PR (အချိုးကျ) စနစ်ဖြင့် စစ်ကောင်စီမှ ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲအတွက် ကရင်ပြည်နယ်လုံးဆိုင်ရာ မဲစာရင်းများအား နေပြည်တော် စစ်ကောင်စီထံ တင်ပြရန် ယခင် ၂၀၂၀ ရွေးကောက်ပွဲ မဲစာရင်းများကို အခြေပြု၍ ကရင်ပြည်နယ် လွှတ်တော်၊ ထွေအုပ်၊ လ၀က၀န်ထမ်းများအား ပြည်နယ်စစ်ကောင်စီက အမြန်ပြုလုပ်ခိုင်းနေ ကြောင်း စုံစမ်းသိရှိရသည်။
ပြည်နယ်အဆင့် စစ်ကောင်စီဌာနဆိုင်ရာများမှ ပြည်နယ်ရုံးများတွင် ယခင် ၂၀၂၀ ပါတီစုံ အထွေထွေရွေးကောက်ပွဲဆိုင်ရာ မဲစာရင်းအချက်အလက်များကို လက်ရှိ ပြုလုပ်ရန် ရည်ရွယ်ထားသည့် ရွေးကောက်ပွဲအတွက် ပြန်လည် စာရင်းပြုစုနေကြကြောင်း ဖားအံ မြို့ခံ ရွေးကောက်ပွဲ လေ့လာစောင့်ကြည့်ရေး အရပ်ဖက်အဖွဲ့အစည်းတွင် ပါ၀င်ခဲ့သူ တစ်ဦးက ပြောသည်။
၎င်းက “သူတို့အခုက ပြည်နယ်မှာ လွှတ်တော်ရုံး၊ ထွေအုပ်ရုံး၊ လ၀ကရုံးက ၀န်ထမ်းတွေ အရင် NLD ခေတ်က မဲစာရင်းတွေကို အခြေပြုပြီး မဲစာရင်းအသစ် ပုံစံလုပ်နေကြတယ်၊ အဲ့ဒီစာရင်းတွေကို အောက်ခြေမြေပြင် ကောက်ယူထားသယောင်နဲ့ နေပြည်တော် စစ် ကောင်စီကို တင်ဖို့ပြည်နယ်စစ်ကောင်စီ လူကြီးက အမြန်လုပ်ခိုင်းနေတယ်လို့ သိရတယ်။ စစ်တပ်လုပ်မယ့် PR အချိုးကျစနစ် ရွေးကောက်ပွဲကတော့ မဲစာရင်း အစစ်အမှန်မရှိ၊ မဲထည့်သူ မရှိဘဲ ရွေးကောက်ခံကိုယ်စားလှယ်တွေ ဖြစ်ကြမယ့် သဘောတွေ့နေရတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် အောက်ခြေ စစ်ကောင်စီ၀န်ထမ်းများကို ကျေးနယ်ထဲအထိဆင်းခိုင်းပြီး မဲစာရင်းကောက်ခိုင်းနေသလို တော်လှန်ရေးအင်အားစုများနှင့် ထိပ်တိုက်တွေ့ပြီး တိုက်ခိုက်ခံရမှုများ ထိခိုက်မှုများဖြစ်လာပါက အကြမ်းဖက်လုပ်ရပ်ပုံစံအဖြစ် ပုံဖော်ရန် ရည်ရွယ်ဟန်တူနေကြောင်းလည်း အဆိုပါ အရပ်ဖက်အဖွဲ့ဝင်က ဆက်ပြောသည်။
ယခု ဇန်နဝါရီလအတွင်း ပြည်နယ်အတွင်းရှိ မြို့နယ် စစ်ကောင်စီ ဌာနဆိုင်ရာများ၊ ကျေးနယ်၊ ရပ်ကွက်စစ်တပ်ခန့်ထားသည့် အုပ်ချုပ်ရေးမှူးအဖွဲ့များမှ မဲစာရင်း ကောက်ယူနေကြသည့် အခြေအနေအပေါ် စစ်အာဏာရှင်တော်လှန်သည့် အဖွဲ့များက သတိပေးတားမြစ်မှုများ ပြုလုပ်ထားကြောင်းလည်း သိရသည်။
အလားတူ ယခုရက်ပိုင်းများအတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့်ဒေသကျေးရွာ များတွင် စစ်ကောင်စီဌာနဆိုင်ရာများနှင့် ရပ်ကွက် /ကျေးနယ်အုပ်ချုပ်ရေးအဖွဲ့များမှ မဲစာရင်းကို စစ်အာဏာသိမ်းဖြစ်စဉ်အပေါ် ဒေသလူထု၏ သဘောထားနှင့် ရပ်ရွာ အခြေအနေအပေါ်မူတည်၍ ပုံစံ ၃ မျိုးဖြင့် မဲစာရင်းများ ကောက်ယူနေကြကြောင်း ကျုံဒိုး ဒေသခံက ယခုလို ပြောသည်။
“အခုက သူတို့က ပုံစံ ၃ မျိုး လောက်နဲ့ မဲစာရင်းကောက်နေတယ်။ မြို့ထဲ ရပ်ကွက်တွေ ဆိုရင် ဧည့်စာရင်းစစ်တဲ့ ပုံစံမျိုး စစ်တပ်၊ ရဲ၊ အုပ်ကြီးတွေနဲ့ အိမ်မိသားစုတွေ စစ်ဆေးပြီး စာရင်းကောက်တယ်။ တချို့ နေရာတွေမှာ ရွာရုံး၊ ရပ်ကွက်ရုံးကို သန်းခေါင်စာရင်း လာပို့ဆိုတဲ့ ပုံစံမျိုးနဲ့ အုပ်ကြီးရုံးတွေကနေ အထိုင်စာရင်း ကောက်တယ်။ နောက်ပြီးတော့ ရွာတွေဘက်မှာ သန်းခေါင်စာရင်းတွေအသစ် ပြန်လုပ်ရမယ်။ မှတ်ပုံတင်တွေ အသစ် လုပ်ရမယ်။ စာရင်းလာပေးကြဆိုပြီး စာရင်းကောက်တယ်။ အဲ့ဒီကမှ မဲစာရင်း ပြုစုတာတွေ လုပ်နေကြတယ် ”ဟု ပြောသည်။
ထို့အတူ ကျုံဒိုး၊ ကမ်းနီ၊ ကမ်းမရိုက်၊ နဘူး၊ ပတ၊ နောင်ဟင်ကျေးရွာဘက်များတွင် မဲစာရင်းကောက်ယူမှုအပေါ် KNLA ဘက်မှ ဆက်မကောက်ရန် သတိပေးထားခြင်းမျိုး ရှိသလို ဆက်လက်လုပ်ဆောင်သွားပါက အရေးယူတာမျိုးပြုလုပ်သွားရန် မဲစာရင်း ကောက်လိုက်ကောက်သည့် သက်ဆိုင်ရာ အဖွဲ့အစည်းများကို သတိပေး ထားကြောင်းလည်း ၎င်းဒေသခံ ဆက်ပြောသည်။
စစ်ကောင်စီ ပြုလုပ်မည့် PR အချိုးကျစနစ် ရွေးကောက်ပွဲအား KNU-ကရင်အမျိုးသား အစည်းအရုံးဗဟိုကော်မတီလူကြီးများမှ စစ်ကောင်စီ အာဏာသိမ်းမှုကြောင့် ၂၀၀၈ အခြေခံဥပဒေပျက်ပြီးဖြစ်ကြောင်း၊ စစ်ကောင်စီပြုလုပ်သည့် ရွေးကောက်ပွဲ သည် အတုအယောင်ရွေးကောက်ပွဲမျှသာ ဖြစ်သည့်အတွက် အာဏာရှင်အား တရား၀င်မှုဖြစ် စေမည့် ဆောင်ရွက်မှုများအား အားမပေးကြောင်း ပြီးခဲ့သည့် ၂၀၂၂ခုနှစ်၊ နို၀င်ဘာလ ၁၁ရက်က ကရင်လူထုတွေ့ဆုံပွဲတစ်ခုတွင် ပြောဆိုထားသည်။
လတ်တလောတွင် ကရင်ပြည်နယ်အတွင်း စစ်ကောင်စီမှ ၂၀၂၃ ရွေးကောက်ပွဲ မဲစာရင်း ကောက်ယူမှုများအား နည်းလမ်းမျိုးစုံဖြင့် ကောက်ယူနိုင်ရန် လုပ်ဆောင်နေသော်လည်း ဖားအံမြို့ နယ်မှအပ ကျန်မြို့နယ်များတွင် KNLA ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများ ဖြစ်ပွားနေသည်။ နှစ်ဖက်စစ်ရေးတင်းမာမှု များမြှင့်တက်နေပြီး စစ်ကောင်စီဘက်မှလည်း လေကြောင်းဖြင့် နေ့ညမပြတ် ဗုံးကြဲ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင် နေသည့်အတွက် ဒေသခံအရပ်သား ထိခိုက်သေဆုံးမှုမြှင့်တက်လာနေကြောင်း တွေ့ရသည်။