ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၄)နယ်မြေ၊ ဘိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုး(ထားဝယ်) မြို့နယ် ထားဝယ်-ထီးခီးလမ်းပေါ်ရှိ ဝကုန်းကျေးရွာတွင် စစ်ကောင်စီတပ်က လူနေအိမ် ၁၅ လုံးမီးရှို့ဖျက်ဆီးသွားခဲ့ပြီး ထွက်ပြေးတိမ်းရှောင်ကြရသည့် ဒေသခံအချို့မှာ ယခုအချိန်ထိ ရွာပြန်နေမရဲကြသေးကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၈)ရက်နေ့တွင် အင်အား ၁၀၀ ခန့်နှင့် စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ ဝင်များသည် ဝကုန်းကျေးရွာကို ရောက်ရှိချိန်တွင် လမ်းမကြီးဘေးနားရှိ လူနေအိမ် (၁၅)လုံးကို မီးရှို့ဖျက်ဆီးမှုလုပ်ဆောင်ခဲ့သည့်အတွက် ဒေသခံရွာသားများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်ခဲ့ကြ ရသည်ဟု ဒေသခံရွာသားတစ်ဦးက ပြောသည်။
၎င်းက “ ရွာမှာရောက်တော့ လမ်းဘေးတောက်လျှောက်ကို မီးရှို့ပစ်တော့ ရွာကလူတွေ အားလုံး တိမ်းရှောင်ရ တယ်။ ရှောင်မယ့်နေရာမရှိတော့ တောထဲမှာ ဟိုရှောင်ဒီရှောင်ပဲလုပ်ရတယ်။ အခု စစ်တပ်တွေကရွာကိုကျော်သွားပြီး ရွာမှာမရှိတော့ပေမယ့်လည်း ပြန်လှည့်လာမှာ ဒေသခံတွေက ကြောက်တယ်။ ရွာကလူတချို့ပြန်လာတာ ရှိတယ်၊ တချို့က ပြန်လာမရဲသေးဘူး။ ”ဟု ကေအိုင်စီသို့ ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် ထားဝယ်မြို့မှတစ်ဆင့်တက်လာကာ ထီးခီးသို့ စစ်ကြောင်း ထိုးတက်လာခြင်းဖြစ်ပြီး ဝကုန်းကျေးရွာရောက်ရှိချိန်တွင် လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်းလည်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင်၏ Kwe Ka Lu News က ရေးသားဖော်ပြထားသည်။
နောက်ထပ်ဒေသခံတစ်ဦးကလည်း “သူတို့ ရွာရောက်တဲ့အချိန် ကျနော်တို့က လိုက်တိမ်းရှောင်ရတော့ မမြင်ရဘူး။ တချို့တွေ့တဲ့လူတွေပြောတာကတော့ ဝကုန်းရွာရောက်တဲ့အချိန်မှာ ခြေကျင်နဲ့ပဲလာတယ်၊ သူတို့အနောက်မှာတော့ ယာဉ်တန်းတွေပါတယ်။ PDFတွေ နေတယ်ဆိုပြီး အိမ်တွေလိုက်ပြီးမီးရှို့တာပဲ။ ရွာထဲမှာတော့ဝင်မရှို့ဘူး၊ လမ်းဘေးကအိမ်တွေရှို့တယ်၊ ပစ္စည်းတွေလည်း ဖျက်ဆီးပစ်တယ် ၊ တော်တော်ဆိုးဆိုးဝါးဝါးပဲ။”ဟု ကေအိုင်စီသို့ ပြောသည်။
ကရင်တိုင်းရင်းသားအများစု နေထိုင်သည့် ဝကုန်းကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိကာ လက်ရှိတွင် လူဦးရေ ၂၀၀၀ခန့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုအခြေအနေများကို လေ့လာစောင့်ကြည့် သတင်း ထုတ်ပြန်သည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရ တနင်္သာရီတိုင်းဒေသကြီးတွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလမှ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိတွင် စစ်ကောင်စီတပ် လက်အောက်ခံ တပ်ဖွဲ့ဝင်များ၏ မီးရှို့ဖျက်ဆီးခံရသည့် အရပ်သားပြည်သူ နေအိမ် ၁၈၈ လုံးရှိကြောင်း အချက်အလက် ရရှိထားပြီး မြေပြင်တွင် ယခုထက် ပိုများနိုင်ကြောင်းလည်း ထုတ်ပြန်ထားသည်။