စစ်ကောင်စီတပ်ဖွဲ့မှ မတရားဖမ်းဆီးထားသော ချင်းနှင့်ကချင် နှစ်ခြင်းအသင်းတော်မှာ ခရစ်ယာန်သာသနာ့ဝန်ဆောင် သက္ခာတော်ရဆရာတော်နှစ်ပါးကို အမြန်ဆုံးပြန်လွတ်ပေးရန်
ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ဒီဇင်ဘာလ ၂၂ က ကြေညာချက် တစ်စောင်ထုတ်ပြန်ပြီး တောင်းဆိုလိုက်သည်။
ဒီဇင်ဘာလ ၅ ရက်နေ့က ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဌဟောာင်းဖြစ်သူ သိက္ခာတော်ရဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက မတရား ဖမ်းဆီးခေါ်ဆောင်ခဲ့ပြီး တရားစွဲဆိုရန် ပြင်ဆင်နေကြောင်း ICNCC က ဆိုသည်။
အလားတူ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၁၆) ရက်နေ့က ဖမ်းဆီးခံရသော မန္တလေး ဖလမ်းနှစ်ခြင်းအသင်းတော်၏ သင်းအုပ်ဆရာဖြစ်သူ သိက္ခာတော်ရဆရာ သျှန်းလျန်ဆန်းကို စစ်ကောင်စီတရားရုံးက ဒီဇင်ဘာလ ၇ ရက်နေ့က အလုပ်ကြမ်းနှင့်ထောင်ဒဏ် စုစုပေါင်း (၂၃) နှစ် ချမှတ်ခဲ့သည်။
အဖိနှိပ်ခံပြည်သူများနှင့် အတူရပ်တည်ပြီး စစ်ကောင်စီအား ထောက်ခံခြင်းမပြုသော ခရစ်ယာန်ဘာသာရေးခေါင်းဆောင်များအား မတရားဖမ်းဆီးခြင်း၊ ရရာပုဒ်မဖြင့် မဟုတ်မမှန် တရားစွဲဆို၍ ၎င်းတို့ထိန်းချုပ်မှုအောက်ရှိ တရားရုံးက ပြစ်ဒဏ်ချမှတ်နေခြင်းတို့မှာ ခရစ်ယာန် အသင်းတော်များအား ဖိနှိပ်ချုပ်ချယ်ရန် ကြိုးစားနေသည့် အကြမ်းဖက်မှုပင် ဖြစ်သည်ဟု ICNCC က ဆိုသည်။
ယခုကဲ့သို့ ဖိနှိပ်ခံပြည်သူများနှင့်အတူရပ်တည်ပြီး စစ်မှန်သော ခရစ်ယာန်ခေါင်းဆောင်မှုကို ပြသကြသည့် ခရစ်ယာန်သာသနာ့ဝန်ဆောင် ဆရာတော်များအား မတရားဖမ်းဆီးခြင်း၊
အကျဉ်းချခြင်းများကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပါကြောင်း၊ စစ်ကောင်စီအနေဖြင့် ယင်းဆရာတော်များအား ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးရန် ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) က အလေးနက် တောင်းဆိုကြောင်း ထုတ်ပြန်ထားသည်။