တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်ရှိ သကျက်တောရဲစခန်းကို ယမန်နေ့ဇန်နဝါရီလ ၁၆ရက် ညပိုင်းတွင် လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDF နှင့် အထူးပြောက်ကျားတပ်ဖွဲ့ တို့ပူးပေါင်း၍ ဝင်ရောက်မီးရှို့ရှင်းလင်းခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထား သည်။
အဆိုပါ သကျက်တောရဲစခန်းကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁၃ရက်နေ့ကတည်းက စစ်ကောင်စီတပ်သား များနှင့်ရဲများက စွန့်ခွာသွားခြင်းဖြစ်ပြီး ၁၆ ရက်နေ့ညမှာ လောင်းလုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -LLPDFနှင့် အထူးပြောက်ကျားတပ်ဖွဲ့တို့က သွားရောက် မီးရှို့ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြချက်အရ သိရသည်။
အဆိုပါ သကျက်တော ရဲစခန်းကို မစွန့်ခွာခင် စခန်းအတွင်း ရဲနှင့် စစ်သားအင်အား (၂၀)ကျော်ဖြင့် တပ်စွဲခဲ့ပြီး သကျက်တောကျေးရွာရှိ နေအိမ်များကိုမီးရှို့ဖျက်ဆီးခြင်းနှင့် ကျေးရွာနေပြည်သူများအား ဖမ်းဆီး ညှဉ်းပမ်းနှိပ်စက်ခြင်းတို့ ပြုလုပ်ခဲ့သောကြောင့် ယခုလိုမီးရှို့ရှင်းလင်းရခြင်းဖြစ်ကြောင်း LLPDF တာဝန်ခံတစ်ဦးက ယခုလို ပြောသည်။
၎င်းက “၁၁ ရက်နေ့ကလည်း လောင်းလုံမြို့က ဟင်းချိုတော ကျေးရွာကို ပျူစောထီးနဲ့ စခ ရေတွေ ရေလမ်းနဲ့ လာပြီး အိမ် ၅ လုံး မီးရှို့သွားတယ်။ အဲ့လို ကိစ္စတွေကြောင့် အခုလို မီးရှို့ရှင်းလင်းလိုက်တာပါ။ လက်ရှိလောင်းလုံ အခြေအနေကတော့ စခတွေမရှိဘဲ ငြိမ်နေတယ်။ ဘယ်လိုဗျူဟာတွေ သုံးမလဲတော့ မသိသေးဘူး။ PDF ဘက် ကတော့ နယ်မြေစိုးမိုးမှုတွေ များလာတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၆)ရက်နေ့ကလည်း စစ်ကောင်စီတပ်သားများနှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် များအကြား နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ သကျက်တောကျေးရွာ အနီးရှိထန်းရည်ဆိုင် တစ်ဆိုင်နှင့် လူနေအိမ်နှစ်လုံးတို့ကို လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ကာ မီးရှို့ဖျက် ဆီးခဲ့ကြောင်း၊ သကျက်တောရဲစခန်းအတွင်းမှလည်း လက်နက်ကြီးများဖြင့် ကျေးရွာအတွင်းသို့ ပစ်ခတ် ခဲ့သောကြောင့် နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ရသေးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ ပြောကြားချက်အရ သိရသည်။
ထို့အပြင် ပြီးခဲ့သည့်မေလတုန်းကလည်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက သကျက်တော့ရဲစခန်းကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝင်ရောက်ပစ်ခတ်မှုများပြုလုပ်ခဲ့သေးသည်ဟု ဒေသတွင်း သတင်းအရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။