စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မူတြော်(ဖာပွန်)နယ်မြေတွင် ၁နှစ်အတွင်း ဒေသခံပြည်သူ (၄၁)ဦးသေဆုံး

စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မူတြော်(ဖာပွန်)နယ်မြေတွင် ၁နှစ်အတွင်း ဒေသခံပြည်သူ (၄၁)ဦးသေဆုံး

ကေအဲန်ယူ-ကရင်အမျိုသားအစည်းအရုံး၊ မူတြော်ခရိုင်၊ တပ်မဟာ(၅)နယ်မြေထဲတွင် စစ်ကောင်စီတပ်မှ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုနှင့် လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုကြောင့် ၂၀၂၂ခုနှစ် တနှစ်လုံးတွင် ဒေသအတွင်းရှိ အပြစ်မဲ့ပြည်သူ (၄၁) ဦးသေဆုံးခဲ့ရသည်ဟု ကေအဲန်ယူ တပ်မဟာ(၅) မူတြော်သတင်းစဉ်၏ တစ်နှစ်အတွင်း တိုက်ပွဲဖြစ်ပွားမှုပေါင်း နှစ်ချုပ် သတင်းထုတ်ပြန်ချက် အရ သိရသည်။

ပြီးခဲ့သည့် ၂၀၂၂ခု တနှစ်တည်းတွင် ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေ၌ စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှု (၃၅)ကြိမ်ရှိကာ ဗုံးသီးကြီး (၁၂၀)ခန့်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာများထဲတွင် လည်း လက်နက်ကြီးပေါင်း (၂၀၀၁)လုံးအထိ ပစ်ခတ်ခဲ့သည့်အတွက်ကြောင့် ဒေသခံပြည်သူ ၄၁ဦး သေဆုံးခဲ့သည့်အပြင် ၉၉ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ကေအဲန်ယူ၊ တပ်မဟာ(၅) က ဇန်နဝါရီလ (၆)ရက် နေ့စွဲနှင့် သတင်းထုတ်ပြန်ထားသည်။

၎င်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် လူနေအိမ် (၉၄)လုံးလည်း ထိခိုက်ပျက်စီးသွားခဲ့ပြီး ဘာသာရေးအဆောက်အဦးဖြစ်သည့် ခရစ်ယာန်ဘုရားကျောင်း (၂)လုံး၊ ပြည်သူလူထု၏ စပါးကျီ (၁၀)လုံးလည်း မီးလောင်ကျွမ်းခဲ့သည့်အပြင် အခြားထိခိုက်ပျက်စီးမှု အများအပြားရှိကြောင်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့်နှစ်ကုန်ပိုင်းက စစ်ကောင်စီတပ်များသည် တပ်မဟာ(၅) နယ်မြေထဲတွင် မြေပြင် စစ်ရေးလှုပ်ရှားမှု နည်းလာပြီး လေကြောင်းတိုက်ခိုက်မှုကို ပိုမို လုပ်ဆောင်လာသည်ကို တွေ့ရှိရသည့်အပြင် ဒေသအတွင်းရှိ စစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် BGF တပ်စခန်းမှ စစ်ကောင်စီ၏ ခိုင်းစေချက်အတိုင်း နယ်မြေမတည်ငြိမ်မှုဖြစ်ရန်နှင့် လူထုများကြောက်ရွံ့စေရန် ကျေးရွာထဲတွင် လက်နက်ကြီးအမြောက်အများနှင့် ပစ်ခတ်တိုက်ခိုက်နေသည်ကို တွေ့ရှိရသည်ဟု ကေအဲန်ယူ တပ်မဟာ(၅) ပြောခွင့်ရသူ ပဒိုမန်းမန်းမန်းက ပြောသည်။

၎င်းက “အရင်နှစ်က စစ်ကောင်စီဘက်က လေယာဉ်နဲ့လှုပ်ရှားတယ်။ လေယာဉ်နဲ့ ဗုံးကြဲတာ ပိုပြီးတော့ များလာတာကို ကျနော်တို့တွေ့ရတယ်။ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာဆိုရင် တော်တော်များများ လေယာဉ်နဲ့ ပစ်တာကို တွေ့ရတယ်။ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုက လူထုနေတဲ့နေရာတွေ ဆေးရုံ၊ ဆေးခန်း၊ စာသင်ကျောင်းတွေ ကျနော်တို့ တပ်နေရာတွေမကဘဲ လူထုကို သူတို့ ပစ်မှတ်ထားပြီး လုပ်တာတွေကို ကျနော်တို့ တွေ့ရတယ်ပေါ့။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ၂၀၂၂ခုနှစ် တစ်နှစ်တာအတွင်း စစ်ကောင်စီစစ်တပ်၊ စစ်ကောင်စီ လက်အောက်ခံ BGFတပ်ဖွဲ့ဝင်များ နှင့်   ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA အမှတ် (၅) တပ်မဟာ တပ်ဖွဲ့ဝင်များအကြား (၁)နှစ် အတွင်းမှာ တိုက်ပွဲပေါင်း (၂,၇၃၇)ကြိမ်ဖြစ်ပွားခဲ့ကာ ထိုတိုက်ပွဲများ အတွင်း စစ်ကောင်စီနှင့် BGF တပ်ဖွဲ့ဝင် ၁,၃၀၇ဦးသေဆုံးခဲ့ပြီး ၉၇၂ဦး ထိခိုက်ဒဏ်ရာရသွား ကြောင်းလည်း နှစ်ချုပ်စာရင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါတစ်နှစ်အတွင်း ဖြစ်ပွားသည့် တိုက်ပွဲများထဲတွင် နယ်မြေခံ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ဖွဲ့ဝင် (၅၀)ဦးကျဆုံးခဲ့ပြီး (၁၈၀)ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု လည်း KNU ဘက်က ဆိုသည်။

အလားတူ ပြီးခဲ့သည့် ၂၀၂၁ခုနှစ်ထဲတွင်လည်း ကေအဲန်ယူ တပ်မဟာ(၅)နယ်မြေတွင် ထိတွေ့တိုက်ပွဲပေါင်း (၂,၆၉၆)ကြိမ် ဖြစ်ပွားခဲ့သည်ဟု ယမန်နှစ်က ကေအဲန်ယူ၏ထုတ်ပြန်ချက်အရ သိရသည်။

ကေအဲန်ယူတွင် တပ်မဟာနယ်မြေ (၇)ခုရှိသည့်အနက် တိုက်ပွဲဖြစ်ပွားမှုရှိသည့် တပ်မဟာ (၆)ခုတွင် ပြီးခဲ့သည့် ၂၀၂၁ခုနှစ်အတွင်း တိုက်ပွဲပေါင်း သုံးထောင်ကျော်ဖြစ်ပွားမှုရှိခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ (၃၁)ဦးသေဆုံးပြီး (၈၆)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းလည်း ကေအဲန်ယူ ထုတ်ပြန်ချက်ပါ စာရင်းတွင် ဖော်ပြပါရှိသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...