မြန်မာနိုင်ငံဟာ (၂၀၂၁ ခုနှစ် ဖေါ်ဝါရီလ ၁ ရက်)နေ့ စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် ဘက်ပေါင်းစုံ အကျပ်အတည်းနဲ့ ရင်ဆိုင်နေရသလို နိုင်ငံတစ်ကာဆက်ဆံရေးဟာလည်း လုံးဝကျဆင်းသွားခဲ့ပါတယ်။ အာဏာသိမ်းစစ်တပ်က ဦးဆောင်ဖွဲ့စည်းထားတဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ(နစက) အစိုးရဟာ မြန်မာနိုင်ငံအဖွဲ့ဝင်အဖြစ် ပါဝင်ထားတဲ့ အရှေ့တောင်အာရှနိုင်ငံများအသင်း (အာစီယံ)အစည်းအဝေးကိုတောင် တက်ရောက်ခွင့် ပိတ်ပင်ခံလိုက်ရတဲ့အထိ နိုင်ငံတစ်ကာ ဆက်ဆံရေး ဆိုးဝါးနေတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်။
မြန်မာစစ်ကောင်စီကို အာစီယံကချမှတ်တဲ့ သဘောတူညီချက်ငါးရပ်ကို စစ်ကောင်စီဘက်က အကောင်အထည် မဖေါ်တာကြောင့် စစ်ကောင်စီကို အာစီယံနိုင်ငံအများစုက စိတ်ပျက်နေကြတယ်လို့ သတင်းတွေမှာ ဖေါ်ပြထားကြပါတယ်။ မြန်မာနိုင်ငံဟာ စစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးတဲ့နောက် နိုင်ငံတစ်ကာ ရင်းနှီးမြှုပ်နှံမှုတွေလည်း ပြန်လည်ထွက်ခွာသွားခဲ့ကြတာကြောင့် နိုင်ငံဟာ အလုပ်လက်မဲ့များစွာနဲ့ ဆင်းရဲမွဲတေမှုသို့ ချက်ချင်းထိုးဆင်းသွားခဲ့ပြီး မြန်မာ့ငွေဈေးကလည်း အကြီးအကျယ် ထိုးကျခဲ့တာကြောင့် အမေရိကန်တစ်ဒေါ်လာဟာ မြန်မာငွေကျပ်သုံးထောင်ကျော်နဲ့ လှဲလှယ်နေကြရတဲ့အထိ မကြုံစဖူး ငွေကြေးဖောင်းပွမှုကို ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။
မြန်မာ့အိမ်နီးချင်း အင်အားကြီးနိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံကတော့ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူမှုအပေါ် ထင်သာမြင်သာရှိတဲ့ ဝေဖန်မှုမျိုးနဲ့ အရေးယူပိတ်ဆိုတာတွေကို လုံးဝမလုပ်ခဲ့သလို မြန်မာနိုင်ငံမှာ နေ့စဉ်ကြုံတွေ့နေကြတဲ့ စစ်တပ်က ရွာတွေကိုမီးရှို့ဖျက်ဆီးတာ၊ လူ့အခွင့်အရေးချိုးဖောက်တာ၊ မတရားဖမ်းဆီးတာတွေအတွက် ရေငုံနှုတ်ပိတ်နေတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံရဲ့ လက်ရှိသမ္မတ ရှီကျင့်ဖျင်ဟာ ဒီတစ်ခေါက် ပါတီညီလာခံမှာ အတွင်းရေးမှူးနေရာကို သုံးကြိမ်မြောက် ပြန်လည်ရယူနိုင်ခဲ့ပြီး တရုတ်နိုင်ငံရဲ့ နှစ်ကြိမ်ထက် ပိုမိုသမ္မလုပ်ပိုင်ခွင့်မရှိတဲ့ သမ္မတလုပ်ပိုင်ခွင့်ကို သုံးကြိမ်မြောက် ရွေးချယ်ခံခဲ့ရပါတယ်။ ရှီကျင့်ဖျင်ဟာ တရုတ်နိုင်ငံရဲ့ စီပွားရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်သူအဖြစ် ဩဇာကြီးမားသူဖြစ်ပြီး တရုတ်နိုင်ငံကို ကြီးကျယ်ခမ်းနားအောင် ဦးဆောင်နိုင်သူအဖြစ် ထင်ရှားသူလည်းဖြစ်ပါတယ်။
တရုတ်နိုင်ငံနဲ့မြန်မာနိုင်ငံ ဆက်ဆံရေးဟာ ဗိုလ်ချုပ်နေဝင်း နိုင်ငံအာဏာကိုသိမ်းယူခဲ့တဲ့ (၁၉၆၂)ခုနှစ်ကနေစပြီး မြန်မာစစ်တပ်ရဲ့ ဆိုဝါးတဲ့ လုပ်ရပ်ပေါင်းများစွာကို ကာကွယ်ပေးလာခဲ့တဲ့နိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံမှာ ရပ်တည်လာခဲ့ပါတယ်။ နိုင်ငံအာဏာကို သိမ်းယူခဲ့ကြတဲ့ မြန်မာ့စစ်အာဏာရှင်အဆက်ဆက်နဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးရှိပြီး မြန်မာနိုင်ငံကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့၊ သစ်တော၊ ကျောက်စိမ်း၊ သတ္တု၊ ခဲနီ၊ ကြေး၊ အစရှိတဲ့ သယံဇာတပေါင်းများစွာကို တရုတ်နိုင်ငံအတွက် ဈေးပေါပေါနဲ့ ရယူနိုင်ခဲ့တာကြောင့် မြန်မာနိုင်ငံကို စစ်အာဏာရှင်စိုးမိုးခြင်းဟာ တရုတ်အတွက်တော့ လသာတုန်းဗိုင်းငင်ရုံပါဘဲ။
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ခံအစိုးရနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေး ရှိခဲ့သလို NLD အစိုးရလက်ထက်မှာ မြန်မာနိုင်ငံမှာပြုလုပ်မယ့် ရင်းနှီးမြှုပ်နှံမှုစီမံကိန်းပေါင်း လေးဆယ်ကျော်ကို လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အာဏာရှင် ဗိုလ်ချုပ်သန်းရွှေ ထိုးကျွေးခဲ့တဲ့ ရက္ခိုင်ပြည်ကထွက်ရှိတဲ့ သဘာဝဓာတ်ငွေ့ပေါင်းများစွာကို အလကားနီးပါးနဲ့ ရယူထားနိုင်ခဲ့ပြီး ရက္ခိုင်ပြည်အတွင်း နောက်ထပ်စီမံကိန်းပေါင်းများစွာကိုလည်း မူအားဖြင့် ရယူထားနိုင်ခဲ့တာကိုတွေ့ရပါတယ်။
တရုတ်ရဲ့ ကမ္ဘာလွှမ်းခြုံစီမံကိန်းဖြစ်တဲ့(Belt and Road Initiative–BRI) စီမံကိန်း အကောင်အထည်ဖော်နိုင်ဖို့ဟာ သမ္မတချီအတွက် အသက်ထက်ပိုအရေးကြီးသလို ဒီစီမံကိန်းရဲ့ အိပ်မက်နှစ်သွယ်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ စီးပွားရေး၊ စစ်ရေး ထွက်ပေါက် မဟာဗျူဟာဆုံရပ်ဖြစ်တဲ့ အိန္ဒိယသမုဒ္ဒရာ စိုးမိုးရေး မဟာဗျူဟာစီမံကိန်းဟာ တရုတ်အတွက် မဖြစ်မနေ လုပ်ဆောင်မှာဖြစ်ပါတယ်။
(Belt and Road Initiative–BRI)စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို အရပ်သားတစ်ပိုင်းအစိုးရလို့ လူသိများတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ တရုတ်ကို စိတ်ကြိုက်လုပ်ပိုင်ခွင့် ပေးအပ်ခဲ့ပေမယ့် ဒေါ်စုဦးဆောင်တဲ့ NLD အစိုးရလက်ထက်မှာ ပြန်လည်ပြင်ဆင်ခဲ့တာကြောင့် စီမံကိန်း တည်ဆောက်ရေးပိုင်းမှာ နှောက်နှေးသွားခဲ့ပါတယ်။ သို့သော်လည်း (၂၀၂၁)ခုမှာ စစ်တပ်က နိုင်ငံအာဏာကို သိမ်းယူခဲ့ပြီးတဲ့နောက် ဒီစီမံကိန်းအတွက် (စီမံခန့်ခွဲရေး)ကော်မတီကို ချက်ချင်းဖွဲ့စည်းပေးခဲ့ပါတယ်။
တရုတ်ဘက်ကလည်း မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူမှုအပေါ် ကုလသမဂ္ဂက ရှုံ့ချလို့မရတဲ့အထိ ကုလလုံခြုံရေးကောင်စီ အစည်းအဝေးတွေမှာ ဗီတိုအာဏာသုံးပြီး ကာကွယ်ပေးထားခဲ့ပါတယ်။ တရုတ်သမ္မတ ရှီဟာ အာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံစကားပြောတာ မရှိပေမယ့် (၂၀၂၁)မှာ ကိုယ်စားလှယ်စေလွှတ်ကာ ချဉ်းကပ်ဆက်သွယ်နေခဲ့တာပါ။ မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဝမ်ယိဟာ မြန်မာနိုင်ငံကို အကြိမ်ကြိမ် လာရောက်ခဲ့ပြီး စစ်ကောင်စီနဲ့ ဆက်ဆံရေးတည်ဆောက်ထားတာကို တွေ့ရပါတယ်။
တရုတ်နိုင်ငံဟာ (၂၀၂၂)ခုနှစ် အလယ်လောက်ကစတင်ကာ စစ်ကောင်စီနဲ့ ဆက်ဆံရေးကို တိုးမြှင့်ခဲ့သလို မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ကြားဝင်ဖြေရှင်းဖို့ ပြောဆိုလာခဲ့တာကို သတိထားမိပါတယ်။ ISP Myanmar က ပြုစုထုတ်ပြန်ထားတဲ့ မှတ်တမ်းများအရ (၂၀၂၂ ဩဂုတ်လကနေ နိုဝင်ဘာလအထိ) တရုတ်ဘက်က ထုတ်ပြောလာတဲ့ အာရုံစိုက်စရာ ဖြစ်ရပ်ငါးခုကို ထုတ်ပြန်ထားတာကိုတွေ့ရပါတယ်။ ဒီငါးခုဟာ စီးပွားရေးနဲ့ မြန်မာငြိမ်းချမ်းရေးကိစ္စတွေ ဖြစ်ပါတယ်။
ပထမတစ်ခုက တရုတ်နိုင်ငံ ကွမ်ချီးဒေသကနေ ရန်ကုန်ဆိပ်ကမ်းထိ တောင်တရုတ်ပင်လယ်ကုန်သွယ်ရေးလမ်းကြောင်းသစ် ဖွင့်လှစ်လိုက်တာဖြစ်ပါတယ်။ ဒီလမ်းသစ်ကနေ တရုတ်နိုင်ငံ ပေ့ဘူးကနေ ရန်ကုန်ဆိပ်ကမ်းသို့ တရုတ်သင်္ဘော လေးစီ အပတ်စဉ်ပြေးဆွဲမှာဖြစ်ပြီး ပေ့ဘူးဆိပ်ကမ်းမှ ရန်ကုန်မြို့သို့ ဆယ့်နှစ်ရက်အတွင်း ရောက်ရှိမှာဖြစ်ပါတယ်။ ဒုတိယတစ်ခုကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို ကူညီမယ်လို့ တရုတ်သံအမတ်က တရုတ်ကွန်မျူနစ်ပါတီ အကြိမ်နှစ်ဆယ်မြောက် ညီလာခံအပြီးမှာ မီဒီယာတွေကိုပြောဆိုခဲ့ပြီး တရုတ်-မြန်မာစီးပွားရေး စင်္ကြံစီမံကိန်း တည်ဆောက်နိုင်ရေး ကြိုးပမ်းသွားဖို့ ပြောဆိုခဲ့ပါတယ်။ တတိယတစ်ခုကတော့ တရုတ်နယ်စပ်ဒေသ ငြိမ်းချမ်းရေးကို ပူးပေါင်းလုပ်ဆောင်ဖို့လို့ ဆိုပါတယ်။ နောက်ထပ်နှစ်ခုကတော့ ကမ်ပိုက်တီနယ်စပ် စီးပွားရေးဇုန်စီမံကိန်း တည်ဆောက်နိုင်ရေးနဲ့ စစ်ကောင်စီအရာရှိတွေကို ဆိုက်ဘာမှုခင်းတိုက်ဖျက်ရေးနဲ့ မွန်းမံသင်တန်း ပေးတာအပ်တွေဖြစ်ပါတယ်။
ဒီနေရာမှာ စာရေးသူအဓိကတင်ပြလိုတာက အထက်မှာပြောခဲ့သလိုဘဲ တရုတ်ဟာ မြန်မာ့စစ်အာဏာရှင်တွေရဲ့ ထင်တိုင်းကြဲတဲ့ကာလတွေကို သူ့အကျိုးစီပွားအတွက် ထိထိရောက်ရောက် အသုံးချတတ်သလို မြန်မာစစ်တပ်ကို နိုင်ငံတစ်ကာမှာ အမြဲအကာအကွယ် ပေးလာခဲ့တယ်ဆိုတာတော့ ဘယ်သူမှ ငြင်းမရတဲ့အချက် ဖြစ်ပါတယ်။ လက်ရှိ (၂၀၂၁ ဖေဖေါ်ဝါရီလမှာ) စစ်တပ်ကအာဏာသိမ်းယူမှုနောက်ပိုင်းလည်း တရုတ်ဟာ မြန်မာလူထုဘက်က ရပ်တည်မပြခဲ့ပါဘူး။ အခုလည်း တရုတ်ဟာ ဒီအကွက်နဲ့ မြန်မာ့နိုင်ငံရေးအကျပ်အတည်းကို အခွင့်ကောင်းယူလာမှာ အသေအချာဘဲ ဖြစ်ပါတယ်။
တရုတ်ဟာ မြန်မာနိုင်ငံငြိမ်းချမ်းရေးထက် တရုတ်နယ်စပ်ငြိမ်းချမ်းရေးကို အလေးသာ ဆွေးနွေးလာတာ အခုမှတော့ မဟုတ်ပါဘူး။ တရုတ်နယ်စပ်ဖြစ်တဲ့ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်နယ်စပ်တွေကို စက်မှုဖွံ့ဖြိုးရေးဇုန်တွေအဖြစ် အကောင်အထည်ဖေါ်ဆောင်ပြီး “ဝ”တစ်ဖွဲ့ကိုသာ သူလက်ခံထားမှာ ဖြစ်ပါတယ်။ တရုတ်နယ်စပ်မှာရှိနေတဲ့ တစ်ခြားလက်နက်ကိုင်အဖွဲ့အစည်းတွေ ရှိနေတာကိုတော့ အကန့်အသတ်နဲ့ မြင်ရမှာဖြစ်ပါတယ်။
သို့သော်လည်း မြန်မာနိုင်ငံရေး၊ ငြိမ်းချမ်းရေးပြဿနာဟာ ထင်သလောက်မရိုးရှင်းသလို စစ်တပ်ရဲ့ မြန်မာ့နိုင်ငံရေးကို လွှမ်းမိုးလိုမှုကို ရှင်းထုတ်ဖို့အတွက်ဟာ အလွန်ခက်ခဲတဲ့အလုပ်ဆိုတာ တရုတ်က ကောင်းကောင်းသိထားပါတယ်။ တစ်ချိန်က ဗမာပြည်ကွန်မျူနစ်ပါတီကို ထောက်ခံပေးခဲ့ပေမယ့် အလုပ်ဖြစ်မယ့်ပုံကို မမြင်ခဲ့တာကြောင့် တရုတ်ဟာ မြန်မာစစ်တပ်နဲ့ မိတ်မပျက်တဲ့ ဆက်ဆံရေးကို ထိန်းသိမ်းလာခဲ့ပါတယ်။
အခု တရုတ်ပြောနေတဲ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးကို တရုတ် ဘယ်လိုပါဝင်ကူညီမလဲ ဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်။ တရုတ်ဟာ အနောက်အုပ်စုက မြန်မာနိုင်ငံရေးမှာ ဝင်လာခဲ့ရင် တရုတ်နိုင်ငံ ထိုင်နေတော့မှာမဟုတ်သလို အာဏာသိမ်းစကလည်း အမေရိကန်သမ္မတ ပြောတဲ့စကားအတိုင်း အာစီယံကနေတစ်ဆင့် ဖိအားပေးဖို့ ဖျောင်းဖျရေးမူကို သမ္မတရှီ လက်ခံပြောကြားခဲ့ဖူးပါတယ်။
အနောက်နိုင်ငံတွေဟာလည်း မြန်မာနိုင်ငံငြိမ်းချမ်းရေးအကြောင်းကို စဉ်းစားရင် ဒီမိုကရေစီအုပ်စုနဲ့ စစ်တပ်ကြားက ပြဿနာကို ဦးစားပေးစဉ်းစားကြတာ များပါတယ်။ အခုလည်း ဒီအကွက်ကိုဘဲ ပြန်လည်ကစားကြမှာ သေချာပါတယ်။ စစ်ကောင်စီက ကတိပေးထားတဲ့ ရွေးကောက်ပွဲတွေကို လုပ်နိုင်ဖို့ နိုင်ငံရေးအကျဉ်သားတွေကို ပြန်လွှတ်တာတွေပြုလုပ်ပြီး NLD ပါတီ ရွေးကောက်ပွဲမှာ ပြန်လည်ပါဝင်လာစေဖို့ စစ်ကောင်စီကို ဖိအားပေးလာနိုင်ပါတယ်။
ဖမ်းဆီးခံထားရတဲ့ NLD ခေါင်းဆောင်တွေကို ပြန်လွှတ်ပေးပြီး ပြန်လည်သင့်မြတ်ရေးခေါင်းစဉ်အောက်မှာ ဆွေးနွေးလာနိုင်ပါတယ်။ ဆိုတော့ တရုတ်ဟာ မြန်မာနိုင်ငံရဲ့ အဓိကပြဿနာဖြစ်တဲ့ ဖယ်ဒရာယ်နိုင်ငံ တည်ဆောက်နိုင်ရေးအထိ မဆွေးနွေးနိုင်ပါဘူး။ တစ်ခုရှိတာက စစ်ကောင်စီပြုလုပ်မဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး NUG အစိုးရနဲ့ ဒေါ်စုရဲ့ သဘောထားဟာ အရေးအကြီးဆုံးဖြစ်တယ်လို့ မြင်ပါတယ်။ ဗမာပြည် တိုင်းဒေသတွေမှာ လှုပ်ရှားနေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တွေကလည်း သိန်းဂဏန်းထိ ရှိနေချိန်မှာ တရုတ်ဝင်ရောက်လာမယ့် မြန်မာအကျပ်အတည်းနဲ့ ပြန်လည်သင့်မြတ်ရေးဟာ ဘယ်လောက်ထိ ထိရောက်နိုင်မလဲဆိုတာ စိတ်ဝင်စားစရာကောင်းနေပါတယ်။
မြန်မာစစ်တပ်ဟာ တိုင်းရင်းသားတွေလိုလားတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အခုအချိန်ထိ လက်မခံသေးသလို NLD ခေါင်းဆောင်တွေကလည်း ဒီမိုကရေစီဖယ်ဒရယ်ကိုသာ လက်ခံခဲ့တာကို တွေ့ရပါတယ်။ အခု စစ်ကောင်စီနဲ့ဆွေးနွေးနေကြတဲ့ NCA လမ်းကြောင်းထဲက ငြိမ်းချမ်းရေးဟာလည်း (၂၀၀၈) ခြေဥကိုပြင်ဆင်ပြီး ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးဟာ အလုပ်မဖြစ်တဲ့ လမ်းစဉ်သာဖြစ်ပြီး အင်းအားမရှိတဲ့ လက်နက်ကိုင်တွေနဲ့ ဆွေးနွေးနေခြင်းဟာ ဟန်ပြငြိမ်းချမ်းရေးဆွေးနွေးပွဲသာ ဖြစ်ပါတယ်။
အခုမြန်မာနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ တရုတ်ကြွေးကြော်လာခြင်းဟာ သူ့အကျိုးစီးပွား အတွက်သာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးသို့ ဦးမတည်နိုင်သေးတာတော့ လုံးဝနီးပါးသေချာတယ်လို့ မြင်မိပါတယ်။
မောင်ခိုင်ထွန်း(ပြည်သစ်) - ရေးသားသည်။