည်။ ညဈေးတန်း အဟောင်းမှာ ရှေးကျကျ လှပနေ၍ ညဈေးအသစ်မှာ ခေတ်ဆန်စွာ လှပနေပြီး အလှကိုယ်စီ ပရိတ် သတ် ကိုယ်စီနှင့် ဖြစ်လေသည်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည် နာမည်ကြီးမြို့နေရာ အချို့အား ပြည်ပ ခရီးသွားများ လာရောက်ခြင်း မရှိသလို ပြည်တွင်း ခရီးသွားများမှာလည်း နေရာအနှံသို စစ်ပွဲများကြောင့် မလည်ပတ်နိုင်ကြပါ။ ထို့ကြောင့် ၎င်းတို့မှာ တောင်ကြီးမြို့ကိုသာ ရွေးချယ်ကြလေသလား မပြောတတ်။
ညဈေး ၂ ခုလုံးမှာ အမြဲတမ်းလိုလို မြို့ခံ များ၊ ခရီးသွားများဖြင့် လူစည်ကားနေတတ်သည်။ ထိုရောင်းသူ ဝယ်သူများကြောင့် ညဈေးတန်း ၂ ခုမှ စစ်ဘေး ရှောင်အချို နှင့် CDM ဝန်ထမ်းများ အနည်းငယ် ဆိုသာရုံလေး အဆင်ပြေကြသည်။
ယခင်က ညဈေးတန်းဟု ဆိုရာတွင် အဝေးပြေးကားမောင်သူများ၊ ညတာဝန်ကျသည့် ရုံးဝန်ထမ်းများ၊ ဘောလုံးပွဲကြည့်သူများဖြင့် ညလုံးပေါက်နီးပါး လူမျာစည်ကားနေ၍ နံနက် ၄ နာရီထိုးမှသာ ဈေးသိမ်းကြသည်။ သို့သော် စစ်အာဏာသိမ်းပြီး နောက်ပိုင်းတွင် မာရှယ်လောများထုတ်ခြင်း၊ အစစ်အဆေး တင်းကျပ်ခြင်း၊ မသင်္ကာသူများကို ဖမ်းဆီးခြင်းကြောင့် ည ၁၀ နာရီကျော်လျှင်ပင် လာရောက်သူ မရှိတော့ချေ။
သို့ဖြစ်၍ ရောင်းချသူများမှာလည်း နံနက် ၄ နာရီအထိပင် မစောင့်နိုင်တော့ပဲ ည ၁၁ နာရီထိုးသည်နှင့် တပြိုင်နက် ဆိုင်သိမ်းကြသည်။ စစ်အာဏာသိမ်းမှုကြောင့် ညဈေးမှာ လူပိုစည်လာသော်လည်း ညဈေးအငွေ့အသက် ပျောက်သွားသည်။
ထို့အပြင် အာဏာသိမ်းပြီးနောက်ပိုင်း ဆိုင်ကယ်သူခိုးများ ဒုစရိုက်လုယက်မှုများ ပြန်စခန်းထလာသောကြောင့် လာရောက်သူများပင် ရတက်မအေးရ ဖြစ်နေသည်။ လာရောက်သူများပင် ကြာကြာမထိုင်နိုင်တော့ပဲ ဆိုင်ကယ် လုံခြုံရေးအတွက် စိတ်ပူနေရသည်။
ညဈေးတန်းမှာ လူပိုစည်ကားလာသော်လည်း ညဈေး၏ အငွေ့အသက်ပျောက်သွားခြင်းကား မဖြစ်သင့်ချေ။ ယခင်ကကဲ့သို့ ညဈေးတန်းတွင် ဘောလုံးပွဲများ ကြည့်ချင်သည်။ လူငယ်ဆန်ဆန် ညသန်းခေါင် သူငယ်ချင်း များနှင့် လည်ပတ်ချင်သည်။ ဆိုင်ကယ် လုံခြုံရေးအတွက်လည်း စိတ်ချချင်သည်။ ညဉ့်နက်သည်အထိ လည် ပတ်မိလျှင် အိမ်အပြန်လမ်း လုံခြုံရေးအတွက် စိတ်ပူနေရခြင်းမျိုးလည်း မဖြစ်ချင်တော့။ ထို့ကြောင့် တောင် ကြီးတွင် နေထိုင်သော ပြည်သူများ အားလုံးမှာ စစ်အာဏာရှင် တော်လှန်ရေးကြီး အမြန်ဆုံး အောင်မြင်ပြီးလျှင် တရားဥပဒေ စိုးမိုးချင်လေပြီ။ သို့မှသာ ယခင်က ညဈေးတန်းအငွေ့အသက်များ ပြန်လည်ရရှိမည် ဖြစ်သည်