ကေအဲန်ယူ မူတြော်(ဖာပွန်)ခရိုင်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး သေဆုံး

ကေအဲန်ယူ မူတြော်(ဖာပွန်)ခရိုင်အတွင်း စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံ (၆)ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး-KNU၊ မူတြော်ခရိုင်၊ ဒွဲလိုးမြို့နယ်၊ မဲသူကျေးရွာအုပ်စု၊ လဲထူးဖိုဒေသတွင် စစ်ကောင်စီဖက်က တိုက်လေယာဉ်ဖြင့် ဝင်ရောက်ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ဒေသခံ အရပ်သား ၆ဦး ထိခိုက်သေဆုံးသွားကြောင်း ကေအဲန်ယူ မူတြော်သတင်းစဉ်က ယနေ့ သတင်းထုတ်ပြန်ထားသည်။

၎င်းတပ်မဟာ (၅)နယ်မြေ၊ မူတြော်ခရိုင်၌ ဇန်နဝါရီလ ၇ရက်နေ့ တစ်ရက်ထဲတွင် စစ်ကောင်စီဘက်မှ တိုက်လေယာဉ် (၇)စင်း အသုံးပြု၍ တပ်မဟာ (၅) ဒေသအတွင်းသို့ လေကြောင်း တိုက်ခိုက်မှု အပြင်းအထန် ပြုလုပ်ခဲ့ခြင်းကြောင့် ဒွဲလိုးမြို့နယ်၊ မဲသုကျေးရွာအုပ်စု၊ ယာထီးထကျေးရွာထဲရှိ လူနေအိမ်အပေါ်သို့ လက်နက်ကြီး ၄လုံး ကျရောက်ပေါက်ကွဲခဲ့ရာ ရွှေတူးဖော်ရေးလုပ်ငန်း လုပ်ကိုင်သူ မိသားစုဝင် (၄)ဦးနှင့် ရွှေတူး လုပ်သား ၂ဦး ထိခိုက်သေဆုံးသွားသည်ဟု မူတြော်သတင်းစဉ်၏ ဖော်ပြချက်တွင် ပါရှိသည်။

ယင်းသို့သေဆုံးသွားသူများမှာ ယာထီးထကျေးရွာနေ ဒေါ်နွယ်နီနှင့် ၎င်း၏သားနှစ်ဦး၊ ချွေးမတစ်ဦးနှင့် ရွှေလုပ်သား ၂ဦးတို့ဖြစ်ကြောင်း၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသတွင်း ဆေးခန်းတစ်လုံး အပါ အဝင် အခြားအဆောက်အဦး ၇လုံး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း KNU ဘက်က ဆိုသည်။

ထိုနေ့တွင်ပင် KNU တပ်မဟာ (၅) ဌာနချုပ်အနီး ဒေပူးနိုဒေသဘက်သို့လည်း တိုက်လေယာဉ်နှစ်စင်းဖြင့် ဗုံး ၄လုံး ကြဲချကာ တိုက်ခိုက်မှုကြောင့် ဒေသခံရွာသားတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး နေအိမ်တစ် လုံးနှင့် မော်တော်ယာဉ်တစ်စီး ထိမှန်ပျက်စီးခဲ့သည်။ ၎င်းမတိုင်မီ နံနက်ပိုင်းတွင် စစ်ကောင်စီက တိုက်လေယာဉ် ၇စင်းဖြင့် ဗုံးသီးအလုံး ၂၀ခန့် ကြဲချခဲ့ရာ ဒေသခံများ လုပ်ကိုင်စားသောက်သည့် တောင်ယာစိုက်ခင်းများ ပျက်စီးသွားသည်ဟုလည်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီတပ်၏ ဗုံးကြဲ တိုက်ခိုက်မှုများကြောင့် ဒေသခံများအနေဖြင့် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး စိုးရိမ်ကြောက်ရွံ့လျက်ရှိကာ နေထိုင်စားသောက်ရေးအတွက်လည်း အခက်အခဲများ ကြုံတွေ့နေရကြောင်း ဒေသခံပြည်သူများက ပြောဆိုသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့တွင်လည်း စစ်ကောင်စီမှ တိုက်လေယာဉ် ၄စင်းဖြင့် ဒွဲလိုးမြို့နယ်၊ မယ်ဝေကျေးရွာအုပ်စု၊ မယ်ဝေကျေးရွာ၊ တိုမဲခီးကျေးရွာနှင့် ခလို့ခီးကျေးရွာအတွင်းရှိ ဒေသခံလူထု၏ စိုက်ပျိုးမြေနေရာအတွင်းသို့ ဗုံးသီးအလုံး (၅၀)ကျော်အပြင် လေယာဉ်ပစ်သေနတ်ဖြင့် အချက်ပေါင်း ၂၀,၀၀၀(နှစ်သောင်း)ကျော် ပစ်ခတ်သွားသေးကြောင်း ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။

၎င်းအပြင် ကေအဲန်ယူ၊ မူတြော်ခရိုင်၊ တပ်မဟာ (၅)၏ ၂၀၂၂ခုနှစ်အတွက် ပြုစုထားသည့် နှစ်ချုပ် တိုက်ပွဲစာရင်းအရ တစ်နှစ်အတွင်း ၎င်းတို့နယ်မြေတွင် တိုက်ပွဲပေါင်း  (၂၇၃၇)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ လေကြောင်းတိုက်ခိုက်မှု ၃၅ကြိမ် ပြုလုပ်ပြီး ဗုံးသီး (၁၈၂)လုံး ကြဲချခဲ့သည်ဟုလည်း ဖော်ပြထားသည်။

Most read this week

November 29, 2024
ပဲခူးတိုင်းဒေသကြီး၊ ကျောက်တံခါးမြို့နယ်၊ ချောင်းဝရွာကို နိုဝင်ဘာလ(၂၃)ရက်နေ့ နံနက်ပိုင်းက KNU,...
November 28, 2024
ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ ထိန်းချုပ်သည့် ကော်သူးလေနယ်မြေများရှိ စစ်ဘေးရှောင်...
photo-SHRF
November 28, 2024
ထိုင်း-မြန်မာနှစ်နိုင်ငံနယ်စပ် တာချီလိတ်နှင့် မယ်ဆိုင်မြို့တို့တွင် ယခုနှစ်မိုးရာသီတွင်...
November 27, 2024
ယခုလို တရုတ်ငွေလိမ်လုပ်ငန်းမှ ပြန်လွတ်လာသူ နိုင်ငံခြားသားများမှာ သီရိလင်္ကာနိုင်ငံသား ၃၂ ဦး၊...