ဒေသအတွင်း လူနာဦးရေများလာခြင်းကြောင့် ပြည်သူ့ကျန်းမာရေး အဖွဲ့အစည်း (People Health Organization Kalay) အဖွဲ့က ဆေးဝါးအကူအညီများ လိုအပ်နေသည်ဟု ပြောသည်။
စစ်ကိုင်းတိုင်း အနောက်ပိုင်း၊ ကလေးမြို့နယ်အတွင်း ဒေသခံ PDF ရဲဘော်များ ထိခိုက်ဒဏ်ရာရရှိမှုများနှင့် စစ်ဘေးရှောင် ပြည်သူများ ရာသီတုတ်ကွေးနှင့် သွေးလွန်တုတ်ကွေး ဖြစ်ပွားသည့် လူနာဦးရေ တိုးများလာခြင်း ကြောင့် ဆေးဝါးအကူအညီများ လိုအပ်နေခြင်း ဖြစ်သည်ဟု PHO-Kalay အဖွဲ့မှ တာဝန်ရှိသူများက ပြောသည်။
“ကလေးနယ် တစ်ခုလုံးကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေပြီဆိုတော့ ပြည်သူကလည်း အရမ်းများတယ် လေ။ ကျနော်တို့မှာ တတ်နိုင်တဲ့ ဆေးဝါးနဲ့ ကုသပေးနေရတဲ့ လူနာအရေအတွက်က လုံလောက်မှု မရှိဘူးပေါ့ နော်။ ဆေးဝါးလိုအပ်တဲ့ အခက်အခဲလေးတွေက အမြဲတမ်းရှိတယ်။ စစ်ကောင်စီက လမ်းကြောင်း ပိတ်ထားတဲ့ အတွက် ဆေးဝါးသယ်ယူရတာ ကြန့်ကြာတာမျိုးတွေ ပြီးတော့ တချို့ဆေးတွေဆိုရင် ဝယ်ရတာ ခက်ခဲတာ မျိုး တွေ ရှိတယ်” ဟု PHO-Kalay မှ တာဝန်ရှိသူ တစ်ဦး က ပြောသည်။
PHO-Kalay အဖွဲ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကျန်းမာရေးဝန်ကြီးဌာန (MOHS) ဖြစ် သော်လည်း ၎င်းတို့ထံမှ တစ်စုံတစ်ရာ အကူအညီမရသေးဘူးဟု သိရသည်။
NUG - MOHS မှ ချပေးမည့် ဆေးဝါးများမှာလည်း PHO-Kalay အဖွဲ့၏ မြေပြင်တွင် ကြုံတွေ့ ကုသပေးနေရ သည့် အနေအထားနှင့် သဟဇာတ မဖြစ်သောကြောင့် ဆေးဝါးအကူအညီ အရေးပေါ်လိုအပ်နေခြင်း ဖြစ်သည်ဟု တာ ဝန်ရှိသူများက ပြောသည်။
ထို့ကြောင့် PHO-Kalay အနေဖြင့် ပြည်တွင်း ပြည်ပမှ ပြည်သူအချို့ကိုသာ ဆေးဝါးပိုင်းဆိုင်ရာ အကူအညီများ တောင်းခံ၍ လည်ပတ်နေရသည်ဟု တာဝန်ရှိသူများက ပြောသည်။
PHO-Kalay အဖွဲ့ အနေဖြင့် လက်ရှိတွင် ဆရာဝန်တစ်ဦး၊ သူနာပြု ၆ ဦးနှင့်အတူ ဆေးရုံအနေဖြင့် လည်ပတ်နေပြီး မြစ်သားမြစ် အနောက်ဘက်ရှိ ကျေးရွာပေါင်း ၇ ရွာခန့်တွင်လည်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ကွင်းဆင်း ကုသပေးလျက်ရှိသည် ဟု ပြောသည်။
PHO-Kalay မှ တာဝန်ရှိသူတစ်ဦး က “ကလေး တောင်ပိုင်း၊ မြောက်ပိုင်း ကျန်းမာရေး ကဏ္ဍနဲ့ ပတ်သက်ပြီး တော့ အတတ်နိုင်ဆုံး အကောင်အထည်ဖော် လုပ်ဆောင်နိုင်ပြီပေါ့။ ကျပ်ကျယ်ပြန့်ပြန့် ရုပ်လုံးပေါ်လာတာနဲ့ အတူ ဆေးဝါးမလုံလောက်တဲ့ ပြဿနာတွေ၊ ဆေးရုံ Site ကုသမှုအပိုင်းနဲ့ ပတ်သက်ပြီး လိုအပ်နေတာမျိုးတွေ က ရှိနေတုန်းပဲ။ ဒီထက်ပိုပြီး ရေရှည် လုပ်ဆောင်နိုင်ဖို့ ဆေးဝါးထောက်ပံ့မှုတွေ၊ ငွေကြေးထောက်ပံ့မှုတွေကို ပြည်သူတွေအနေနဲ့ အတတ်နိုင်ဆုံး ပါဝင်ပေးကြဖို့ တောင်းဆိုချင်ပါတယ်” ဟု ဆက်လက်ပြောသည်။
PHO-Kalay အဖွဲ့မှာ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (PDF) က နယ်မြေစိုးမိုးမှုရထားသည့် ကလေးနယ်တချို့တွင် CDM ကျန်းမာရေးဝန်ထမ်းများဖြစ်သော ဆရာဝန်တစ်ဦး၊ သူနာပြု ၆ ဦးဖြင့် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်ကာ PDF ရဲဘော်များနှင့် စစ်ဘေးရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု စတင်ပေးခဲ့သည်။
ထို့နောက် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် PDF-Kalay ဆေးတပ်ဖွဲ့နှင့် CNO/ CNDF အကူအညီများဖြင့် စတင်၍ တရားဝင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
PHO-Kalay အဖွဲ့အနေဖြင့် ယခုနှစ် ဩဂုတ်လနှင့် စက်တင်ဘာလများအတွင်း ဆေးဝါးလိုအပ်ချက်များ ရှိနေ သည့်ကြားက အတွင်းလူနာ ၇၇၆ ဦး၊ ပြင်ပလူနာ ၇၇ ဦး၊ အသေးစား ခွဲစိတ်မှု ၂၂ ကြိမ်နှင့် အကြီးစားခွဲစိတ်မှု ၂၇ ကြိမ် စသည်ဖြင့် ပြည်သူများကို ကုသပေးနိုင်ခဲ့သည်ဟ တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။
ကလေးမြို့ရှိ မြစ်သားမြစ် အနောက်ပိုင်းတွင် ပြည်သူ့ကျန်းမာရေးအဖွဲ့ ကလေးမြို့ (PHO-Kalay) မှ ပြည်သူများ ကို ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပြီး မြစ်သားမြစ် အရှေ့ပိုင်းတွင် ပြည်သူ့ကျန်းမာရေးကွန်ရက် ကလေး မြို့ (People Health Network Kalay) ဆိုသည့် နောက်ထပ် အဖွဲ့တစ်ဖွဲ့ကို ဖွဲ့ကာ ပြည်သူများကို ကျန်းမာရေး ဝန် ဆောင်မှုများ ပေးနေပြီဟု တာဝန်ရှိသူများက ပြောသည်။