စစ်ကောင်စီ လုပ်ဆောင်သွားမည့် နိုင်ငံတဝှမ်း လူဦးရေစာရင်းကောက်ယူမည့် အစီအစဉ်ကို မပူးပေါင်းကြရန် ဇန်နဝါရီလ (၅)ရက်နေ့ ရက်စွဲဖြင့် တော်လှန်ရေးအင်အားစုများ၏ ပြည်သူလူထုတစ်ရပ်လုံးသို့ နှိုးဆော်ပန်ကြား ချက်အတိုင်း လုပ်ဆောင်ရန်ခက်ခဲမည်ဖြစ်ကြောင်း ပြည်သူများက သုံးသပ်ပြောဆိုကြသည်။
တော်လှန်ရေးအင်အားစုများ၏ နှိုးဆော်ချက်တွင် ၂၀၂၃ ခုနှစ်အတွင်း ကျင်းပပြုလုပ်မည့် တရားမဝင်ရွေး ကောက်ပွဲရလဒ်အတွက်နှင့် တော်လှန်ရေးရဲဘော်များ၏ မိသားစုဝင်များ၊ နိုင်ငံ့ဝန်ထမ်း CDM၊ ပုဂ္ဂလိကဝန်ထမ်း CDM များအား အဓိကထားရှာဖွေဖော်ထုတ်ပြီး မတရားဖမ်းဆီး စောင့်ကြည့်ခြင်း၊ ပိုင်ဆိုင်မှုသိမ်း ယူနိုင်ခြင်း များအတွက် စစ်ကောင်စီက လုပ်ဆောင်မည့်အစီအစဉ်ဖြစ်၍ ပြည်သူလူထုအနေဖြင့် မပူးပေါင်းကြရန်အပါအဝင် အချက်(၅)ချက်ဖြင့် နှိုးဆော်ထားခြင်းဖြစ်သည်။
နိုင်ငံရေးသုံးသပ်လေ့လာသူ တစ်ဦးက “လက်နက်မရှိတဲ့ပြည်သူကို အကြမ်းဖက်စစ်တပ်ကို ရင်ဆိုင်ခိုင်းတာ နည်း နည်းတော့လက်တွေ့မကျဘူးလို့ ကျနော်ထင်ပါတယ်။ တိုက်ရိုက်ဆန့်ကျင်တာထက်စာရင် စာရင်း ကောက် တာကြာအောင် အချိန်ဆွဲတဲ့ နည်းလမ်းမျိုး သုံးသင့်ပါတယ်။ နောက်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းသူကို သတင်းပေးဆိုတာမျိုးက ပြည်သူက သူတို့လာကောက်လို့ ပေးလိုက်ရတဲ့အခါ ပြည်သူလည်းပူးပေါင်း သူဖြစ်သွားရင် ပြည်သူအချင်းချင်းသွေးခွဲ ရန်တိုက်သလိုဖြစ်မှာ စိုးရိမ်ရပါတယ်။” ဟု ပြောသည်။
ထို့အပြင် အဓိကကျသောရွေးကောက်ပွဲတွင် ပြည်သူများမဲမပေးရန်၊ ပယ်မဲ(သို့မဟုတ်)ဆန့်ကျင်မဲပေးရန် စသည်ဖြင့် ပြည်သူ့အတွက် အန္တရာယ်ကင်းမည့်နည်းလမ်းမျိုးစဉ်းစားထားသင့်ပြီး ရွေးကောက်ပွဲ သပိတ်သော်လည်းကောင်း၊ တစ်ကမ္ဘာလုံးသိစေမည့် ဆန္ဒပြပွဲသော်လည်းကောင်း ဖြစ်ပေါ်စေရန် စည်းရုံးမှုလုပ်ဆောင်၍ အကျိုးအမြတ်များမည့်နည်းလမ်းမျိုးဖြင့် စိတ်ရှည်ရှည်ထားလုပ်ဆောင်သင့်ကြောင်း ၎င်းက ဆက်လက် သုံးသပ်ပြောဆိုသည်။
“ သူတို့ပြောသလိုမလုပ်နဲ့ဆိုတာတော့ မလွယ်လောက်ဘူး။ မြို့နေပြည်သူတွေမှာ ကျီးလန့်စာစားနေရတာ။ သူတို့အတွက်ထိခိုက်မယ်ဆိုရင်တော့ စာရင်းမပေးဘဲမနေလောက်ဘူး။ ပြည်သူတစ်ဝက်လောက်က အေးအေးချမ်းချမ်းပူးပေါင်းလိမ့်မယ်။ တောထဲမှာ တော်လှန်ရေးလုပ်နေတဲ့သူအတွက်ကတော့ အိမ်မှာကျန်ခဲ့တဲ့မိသားစုအတွက် စစ်ကောင်စီရဲ့ရန်ကိုကြောက်ရတယ်။”ဟု ကျိုက်ထိုမြို့ခံ တော်လှန်ရေးရဲ ဘော်တစ်ဦးက ကေအိုင်စီသို့ပြောသည်။
တော်လှန်ရေးအင်အားစုများ၏ နှိုးဆော်ပန်ကြားချက်တွင် ဇန်နဝါရီလ ၉ ရက်နေ့မှ ၃၁ရက်နေ့အတွင်း အကြမ်းဖက်စစ်ကောင်စီ၏ တစ်အိမ်တက်ဆင်း လူဦးရေ စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်ကို ငြင်းဆန်၊ မပူးပေါင်းကြရန်၊ အတင်းအဓမ္မခြိမ်းခြောက်မှုများရှိလာပါက ရနိုင်သည့် နည်းပေါင်းစုံဖြင့် မှတ်တမ်းတင်ထားပါရန်၊ မတရားခြိမ်းခြောက်မှုများကြောင့် လူဦးရေစာရင်းပေးရပါကလည်း အချက်အလက်အမှားသာပေးကြရန် ဖော်ပြထားသည်။
ထို့အပြင် မိမိတို့ ပတ်ဝန်းကျင်တွင် လူဦးရေ စာရင်းကောက်ယူမှု အခြေအနေများကို Telegram Scout Channel များသို့ဖြစ်စေ၊ သတင်းမီဒီယာများနှင့် သပိတ်အင်အားစုများ၏ လူမှုကွန်ရက်(Facebook) စာမျက်နှာများသို့ ဖြစ်စေ အချိန်နှင့်တပြေးညီ သတင်းပေးပို့ကြပါရန်နှင့် တအိမ်တက်ဆင်း မြေပြင်လူဦးရေ စာရင်းကောက် ယူနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကြသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စကစ ဘက်တော်သား ဒလန်သ တင်းပေးများကို သေချာမှတ်သားထား၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားရေး ဝန်ကြီးဌာနှင့် ပြည်ထဲရေးဝန်ကြီးဌာနများကို အမြန်ဆုံး သတင်းပေးပို့တိုင်ကြားရန် ဖော်ပြပါရှိသည်။
သံတောင်ကြီးမြို့ဒေသခံတစ်ဦးကလည်း “လောလောဆယ် ကျမတို့ဘက်မှာ သန်းခေါင်စာရင်း လာကောက်တာမရှိသေးဘူး။ ကျမတစ်ယောက်တည်း အနေနဲ့ဆို အိမ်မှာလူရှိတဲ့အနေအထားမျိုးဆိုရင် အမှန်အတိုင်းပဲ စာရင်းပေးမိမှာပါ။ ကျမတို့က ဘယ်ပါတီစွဲမှမရှိပေမယ့် ဒါကြီးကမှားနေတယ်မှန်းသိတော့လေ။ ဒါပေမယ့် ခြိမ်းခြောက်တာတွေ ဖြစ်လာမယ်ဆိုရင်ကတော့ မဖြစ်ခင် အိမ်ကနေကြိုရှောင်နေလိုက်ရုံပါပဲ။ ကြောက်ပြီးပေးလိုက်မယ့်သူလည်း ရှိရင်ရှိမှာပေါ့။” ဟု ပြောသည်။
အာဏာသိမ်း စစ်ကောင်စီက ‘အာဏာသိမ်းယူခြင်းမဟုတ်ဘဲ အာဏာထိန်းခြင်းဖြစ်၍ ၂၀၂၃ခုနှစ်အတွင်း ရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးမည်’ ဟု ဆိုထားပြီး အဆိုပါ ရွေးကောက်ပွဲအတွက် မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီဖွဲ့စည်းကာ တိုင်းနှင့်ပြည်နယ်အသီးသီးတွင် နည်းပြသင်တန်းများ ဖွင့်လှစ်ပို့ချခဲ့ပြီး ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်နေ့အထိ တစ်အိမ်တက်တစ်အိမ်ဆင်း စနစ်ဖြင့် သန်းခေါင်စာရင်း ကောက်ယူသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။