ဆမ်ချိုမွန်း — မြန်မာ့နိုင်ငံရေး အခြေအနေတွေကို စောင့်ကြည့်လေ့လာပြီး အချက်အလက်တွေ စုဆောင်းနေတဲ့ Institute For Strategy and Policy – Myanmar လို့ခေါ်တဲ့ ISP-Myanmar ရဲ့ စစ်တမ်းတွေ အရ မြန်မာနိုင်ငံမှာ ၁၉၈၉ ခုနှစ်ကနေ ၂၀၂၂ ခုနှစ်မေလ ၃၁ ရက်နေ့အထိ လက်နက်ကိုင် ပဋိပက္ခနဲ့ အဓိကရုဏ်း တွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည်ပေါင်း နှစ်သန်းခွဲကျော် ရှိလာပြီလို့သိရပါတယ်။
အဲဒီထဲမှာ ၂၀၂၁ ၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက အာဏာ သိမ်းပြီးနောက် နေရပ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် တစ်သန်းကျော် ပါဝင်တယ်လို့ ISP-Myanmar ကဆိုပါတယ်။
UNHCR (India) ရဲ့ ၂၀၂၂ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ စာရင်းတွေအရ အိန္ဒိယနိုင်ငံမှာ ဒုက္ခသည် စာရင်းဝင်ပြီး (အထူးသဖြင့်) မြန်မာ နဲ့ အာဖဂန်နစ္စတန် ဒုက္ခသည်ပေါင်း ၄၆,၀၀၀ ဝန်းကျင် ရှိတယ်လို့ သိရပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း ချင်းပြည်နယ်တွင်း တိုက်ပွဲများ စတင်ဖြစ်ပွားခြင်း
အာဏာသိမ်းပြီး နောက်ပိုင်း စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် တွင်းမှာ ဆန္ဒပြပွဲတွေ ကို စစ်ကောင်စီက အကြမ်းဖက်နှိမ်နှင်း ခဲ့ပြီး ပြည်သူတွေ ဘက်ကနေ လက်လုပ် တူမီးသေနတ်တွေနဲ့ တန်ပြန်ခုခံမှုတွေ စတင်ခဲ့ပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် မှာ နှစ်ဘက်ပစ်ခတ်မှုတွေ စတင်ပြီးနောက်ပိုင်း များမကြာခင်မှာပဲ ချင်းပြည်နယ် မင်းတပ်မြို့ မှာ ဆန္ဒပြ လူငယ် အမျိူးသမီး ၇ ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားပြီး ပြန်မလွှတ်ပေးတဲ့ အပြင် ဆန္ဒပြ လူငယ်တွေကို စစ်ကောင်စီ ဘက်က စတင်ပစ်ခတ် လာတာကြောင့် ၂၀၂၁၊ မေလ ၁၃ ညပိုင်း (၈-၉) နာရီ ဝန်းကျင်မှာ တိုက်ပွဲ စတင်ဖြစ်ပွားလာခဲ့ပါတယ် ။
မင်းတပ်တိုက်ပွဲ ဟာ ချင်းပြည်နယ်တွင်းမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ နဲ့ စစ်ကောင်စီတို့ကြား ဖြစ်ပွားခဲ့တဲ့ ပထမဆုံးနဲ့ အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က အကြီးအကျယ် ထိခိုက်ခဲ့တဲ့ အတွက် မင်းတပ်မြို့ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။
အဲဒီနောက်မှာ မင်းတပ်၊ ကန်ပက်လက် ၊ မတူပီ နဲ့ ပလက်ဝ ဒေသတွေမှာရှိတဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကို စစ် ကောင်စီဘက်က အင်အားအလုံး အရင်းနဲ့ စတင်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ ပြင်း ထန်ခဲ့ပါတယ်။
မင်းတပ် မြို့နယ် မှာ တိုက်ပွဲ ပြင်းထန်ခဲ့ ပြီးနောက်မှာတော့ ထန်တလန် (Thantlang) မြို့တွင်း ၂၀၂၁ ဩဂုတ်လ ၂၀ ရက်နေ့ ဝန်းကျင်မှာ စစ်ကောင်စီနဲ့ ချင်းအမျိုးသားတပ်မတော် အပါအဝင် ချင်းဒေသကာကွယ်ရေး တပ်ဖွဲ့ တို့အကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်ခဲ့ပါတယ်။
စက်တင်ဘာ လဆန်းပိုင်းမှာတော့ စစ်ကောင်စီ ဘက်က ထန်တလန် မြို့ထဲကို လက်နက်ကြီးနဲ့ ဆက်တိုက် ပစ်ခတ်တာကြောင့် ထန်တလန်မြို့ထဲက လူနေအိမ်တွေ မီးလောင်ပျက်စီးခဲ့ရပါတယ်။
မီးလောင်တဲ့ လူနေအိမ်တွေကို မီးငြှိမ်းသတ်ဖို့ လုပ်အားပေး သွားတဲ့ ပါစတာ (Pastor) တစ်ဦးလည်းကို စစ်ကောင်စီ တပ်သား တွေက ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး လက်ဝတ် ရတနာတွေကိုလည်း လုယူသွားခဲ့တယ်လို့ ထန်တလန်ဒေသခံတွေရဲ့ စကားကို ကိုးကားပြီး ချင်းဒေသတွင်း သတင်း မီဒီယာတွေက ဖော်ပြ ခဲ့ကြပါတယ်။
နောက်ပိုင်းမှာတော့ စစ်ကောင်စီဘက်က တမင်ရည်ရွယ်ပြီး ထန်တလန်မြို့ကို အကြိမ်ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တစ်မြို့လုံးနီးပါး လောင်ကျွမ်း ပြာကျခဲ့ရ ကြောင်း ချင်း မီဒီယာ အများစုက ရေးသားဖော်ပြခဲ့ကြပါတယ်။
တိုက်ပွဲတွေ ဖြစ်ပွားပြီးနောက်ပိုင်း မှာ ချင်းပြည်နယ် အတွင်းမှာကိုပဲ မြို့နယ် နဲ့ မျိုးနွယ်စု အလိုက် လက်နက်ကိုင် တော်လှန်ရေး အင်အားစုပေါင်း (၃၁) ဖွဲ့ ပေါ်ပေါက်လာခဲ့ပါတယ်။
တိုက်ပွဲ ပြင်းထန်မှု အခြေအနေတွေနဲ့ နယ်မြေဒေသ အနေအထားတွေကြောင့် နောက်ထပ် ချင်းတော်လှန်ရေး အင်အားစု အသစ်တွေ ထပ်ပေါ်လာနိုင်တယ်လို့လည်း ချင်းနိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။ ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့ တွေ အရေအတွက် တိုးလာတာနဲ့ အမျှ စစ်ကောင်စီ အတွက် စစ်ရေး ဘောင်ကျယ်လာပြီး ချင်းပြည်အတွင်းမှာ နှစ်ဘက် ထိတွေ့တိုက်ပွဲတွေ နေရာခပ်စိပ်စိပ် ဖြစ်ပွား လျက်ရှိပါတယ်။
တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာရခြင်း
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် ချင်းပြည်နယ်တွင်းမှာ ပထမဆုံး ဖြစ်ပွားခဲ့တဲ့ မင်းတပ်မြို့တွင်း တိုက်ပွဲတွေကြောင့် မြို့နေလူထုရဲ့ ၉၀% ခန့် အိုးအိမ် စွန့်ခွာထွက်ပြေး တိမ်းရှောင်ခဲ့ကြရတယ်လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ယောက်က ဆိုပါတယ်။ မင်းတပ်မြို့ကနေ ထွက်ပြေးတိမ်းရှောင်သူ အများစုဟာ မကွေးတိုင်း ယော ဒေသဘက်မှာရောက်ရှိနေကြ ပြီး ရန်ကုန် ၊ မန္တလေး နဲ့ အခြားသော တိုင်းနဲ့ ပြည်နယ်တွေမှာ လည်း သွားရောက် ခိုလှုံနေကြတာရှိပါတယ် လို့ မင်းတပ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တစ်ဦးက ဆိုပါတယ် ။
ထန်ထလန် မြို့တွင်း တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ပြည်သူတွေဟာ မြို့နဲ့ အနီးတဝိုက်မှာ ရှိတဲ့ ကျေးရွာငယ်လေးတွေ မှာ ထွက်ပြေး တိမ်းရှောင် ကြတာရှိသလို ဆွေမျိုးတွေရှိတဲ့ ဟားခါး ဘက်မှာလည်း တိမ်းရှောင် နေကြတာတွေရှိပါတယ်။ ထန်တလန် စစ်ဘေးရှောင် အများစုကတော့ အိန္ဒိယနိုင်ငံ မီဇိုရမ် ပြည်နယ်ဘက်ကို ထွက်ပြေးတိမ်း ရှောင်နေကြပါတယ်။ ထန်ထလန် မြို့ကို စွန့်ခွာပြီး ထွက်ပြေးတိမ်းရှောင်သူ အရေအတွက်ဟာ မြို့နေလူထုရဲ့ ၉၉ % ဝန်းကျင် လောက်ထိ ရှိနိုင်တယ်လို့ ၂၀၂၁ ရွေးကောက်ပွဲ တုန်း က ထန်တလန် မြို့နယ်မှာ တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်း အဖြစ်ဝင်ရောက် ယှဥ်ပြိုင်ခဲ့ဖူးတဲ့ ဆလိုင်းဒိုခါးရ် (Salai Do Khar) က ဆိုပါတယ် ။
ဆလိုင်း ဒိုခါးရ် ဟာ စစ်တပ်က အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင် ခဲ့ခြင်းကြောင့် စစ်ကောင်စီရဲ့ ဖမ်းဆီးချုပ် နှောင်ခံခဲ့ရကာ မန္တလေး အိုးဘိုထောင်မှာ ၄ လ ကြာ ချုပ်နှောင် ခံခဲ့ရသူဖြစ်ပါတယ်။ အကျဥ်းထောင်ကနေ ပြန်လည် လွတ်မြောက်လာပြီးနောက် အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသ နဲ့ ဒေလီ တဝိုက်မှာ မြန်မာ့ ဒီမိုကရေစီအရေး အတွက် တက်ကြွစွာ လှုပ်ရှားနေတဲ့ India For Myanmar အဖွဲ့ကို ဦးဆောင်နေသူ တစ်ဦးလည်း ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်မှာ ချင်းပြည်နယ် တစ်ပြည်နယ် လုံးက စစ်ဘေးရှောင် ဒုက္ခသည် တွေရောက်ရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ထန်တလန် (Thantlang) ၊ တီးတိန် (Teddim) ၊ တွန်းဇံ (Tonzang) ၊ ဟားခါး (Hakha) ၊ ဖလမ်း(Falam) ၊ ကျီခါး (Cikha) ၊ မတူပီ (Matupi) ၊ စတဲ့ ချင်းဒေသ ကနေ တိမ်းရှောင်လာသူ အများစု ဖြစ်ပါတယ်။
တိုက်ပွဲတွေ ပြင်းထန်ခဲ့တဲ့ ချင်းပြည်နယ် တောင်ပိုင်း မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့တွေကနေ မီဇိုရမ်ကို ထွက်ပြေး တိမ်းရှောင်လာသူ အနည်းငယ်သာရှိပြီး မတူပီ နဲ့ ပလက်ဝမြို့ တွေကနေ ထွက်ပြေးတိမ်းရှောင်လာသူ အများအပြားရှိတယ် လို့ မီဇိုရမ်ဘက်မှာ စစ်ဘေးရှောင်နေရတဲ့ မင်းတပ်မြို့ခံ CDM ဝန်ထမ်း တစ်ဦးက ဆိုပါတယ်။ မင်းတပ်မြို့ နဲ့ ကန်ပက်လက် မြို့တွေဟာ မီဇိုရမ်ပြည်နယ်နဲ့ အင်မတန် အလှမ်းဝေးပြီး မကွေးတိုင်း ယောဒေသဘက်မှာသာ စစ်ဘေးရှောင် နေကြရတယ်လို့ ဆိုပါတယ်။
ပက်လက်ဝ မြို့နယ်အနေနဲ့ ကတော့ ရခိုင်အရေးအခင်း အကြီးအကျယ် ဖြစ်ပွားခဲ့တဲ့ ၂၀၁၇ ခုနှစ်ကတည်းက စစ်ဘေး ရှောင်ကြရတာဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာ သူတွေထဲမှာ ချင်းပြည်နယ်တစ်ခုတင် မဟုတ်ဘဲ စစ်ကိုင်းတိုင်း ၊ ကလေး ကဘော်ဒေသ၊ ချင်းတွင်း မြစ်ဝှမ်းတလျှောက် မုံရွာဒေသ နဲ့ မကွေးတိုင်း ဘက်က စစ်ဘေးရှောင်တွေ လည်းရှိနေတယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံဘက်ကို တိမ်းရှောင်လာတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေဟာ Northeast India လို့ခေါ်တဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသမှာ ပျံ့နှံ့ နေထိုင်လျက်ရှိကြပါတယ်၊ အထူးသဖြင့် မီဇိုရမ် (Mizoram) ၊ မဏိပူရ (Manipur) နာဂလန်း (Nagaland) ပြည်နယ်တွေ နဲ့ ဒေလီ (Delhi) စတဲ့ဒေသတွေ မှာ ဝင်ရောက် ခိုလှုံလျက်ရှိကြပါတယ်။ အာသံ (Assam) ၊ အရွန်နချယ်ပရာဒက်ရှ် (Arunachal Pradesh) ၊ မက်ဂလာရာ (Meghalaya) ၊ မဟာရ(ရှ်)ထရာ (Maharashtra) ပြည်နယ်တွေ မှာလည်း အရေအတွက် အနည်းငယ် စီဝင်ရောက် နေထိုင် လျက်ရှိကြပါတယ် ။
အိန္ဒိယ တစ်နိုင်ငံလုံးမှာ မြန်မာပြည်ကလာတဲ့ ဒုက္ခသည် အရေအတွက် ခန့်မှန်းခြေ တစ်သိန်း ဝန်းကျင်လောက် ရှိနိုင်တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) ကဆိုပါတယ်။ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲမှာ ရှိနေတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်ဦးရေ (၄၀,၀၀၀) ဝန်းကျင်ရှိပြီး မဏိပူရ ပြည်နယ်ထဲမှာ ၅,၀၀၀ ကနေ ၆,၀၀၀ ဝန်းကျင်ထိ ရှိနိုင်တယ်လို့ အိန္ဒိယနိုင်ငံက မြန်မာ စစ်ဘေးရှောင်ဒုက္ခသည်တွေ အကြောင်း သုတေသန စာတမ်း ပြုစုနေတဲ့ ဥပဒေပညာရှင် Dr. Mary က ပြောပါတယ်။ ဒေလီဘက်မှာတော့ ဒုက္ခသည်အသစ် (၂၀၂၁ နောက်ပိုင်း တိမ်းရှောင် လာသူများ) နှစ်ထောင် ဝန်းကျင်ခန့်ရှိနိုင်တယ်လို့ Dr. Mary က ဆိုပါတယ်။
၂၀၂၁ မတိုင်ခင် ကတည်းက အိန္ဒိယနိုင်ငံ ထဲကိုထွက်ပြေးခိုလှုံကြလာတဲ့ ဒုက္ခသည်များ
အိန္ဒိယနိုင်ငံမှာ ၂၀၂၁ မတိုင်ခင် ကတည်းက ထွက်ပြေးတိမ်းရှောင်လာသူပေါင်း များစွာ ရှိနေခဲ့ပြီး ဖြစ်တယ်လို့သိရပါတယ်။ ၁၉၆၂ နဲ့ ၁၉၈၈ ခုနှစ်တွေမှာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်း နဲ့ ၂၀၀၇ ရွှေဝါရောင်သံဃာ့ အရေးအခင်း စသည်ဖြင့် မြန်မာနိုင်ငံမှာ နိုင်ငံရေး မတည်မငြိမ် ဖြစ်တိုင်း အိန္ဒိယနိုင်ငံဘက်ကို ထွက်ပြေး တိမ်းရှောင်လာသူပေါင်း မြောက်မြားစွာရှိနေခဲ့တာ ဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံဘက်ကို ထပ်မံ ထွက်ပြေး တိမ်းရှောင် လာသူတွေကို တတိယကြိမ်မြောက်ရွှေ့ပြောင်းခြင်း (Third Migration/Third Wave) ဆိုပြီး ဒုက္ခသည် အချင်းချင်းကြားမှာ သတ်မှတ်ခေါ်ဆို ကြတဲ့အကြောင်း Dr. Mary က ပြောပါတယ်။ ဒေလီ မှာ ဒုက္ခသည် အဟောင်း (၂၀၂၁ မတိုင်ခင်ကတည်းက တိမ်းရှောင်လာသူများ) (၃,၀၀၀) ဝန်းကျင် ရှိတယ်လို့ Dr. Mary ကဆိုပါတယ်။
မြန်မာပြည်မှာ နိုင်ငံရေး မတည်ငြိမ်မှုတွေကြောင့် ထွက်ပြေးလာသူတွေရယ်၊ စီးပွားရေးလုပ်ငန်းလုပ် ကိုင်ဖို့ အတွက်ရယ် ၂၀၂၁ မတိုင်ခင်ကတည်းက အိန္ဒိယနိုင်ငံ ဘက်ကို ထွက်ပြေး တိမ်းရှောင်လာတဲ့ မြန်မာပြည်သားတွေ ထဲမှာ အိန္ဒိယနိုင်ငံသား ခံယူထားပြီး သားသူတွေလည်း အများအပြား ရှိနေပါတယ်။ အဲဒီပုဂ္ဂိုလ်တွေရဲ့ ကူညီပံ့ပိုးမှုတွေ ကြောင့်လည်း ဒုက္ခသည်တွေ မီဇိုရမ်မှာ နေရထိုင်ရ တာ အဆင်ပြေချောမွေ့တဲ့ အကြောင်း ဒုက္ခသည်တွေက ဆိုပါ တယ်။
၂၀၂၁ မတိုင်ခင် အိန္ဒိယ နိုင်ငံထဲကို အကြောင်းအမျိုးမျိုးကြောင့် ရောက် လာတဲ့ မြန်မာပြည်ဖွားတွေ က ဒုက္ခသည်ကူညီရေး NGO အဖွဲ့တွေ တည်ထောင်ပြီး မြန်မာ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အင် တိုက် အားတိုက် ကူညီလျက်ရှိတယ် လို့ သိရပါတယ် ။ အဲဒီအဖွဲ့တွေ ထဲမှာ NGO United For Democratic Myanmar ၊ Myanmar Refugee Relief Committee- Mizoram (MRRCM) နဲ့ Youth For Myanmar စသဖြင့် အဖွဲ့အစည်းတွေ အများကြီး ရှိပါတယ်။ “ စစ်ဘေးရှောင် ဒုက္ခသည်တွေ အတွက် အတတ်နိုင်ဆုံးနဲ့ အထိရောက်ဆုံး ဖြစ်အောင် အင်အားစိုက်ထုတ်ပြီး ကူညီလျက်ရှိနေကြတယ်၊ မီဇိုရမ်မှာ ဒုက္ခသည်တွေ ရှိနေသရွေ့ ကျနော်တို့ ဆက်ပြီး ကူညီနေမှာပါ။” လို့ Myanmar Refugee Relief Committee Mizoram(MRRCM) ဥက္ကဌ က ဆိုပါတယ်။
၂၀၂၁ မတိုင်ခင်ကတည်း က မီဇိုရမ်ပြည်နယ် ထဲကို ရောက်ရှိလာခဲ့ပြီး အခြေချနေထိုင်တဲ့ (MRRCM) ဥက္ကဌ က “ ဒီကာလမှာ ရောက်ရှိလာကြတဲ့ စစ်ဘေးရှောင်တွေကို မီဇိုပြည်သူတွေ ကိုယ်တိုင်က လိုလိုလားလား ကြိုဆိုလက်ခံကြတယ်၊ လွတ်လပ်စွာ သွားလာ နေထိုင်လှုပ်ရှား ခွင့်ရှိတယ်။ ” လို့ဆို ပါတယ်။ “ကျနော် တို့ အဖွဲ့တစ်ဖွဲ့တည်း အနေနဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကို ကူညီတာ အိန္ဒိယ ရူပီး သိန်း ၁၅၀ ဝန်းကျင်အထိရှိနေပြီ။ နောက်တစ်ခု ပြောချင်တာက ဒုက္ခသည်ကူညီရေး အကြောင်းပြပြီး ကိုယ်ကျိုးစီးပွားရှာတဲ့ လုပ်ရပ်တွေ မလုပ်ကြဖို့ ပြောချင်ပါတယ်။ ” ဆိုပြီး (MRRCM) ဥက္ကဌ က ဆက်ပြောပြပါတယ်။
မြန်မာစစ်ဘေးရှောင်ဒုက္ခသည်တွေအပေါ်အိန္ဒိယနိုင်ငံသားတွေရဲ့ကြိုဆိုလက်ခံမှုနဲ့ အမြင်သဘောထား
လူမှုကွန်ယက်တွေမှာ တွေ့ရတဲ့ Comment တွေမှာ မြန်မာဒုက္ခသည်တွေကို လက်မခံတဲ့ အရေးအသားတွေ အများအပြား မြင်တွေ့ရတာမျိုးရှိတယ်လို့ ဒုက္ခသည် တစ်ဦးက ရင်ဖွင့်ပါတယ် ။ Northeast Today ၊ Mizoram News စတဲ့ သတင်းဌာနတွေ ရဲ့ Facebook စာမျက်နှာမှာ မြန်မာ့နိုင်ငံရေး အကြောင်း ရေးသားဖော်ပြတဲ့ သတင်းတွေအောက်မှာ လိုက်ရှာကြည့်တဲ့ အခါ မြန်မာဒုက္ခသည် တွေအပေါ် အမြင်မကြည်တဲ့ အင်္ဂလိပ်လို အရေးအသား တော်တော်များများ တွေ့ရှိရပါတယ်။ သို့သော် အိန္ဒိယနိုင်ငံ အရှေ့မြောက် ဒေသမှာရှိတဲ့ မီဇိုရမ်ပြည်နယ် ကတော့ ဒုက္ခသည် တွေကို နွေးထွေးစွာ ကြိုဆိုလက်ခံ လျက်ရှိနေပါတယ်။ တိုင်းရင်းသား မျိုးနွယ်စု အချင်းချင်းလည်း ဖြစ် ပြီးရိုးရာ ယဉ်ကျေးမှု နဲ့ ဘာသာစကားတွေ ဆက်စပ်နေတာကြောင့်လို့ ယူဆနိုင်ပါတယ်။ နောက်ပြီး မြန်မာ ဒုက္ခသည်တွေ နဲ့ ဘက်ကနေ ရပ်တည်ပြီး ကာကွယ်ပြောဆိုပေးကြတဲ့ အိန္ဒိယနိုင်ငံ သားတချို့ ရှိနေတာလည်း တွေ့ရပါတယ် ။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် ကတော့ မြန်မာဒုက္ခသည်တွေကို ပေါ်ပေါ်ထင်ထင် လက်ခံပြီး အကူညီတွေ ပေးနေပေမဲ့ မီဇိုရမ်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ မဏိပူရပြည်နယ်မှာတော့ ပြည်နယ်အစိုးရ ကိုယ်တိုင်သာမကဘဲ မဏိပူရပြည်နယ်တွင်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အနေနဲ့ပါ မြန်မာ ဒုက္ခသည်တွေကို သိပ်ပြီး လက်ခံချင်ပုံမရပါဘူး။ COCOMI လို့ခေါ်တဲ့ Coordination Committee On Manipur Integrity ရဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် တစ်ဦးဖြစ်သူ Khuraijam Athouba က “ မြန်မာ ဒုက္ခသည်တွေ အလုံးအရင်း ဝင်ရောက်လာခြင်းဟာ နဂိုရှိရင်းစွဲ မဏိပူရ ဒေသ ခံတွေရဲ့ အာနာဂတ်အတွက် ကြီးမားတဲ့ စိန်ခေါ်မှု တစ်ခုဖြစ်နေတယ်၊ သူတို့ (မြန်မာ စစ်ဘေးရှောင်များ) ကိုကျနော်တို့ တောက်လျှောက် စောင့်ကြည့်နေတယ်၊ တချို့ဆို အခြေချနေကြပြီ၊ တောင်ကုန်းတောင်တန်း မြေလွတ်တွေမှာ နေရာယူကုန်ကြပြီ။” လို့ပြောတဲ့အကြောင်း အိန္ဒိယ ပြည်တွင်း သတင်း ဌာန တစ်ခုဖြစ်တဲ့ The Print သတင်းဌာန က ၂၀၂၂ ဇွန်လ ၁၉ ရက်နေ့ ထုတ်ဝေတဲ့ သတင်းဆောင်းပါး တစ်ပုဒ်မှာရေးသား ဖော် ပြထားပါတယ်။
၂၀၂၂ ဩဂုတ်လ အစောပိုင်းမှာ မဏိပူရပြည်နယ် ဝန်ကြီးချုပ် N.Biren Singh ကိုယ်တိုင်က အိန္ဒိယ-မြန်မာ နယ်စပ်ခြံစည်းရိုး တည်ဆောက်ခြင်း လုပ်ငန်း အမြန်ဆုံးပြီးအောင် ဆောင်ရွက်ဖို့ ဗဟို အစိုးရကို တိုက်တွန်းတဲ့ အဆို လွှတ်တော်မှာ တင်ပြခဲ့ကြောင်းသိရပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လထဲမှာ အိန္ဒိယ နိုင်ငံသား ၂ ယောက် အသတ်ခံရမှု ဖြစ်ပွားပြီးနောက် မကြာခင်မှာပဲ အခုလိုအဆို တင်သွင်း တာဖြစ်ပါတယ်။
မဏိပူရ အစိုးရ ဟာ ၂၀၂၁ ၊ မတ်လ ကုန်ပိုင်းလောက်မှာ ၎င်းရဲ့ ပြည်နယ်ထဲကို ဝင်လာတဲ့ မြန်စစ်ဘေးရှောင် ဒုက္ခသည်တွေကို လက်မခံဖို့နဲ့ အသာတကြည် ငြင်းလွှတ်ဖို့ စသဖြင့်ပါရှိတဲ့ အမိန့်စာထုတ်ပြန်ခဲ့ပြီး မကြာခင်မှာပဲ ငြင်းလွှတ်တဲ့စာကို ပြန်ရုတ်သိမ်း ခဲ့ဖူးပါတယ်။ လူသားချင်း စာနာ ထောက်ထားတဲ့ အကူညီတွေကိုတော့ ပေးလို့ ရတယ်ဆိုတဲ့ စာ ထပ်မံ ထုတ်ပြန်ခဲ့ပါတယ်။
မဏိပူရ ပြည်နယ်ထဲက Kuki-Chin ၊ နေပါလီ (ဂေါ်ရခါး) အနွယ်တွေ နဲ့ နာဂ အနွယ် ဆက်စပ်သူ အများစုကတော့ မြန်မာဒုက္ခသည်တွေကို သွေးချင်း သားချင်းဆိုပြီး နွေးထွေးစွာ လက်ခံကြိုဆိုကြတာ မျိုးရှိခဲ့တယ်လို့ အိန္ဒိယပြည်တွင်း သတင်းဌာန တစ်ခုဖြစ်တဲ့ Article14 သတင်းဌာနက ရေးသားဖော်ပြပါတယ်။ နောက်ပြီး ပြီးခဲ့တဲ့ ၂၀၂၂ ဇွန်လကုန်ပိုင်းမှာ မဏိပူရ ပြည်နယ် Churachandpur ခရိုင် အတွင်း ဝင်ရောက် ခိုလှုံနေတဲ့ ကလေး သူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် မြန်မာဒုက္ခသည် အယောက် ၈၀ ကို မဏိပူရ ရဲတပ်ဖွဲ့က လိုက်လံရှာဖွေပြီး ဖမ်းဆီးခဲ့ပါတယ်။
နာဂလန်း ဘက်မှာတော့ ဝင်ရောက်ခိုလှုံသူ စာရင်းဝင်ပြီးသား လူဦးရေ ၃၀၀ ကျော်ဝန်းကျင် ရှိနိုင်တယ်လို့ နာဂလန်းမှာ ဝင်ရောက်ခိုလှုံနေတဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား တစ်ဦးက ပြောပြပါတယ်။ အဆိုပါကျောင်းသားဟာ ရန်ကုန်တက္ကသိုလ်မှာ သမိုင်းဘာသာရပ် အဓိက နဲ့ မဟာဝိဇ္ဇာတန်း ဘွဲ့ယူစာတမ်း တင်သွင်းခါနီးဆဲဆဲမှာပဲ စစ်ကောင်စီက အာဏာသိမ်းလိုက်လို့ CDM ဝင်ပြီး နာဂလန်းကို လာရောက်ခိုလှုံနေသူဖြစ်ပါတယ်။ “ နာဂလန်း ဘက်မှာတော့ မြန်မာပြည်က ထွက်ပြေး ခိုလှုံလာသူတွေကို ဖမ်းဆီးတာမျိုး မရှိပါဘူး ၊ လူဦးရေကလည်း မီဇိုရမ်နဲ့ မဏိပူရ တို့လို မများဘူးလေ ၊ အဲဒါကြောင့် ပြည်နယ်အစိုးရဘက်ကလည်း သိပ်ပြီးစိတ်ဝင်စားမှုမရှိဘူး၊ သူတို့ ပြည်သူတွေ ကတော့ အေးအေးဆေးဆေး လက်ခံ ကြပါတယ်။” ဆိုပြီး အဲဒီ CDM ကျောင်းသားက ဆက်ပြောပြ ပါတယ်။
“ဒေလီဘက်မှာတော့ ဒုက္ခသည်တွေကို သီးသန့် လိုက်လံရှာဖွေ ဖမ်းဆီးတာမျိုး ခုထိ မရှိသေးပါဘူး ၊ ကျွန်မ သိသလောက်ပေါ့နော် ၊ UNHCR မှာ ဒုက္ခသည်စာရင်း ပေးသွင်းပြီး နေထိုင်ကြတာ ကြောင့်လည်း ဖြစ်နိုင်ပါတယ်။” ဆိုပြီး ဒေလီမြို့တစ်နေရာ မှာ နေထိုင်နေတဲ့ ချင်းတိုင်းရင်းသူ တစ်ယောက်က ပြောပြပါတယ်။ “နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်တဲ့အခါ အိန္ဒိယရဲတွေဘက်က ကျနော်တို့ကို ခေါ်ယူစစ်ဆေးတာမျိုး ရှိတယ်၊ လှုပ်ရှားမှု တော်တော်များများကိုတော့ ဖြည်းဖြည်းချင်း ဆက်လုပ်နေကြပါတယ်၊ တလောက ကိုဂျင်မီ နဲ့ ကိုဖြိုးဇေယျာသော် တို့အပါအဝင် ပြည်သူ နှစ်ဦးကို စစ်ကောင်စီက သေဒဏ်ပေးလိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး လှုပ်ရှားမှုလုပ်ဖို့ ကြိုးစားခဲ့ ကြသေးပေမဲ့ ရဲတွေဘက်က တားမြစ်ခဲ့ကြတာမျိုးရှိတယ်၊ သို့သော် အေးအေးဆေးဆေး ပြီးသွားခဲ့ပါတယ်။” ဆိုပြီး ဒေလီ ရောက်နေတဲ့ CDM ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေရဲ့ အခက်အခဲနဲ့ စိုးရိမ်မှုများ
မြန်မာဒုက္ခသည်တွေ အဓိကရင်ဆိုင်နေရတဲ့ အခက်အခဲတွေထဲမှာ ဘာသာစကားအခက်အခဲ လည်းပါဝင် တယ်လို့ စစ်ကိုင်းတိုင်းဒေကြီး ၊ ကလေးမြို့နယ် ကြံသာ ကျေးရွာ ကနေ ထွက်ပြေး တိမ်းရှောင်လာပြီး မီဇိုရမ်ပြည်နယ်၊ ခရိုင် တစ်ခု ထဲက စစ်ဘေးရှောင်စခန်း တစ်ခုမှာ နေထိုင်နေတဲ့ စစ်ဘေးရှောင် တစ်ဦးကပြောပြပါတယ်။ “ဘာသာစကား မတတ်တဲ့ အခါကျတော့ လုပ်အားခ ခေါင်းပုံ ဖြတ်တာတွေ ကြုံရတယ်၊ သူတို့နိုင်ငံသားတွေ ကို တစ်ရက် ရူပီး ၅၀၀ ကနေ ၈၀၀ ပေးရင် ကျနော်တို့ကို ရူပီး ၄၀၀ ၊ အမျိုးသမီးဆိုရင် ၃၅၀/၃၀၀ ဝန်းကျင်လောက်ပဲ ပေးကြတယ်၊ အလုပ်လုပ်တာကတော့ အတူလုပ်ရတယ်ပေါ့၊ ကျနော်တို့ မိတ်ဆွေတချို့ဆို ခုထိ လုပ်အားခ မရသေးဘူး ၊ ရူပီး (၁၀,၀၀၀) ကျော် မပေးသေးတာ ၊ လနဲ့ချီနေပြီ။” ဆိုပြီး အဲဒီစစ်ဘေးရှောင် တစ်ဦး ကဆက် ပြောပြပါတယ်။
“ကလေးတွေကို ကျောင်းထား ရတာကတော့ မြန်မာပြည်နဲ့ တော်တော်ကို ကွာခြားပါတယ်၊ မြန်မာပြည်က ပညာရေးစနစ် နဲ့ လည်း မတူဘူး ၊ ဒီဘက်မှာ က သူတို့ဘာသာစကား နဲ့ ပြဌာန်းထားတဲ့ သင်ရိုးတွေပဲ သင်ကြတယ်၊ ဆိုတော့ မြန်မာပြည်က လာတဲ့ ကလေးတွေအနေနဲ့ စာလိုက်နိုင်ဖို့ အခက် အခဲတွေရှိကြတယ်။” ဆိုပြီး CDM ရဲ ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။
“ကလေးတွေကို ကျောင်းထားတဲ့ အခါအရင်လို လစာထုတ်ဖို့မရှိတော့ ကိုယ်ပိုင်ဝင်ငွေ ရအောင်ရှာရတယ်။ လုပ်အားခ တော့ ဒေသခံတွေ လောက်တော့ မရ ပေမဲ့ ဘာပဲဖြစ်ဖြစ် မရတာ ထက်စာရင် အဆင်ပြေ တယ်လို့ဆိုရမယ်။ ဒါပေမဲ့ တိုင်းပြည် အမြန်ဆုံးအေးချမ်းပြီး အရင်လိုကိုယ့်ပြည်ကိုယ့် ရွာမှာ ပဲ သွားလာ လှုပ်ရှားချင်တယ် ၊ငွေ ကြေး မပြည့်စုံရင်တောင် ကိုယ့်ဒေသမှာ အေးအေးချမ်းချမ်း နေရတာ စိတ်ချမ်းသာတယ်။” လို့ အဆိုပါ ရဲ CDM ဝန်ထမ်းက ရင်ဖွင့်ပါတယ်။
“ကျန်းမာရေး စောင့်ရှောက်မှုပိုင်းမှာ တော့ မြန်မာပြည်က ကျေးလက်ဒေသတွေ ထက်စာရင် ဒီမှာနေရတာ ပိုပြီး စိတ်ချရတယ်လို့ ပြောလို့ရပါတယ်၊ ဒါပေမဲ့ ပိုက်ဆံ မတတ်နိုင်ရင်တော့ သိပ်မထူးပါဘူး၊ ဘယ်ရောက်ရောက် ပိုက်ဆံ လိုတာကိုး။ ကျနော့်ရှေ့က တစ်ယောက်ကတော့ ဆုံးသွားရှာပြီ ၊ ဒါတွေအားလုံး မင်းအောင်လှိုင်ကြောင့် ဖြစ်ရတာ။” ဆိုပြီး Aizawl မြို့ထဲက အစိုးရ ဆေးရုံမှာ ကျောက်ကပ် ရောဂါ ကုသနေတဲ့ မြန်မာစစ်ဘေးရှောင် တစ်ဦးက ပြောပါတယ်။
“ မီဇိုရမ်ပြည်နယ် တလွှားမှာရှိတဲ့ စစ်ဘေးရှောင်စခန်း တော်တော်များများကို ကျမရောက် အောင်သွားခဲ့တယ် ၊ ဒုက္ခသည်တွေရဲ့ အခက်အခဲတွေ အားလုံးကို ကျမသေချာ နားထောင်ခဲ့တယ်၊ သိပ်မကြာသေးခင်ကပဲ မီဇိုရမ်ပြည်နယ်ထဲက အကြီးဆုံး စစ်ဘေးရှောင် စခန်းတစ်ခုကို ကျမ ရောက်ခဲ့တယ်၊ သူတို့တွေ သိပ်ကို ခက်ခဲနေကြတာ၊ ဒုက္ခသည်တွေမှာ ရှိသင့် ရသင့်တဲ့ အခြေခံ အဆောက်အအုံတွေ ၊ အမိုးအကာတွေတောင် မရှိကြတာ တွေ့ခဲ့ရတယ် ၊ မီဇိုရမ်မှာရှိတဲ့ ဒေသတွင်းအဖွဲ့အစည်းတွေက ကူနေကြတာ မှန်ပေမဲ့ ရေရှည်မှာ အဆင်မပြေနိုင်ဘူး၊ နိုင်ငံတကာ အကူအညီတွေလည်း မရကြဘူး။ အဲဒါကြောင့် နိုင်ငံတကာမှာရှိတဲ့ ဒုက္ခသည် ကူညီရေးအဖွဲ့ အဖွဲ့အစည်းတွေ ၊ အထူးသဖြင့် UNHCR ရုံးခွဲကို မီဇိုရမ်ပြည်နယ်မှာ ရှိစေချင်တယ် ၊ ရှိကို ရှိရမယ်လို့လည်း ယုံကြည်တယ်။” ဆိုပြီး စစ်ဘေးရှောင် ဒုက္ခသည်တွေ အကြောင်း သုတေသန စာတမ်း ပြုစုနေတဲ့ Dr. Mary ကပြောပါတယ်။
“ ဆီးရီးယား နိုင်ငံ က ဒုက္ခသည်တွေ ဆီလည်း ကျမ ရောက်ခဲ့ ဖူးတယ်။ နိုင်ငံရပ်ခြားက အဖြစ်ပျက်တွေနဲ့ နှိုင်းယှဉ် ပြီးမပြောလိုပါဘူး။ ကျမတို့ပြည်တွင်းက အခြေအနေတွေက အတော်လေးကို ဆိုးနေတယ်။ စစ်ကောင်စီ ကနေ နေ့စဉ်ရက်ဆက် လေကြောင်း ၊ကုန်းကြောင်း ၊ရေကြောင်း နဲ့ တိုက်ခိုက်တဲ့အပြင်၊ စစ်ဘေး ရှောင်စခန်းတွေကို တမင်လေကြောင်းနဲ့ ဗုံးကြဲတာ၊ စစ်ဘေးရှောင်တွေကို ဖမ်းဆီးသတ်ဖြတ်တာ၊ ရွာလုံး ကျွတ်မီးရှို့တာတွေကို ရည်ရွယ်ချက်ရှိရှိနဲ့ကို လုပ်ဆောင်နေတာ ဖြစ်တယ်။ ဒီလ ဩဂုတ်လ ၁၄ ရက်နေ့မှာ ပဲဖြစ်ပျက်သွားခဲ့တဲ့ မြန်မာ-အိန္ဒိယ နယ်စပ်အနီး ဟိုင်းမွာလ်(Haimual) ကျေးရွာမှာ စစ်ကောင်စီ တပ်သားတွေကနေ အသက် ၁၂ နှစ်နဲ့ ၁၆ နှစ်အရွယ် မောင်နှမ ၂ ယောက်ကို ဖမ်းဆီး နှိပ်စက်ပြီး သတ်ဖြတ် ခဲ့တာတွေ၊ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၆ ရက်နေ့ မတူပီမြို့နယ် မှာ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ၁၀ ဦးကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ၊ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းလောက်က မင်းတပ် မြို့နယ်ထဲ ဆိုင်ကယ်နဲ့ ခရီးသွားတဲ့ ပြည်သူ ၂ ဦးကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့တာတို့ စသဖြင့် အများကြီးရှိပါတယ်။ ကယားပြည်နယ် ၊ စစ်ကိုင်းတိုင်း မကွေးတိုင်း စတဲ့ နိုင်ငံ အနှံ့အပြားမှာ လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေကို စစ်ကောင်စီက တောက်လျှောက် ကျူးလွန်နေတာပါ။
နေရပ်စွန့်ခွာထွက်ပြေးလာသူ ဦးရေတွေ၊ ဒုက္ခသည်ဦးရေတွေ ပိုမိုများများလာတယ်။ ဒါဟာ အိမ်နီးချင်း နိုင်ငံတွေရဲ့ လုံခြုံရေးနဲ့ နိုင်ငံရေးအပေါ် အများကြီး သက်ရောက်မှု ရှိလာတယ်။” ဆိုပြီး Dr.Mary က ပြောပါတယ်။ Dr. Mary ဟာ ဒုက္ခသည်အရေးနဲ့ ပတ်သက်တဲ့ ဘွဲ့ယူစာတမ်းပြုစုပြီး ဥပဒေပညာ ပါရဂူဘွဲ့ ရရှိခဲ့သူဖြစ်ပါတယ်။
မဏိပူရ ပြည်နယ်ဘက်မှာ ပြည်နယ်အစိုးရကနေ ဒုက္ခသည်တွေကို ၂၀၂၂ ဇွန်လကုန်ပိုင်းတုန်းက အလုံးအရင်း လိုက်လံ ဖမ်းဆီးသမျိုး မီဇိုရမ်အစိုးရကနေ ဖမ်းဆီးတာမျိုး ဖြစ်လာမှာကို ကြောက်နေရတယ် ဆိုပြီး မီဇိုရမ်ပြည်နယ်ထဲမှာ အိမ်ငှားနေတဲ့ အမျိုးသမီးတစ်ယောက်က ပြောပြပါတယ်။
မီဇိုရမ်ဒေသတွင်း သတင်းမီဒီယာတွေ နဲ့ မီဇိုရမ် ရဲတပ်ဖွဲ့ ရဲ့ ထုတ်ပြန်ချက်တွေ မှာ မြန်မာပြည်က ဝင်လာတဲ့သူတွေဆီကနေ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိတဲ့ သတင်းတွေ နေ့တိုင်းနီးပါး တွေ့မြင် ရတာနဲ့ ပတ်သက်ပြီး မီဖိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu Lal Cham Liana ကိုတွေ့ဆုံမေးမြန်းတဲ့ အခါ “စစ်ဘေးရှောင် တွေကနေ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ ပြုလုပ်နေတယ်ဆိုတဲ့ အထောက်အထား ကို ကျနော်တို့ အစိုးရအနေနဲ့ယနေ့ထိ မတွေ့ရှိရသေးပါဘူး။ စစ်ဘေးရှောင် တွေသည်လည်း လူသားတွေပဲမို့ ဥပဒေနဲ့မလွတ်ကင်းတဲ့ လုပ်ရပ်တွေ ကျူးလွန်တာမျိုးရှိ လာနိုင်ပါတယ်၊ ဒါမျိုးကိုတော့ ဥပဒေအရ အရေးယူရမှာပဲ ဖြစ်တယ်၊ စစ်ဘေးရှောင် ဒုက္ခသည် ဖြစ်ခြင်း အကြောင်းအရင်း တစ်ခုတည်း အတွက်နဲ့ ကျနော်တို့ အစိုးရက ဖမ်းဆီးတာမျိုး မလုပ်ပါဘူး။ ” လို့ဖြေ ကြားခဲ့ပါတယ်။
မူးယစ်ဆေးဝါးရောင်းဝယ် မှုနဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကြားက ဆက်စပ်မှု အကြောင်း Aizawl မြို့ခံတစ်ဦး မေးမြန်းကြည့်တဲ့အခါ “ဒီလို မူးယစ်ဆေးဝါးရောင်းဝယ် မှုနဲ့ စစ်ဘေးရှောင်ဒုက္ခသည် တွေကြား ဆက်စပ်မှု ရှိမရှိဆိုတာ ပြောရသိပ်ခက်တယ်၊ ကျနော့်လို အရပ်သား တစ်ယောက် အနေ နဲ့တော့ ရမ်းသန်းပြီး မပြောရဲဘူး” လို့ဆိုပါတယ်။
၂၀၂၂ ခုနှစ် ဩဂုတ်လ ၅ ရက် နေ့ရက်စွဲ နဲ့ စစ် ကောင်စီ နိုင်ငံခြား ရေး ဝန်ကြီး ဝဏ္ဏ မောင်လွင် လက်မှတ် ထိုးထားတဲ့ လျှို့ဝှက်စာ ပေါက်ကြားလာတာနဲ့ ပတ်သက်ပြီး မီဇိုရမ် ပြည်ထဲ ရေးဝန်ကြီး Pu Lal Cham Liana ကို သွား ရောက် မေးမြန်းတဲ့အခါ “ Kolkata မြိုမှာ ရှိတဲ့ မြန်မာ ကောင်စစ်ဝန်ရုံးက နေ မီဇိုရမ် အစိုးရဆီကို ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး အရင်ဆုံး ပေးပို့ ခဲ့တာပဲ ဖြစ်တယ်။
အကယ်၍ ဒုက္ခသည် တွေကို ပြန်လည်ပို့ ဆောင်ခဲ့သည်ရှိ သော် စစ်ကောင်စီ အနေနဲ့ ဒုက္ခသည်တွေရဲ့ လုံခြုံ ရေးကို တာဝန်ယူ ပေးနိုင်မှာလား ၊ ဘယ်လိုမျိုး စီမံခန့်ခွဲ မှာလဲဆိုတဲ့ မေးခွန်းထုတ်ပြီး ၊ ပြန်စာ ပေးပို့ ခဲ့တာဖြစ်ပါတယ်၊ မီဇိုရမ်အစိုးရအနေနဲ့ စစ်ကောင်စီတို့ကြား လျှို့ဝှက်ဆက်သွယ်တာ လုံးဝမရှိ ပါဘူး။” လို့ ပြောပါတယ်။
မြန်မာစစ်ဘေးရှောင်ဒုက္ခသည် တွေအတွက် မီဇိုရမ်ပြည်နယ်ရဲ့ အရေးပါမှု
၂၀၂၁ ခုနှစ် ဖေ ဖော်ဝါရီလ ၁ ရက် နေ့ နောက်ပိုင်းက စပြီး စစ် ကောင်စီရဲ့ အကြမ်းဖက် ဖြိုခွင်းမှု တွေ ကြောင့် မြန်မာ ပြည်က နေ အိန္ဒိယ ဘက်ကို ထွက် ပြေးတိမ်း ရှောင်လာသူ တွေ အတွက် မီဇိုရမ် ပြည်နယ်ဟာ သိပ်ကို အ ရေးပါပြီး အချက်အခြာ ကျတဲ့ နေရာ ဖြစ်လာခဲ့ပါတယ်။ မီဇိုရမ် ပြည်နယ်ဟာ မြန်မာပြည်နဲ့ ကီလိုမီတာ ၅၁၀ နယ်နိမိတ်ချင်းထိစပ် နေတဲ့ အိန္ဒိယ အ ရှေ့ မြောက် ဒေသရဲ့ ပြည်နယ်တစ်ခု ဖြစ်ပါတယ်။ “ မီဇိုရမ် ပြည်နယ်တွင်းမှာ အများအားဖြင့် Chin-Kuki-Mizo (CHIKIM) / Chinlungchuak / Zohnahlak လို ခေါ်တဲ့ မျိုးနွယ်စု တွေ နေထိုင်ကြပါတယ်။” မျိုးနွယ်စုချင်း ဆက်စပ်မှု ၊ ယဉ် ကျေးမှု နှင့် ဘာသာစကား ဆက်စပ်မှု တွေ ကြောင့် မီဇိုပြည်သူ တွေ အ နေနဲ့ မြန်မာပြည်ကလာတဲ့ ဒုက္ခသည် တွေ (ချင်းလူမျိူးအများစု) ကို နွေး ထွေးပျူငှာစွာ လက်ခံ ကြိုဆိုလက်ခံကြတာပါ" လို ZORO အဖွဲ ဒုတိယ ဥက္ကဌက Pu Mawia က ပြောပြပါတယ်။ ZORO ဆိုတာ Zo Re-Unification Organization အဖွဲ့ဖြစ်ပြီး United Nations Permanent Forum on Indigenous Issues (UNPFII) နဲ့ Expert Mechanism on the Rights of Indigenous Peoples (EMRIP) အဖွဲ့ဝင် ဖြစ်ပါတယ်။
UNHCR ရုံးစိုက်ရာ ဒေလီမြိုကို သွား ရောက်ပြီး UN အသိအမှတ်ပြု ဒုက္ခသည်ခံယူတဲ့ မြန်မာဒုက္ခသည် တွေအတွက် မီဇိုရမ်ပြည်နယ် ဟာထွက် ပေါက် တစ်ခုလို ဖြစ် နေပါတယ်။ မြန်မာပြည်မှာ ခေတ်အဆက်ဆက် နိုင်ငံ ရေးမတည်ငြိမ်မှု ဖြစ်တိုင်း မီဇိုရမ်က နေ တဆင့် ဒေလီအထိ သွား ရောက်ပြီး ဒုက္ခသည် ခံယူကာ တတိယနိုင်ငံ တွေ ဆီ ရောက်သွားတဲ့ မြန်မာပြည်သားအများ အပြားရှိခဲ့ပါတယ်။ “မြန်မာပြည်ကလာတဲ့ ဒုက္ခသည် တွေ အပါအဝင် ချင်း/ဇို မျိုးနွယ်စု တွေ အားလုံးအတွက် မီဇိုရမ်ပြည်နယ်ဟာ ဂျေရုဆလင် ဖြစ်ပါတယ်။ ဆင်းရဲ ဒုက္ခ ရောက် နေချိန် အားလုံးရဲ့ ကွန်းခိုရာ ဖြစ်ပါတယ်။” ဆိုပြီး YMA ဗဟို ဥက္ကဌ Pu R. Lalngheta က ဆိုပါတယ်။ Young Mizo Association (YMA) ကို ၁၉၃၅ ခုနှစ်မှာ စတင်ဖွဲစည်းခဲ့ပြီး မီဇိုရမ်မှာ ဩဇာအကြီးမားဆုံး အရပ်ဘက် လူမှုအဖွဲအစည်း ဖြစ်ပါတယ်။ ရပ် / ကျေး အုပ်ချုပ် ရေး အားလုံးနီးပါးကို YMA က တာဝန် ဖြေရှင်းရတာ ဖြစ်ပါတယ်။
ချင်းပြည်နယ် ၊ မ ကွေးတိုင်း နဲ့စစ်ကိုင်းတိုင်း တွေမှာ ကုသလို မရတဲ့ ရောဂါ ခံစား နေရတဲ့ သူ တွေကို မီဇိုရမ် ပြည်နယ်ထိ ခေါ်ယူ တင် ဆောင်လာပြီး မီဇိုရမ်ပြည်နယ်ထဲက အစိုးရ ဆေးရုံအပါအဝင် ပုဂ္ဂလိက ဆေးရုံ တွေမှာ ဆေးကုသမှု ခံယူနေကြတာ တွေ အများအပြားရှိပါတယ်။ “ ရန်ကုန် မန္တ လေး သွားမယ့် လမ်းခရီးမှာ တိုက်ပွဲ တွေ ဖြစ် နေတတ်တာမျိုး ရှိတယ် ၊ စစ် ကောင်စီဘက်ကလည်း ၄/ ၊ ၅/ နဲ့ ၈/ မှတ်ပုံတင် ပိုင်ရှင် တွေ ကို စိစစ်ပြီး လူငယ်လူရွယ် တွေဆိုရင် မတရား သဖြင့် ဖမ်းဆီး နေတာ တွေလည်း ရှိတယ်။ အဲဒီ တော့ ရန်ကုန် မန္တ လေးဘက် ကို သွားဖိုဆို တာ မလွယ် တော့ဘူး ၊ အဲဒီ တော့ ဒီဘက်ကို လာပြီး ကုကြရတာ ပေါ့ ၊ လမ်းခရီးကြမ်း ပေမဲ့ အဆင် ပြေတယ်လို့ပဲ ပြောရမယ်။” ဆိုပြီး ခံတွင်းကင်ဆာ ရောဂါ ခံစား နေရတဲ့ အသက် ၃၅ နှစ်အရွယ် မင်းတပ်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ဒုက္ခသည်တွေ အပေါ် မီဇိုရမ်အစိုးရ ၊ ဒေသခံ CSO နဲ့ NGO တွေရဲ့ အမြင်
စစ်ကောင်စီက အာဏာသိမ်းပြီးနောက် အိန္ဒိယနိုင်ငံထဲကို မြန်မာစစ်ဘေးရှောင်တွေ အလုံးအရင်း ဝင်ရောက်လာခဲ့ကြပါတယ်။ အဲဒီလိုဝင်ရောက်လာတဲ့ စစ်ဘေးရှောင်တွေဟာ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ထဲကို ချင်းပြည်နယ် ၊ စစ်ကိုင်းတိုင်း ဒေသတွေ ကနေဝင်ရောက်လာကြတဲ့ အခါ မီဇိုရမ်ပြည်သူတွေ ကနွေးထွေးစွာ ကြိုဆိုခဲ့ကြပြီး လိုအပ်တဲ့ အကူညီမှန်သမျှ ပေးအပ်ခဲ့ကြပါတယ်။ မီဇိုရမ်ပြည်နယ် ကျေးရွာတွေထဲမှာ မြန်မာစစ်ဘေးရှောင်တွေ အတွက်နေရာ သီးသန့် နေရာထိုင်ခင်း ပေးတာတွေ ၊ အစားအသောက် နဲ့ ဆေးဝါး အကူအညီပေးတာတွေ ၊ အဝတ်အစားနဲ့ အိမ်တွင်း အသုံးဆောင် ပစ္စည်း ကူညီပေးတာတွေ စသဖြင့် တက်ကြွစွာ ကူညီပေးလျက်ရှိနေကြတယ်လို့ ၂၀၂၁ ၊ ဧပြီလ ကတည်းက ရန်ကုန်ကနေ မီဇိုရမ်ပြည်နယ် ထဲကို ရောက်ရှိလာတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ “ကိုယ့် နိုင်ငံ မဟုတ်တဲ့ နေရာမှာ ဒီလိုနွေးနွေး ထွေးထွေးကြိုဆိုကြတယ် ဆိုတာ တကယ်ကို ထင်မထားဘူး ၊ မီဇိုရမ် ပြည်နယ် နဲ့ မီဇို လူမျိုးတွေကို အထူးကျေးဇူးတင်ပါတယ်။” ဆိုပြီး အဲဒီ CDM ဝန်ထမ်းက ဆက်ပြောပြပါတယ်။
“အိန္ဒိယ ဗဟိုပြည်ထဲရေးဝန်ကြီးဌာန ကနေ မီဇိုရမ်အစိုးရနဲ့ မဏိပူရ အစိုးရဆီကို မြန်မာစစ်ဘေးရှောင် တွေကို လက်မခံပါနဲ့ ဆိုပြီး တိုက်ရိုက်ညွှန်ကြားစာ ရောက်လာခဲ့ပါတယ်၊ ဒါပေမဲ့ ကျနော်တို့ မီဇိုရမ် ပြည်နယ် ဝန်ကြီးချုပ်က ကတော့ ကိုယ့်သွေးချင်းတွေ ဖြစ်တဲ့ ဒုက္ခသည်တွေကို ပစ်မထားရက်ဘူး ၊ နေရပ်ပြန်မပို့နိုင်ဘူး ၊ တတ်နိုင်သလောက် ကူညီစောင့်ရှောက်မယ် ဆိုပြီး ဗဟိုအစိုးရ ကိုပြန်လည် အကြောင်းကြားခဲ့ပါတယ်။” လို့ မီဇိုရမ်ပြည်နယ် ပြည်ထဲရေးဝန်ကြီး Pu LAL CHAM LIANA က CHIN WORLD နဲ့ သီးသန့် အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။
မီဇိုရမ် ပြည်နယ်ရောက် မြန်မာ စစ်ဘေးရှောင်တွေကို ပြည်နယ်အစိုးရက လိုလိုလားလား ကြိုဆိုတဲ့ အပြင် မီဇိုအရပ်ဘက် အဖွဲ့အစည်းတွေ ၊ ဘာသာရေး အဖွဲ့အစည်းတွေ ၊ ဒေသတွင်း NGO တွေကလည်း အင်အား အလုံးအရင်းနဲ့ ကူညီ လျက်ရှိကြပါတယ်။ YMA (Young Mizo Association) , MZP (Mizo Zirlai Pawl) နဲ့ MSU (Mizo Student Union) စတဲ့ ဒေသခံ အရပ်ဘက် အဖွဲ့အစည်းတွေ နဲ့ NGO တွေ အပြင် ပုဂ္ဂလိက အနေနဲ့ပါ မြန်မာပြည်က လာတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေ ကို တောက်လျှောက် ကူညီ လျက်ရှိတာကိုတွေ့ရပါတယ် ။
YMA , MZP & MSU စတဲ့ မီဇိုရမ်ရဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေဟာ မီဇိုရမ်ပြည်နယ်ကို ရောက်လာကြတဲ့ စစ်ဘေးရှောင် ဒုက္ခသည်တွေကို အားသွန်ခွန်စိုက် ကူညီနေရုံတင်မကဘဲ မြန်မာပြည်တွင်းမှာ ရှိတဲ့ IDP တွေအတွက် (Mobile Charity Concert) ကို Aizawl မြို့လယ်ခေါင်တွေမှာ ကျင်းပပြီး အလှူငွေကောက်ခံလျက်ရှိကြပါတယ်။ MZP ကဦးဆောင် ပြီးကျင်းပတဲ့ (Mobile Charity Concert) မှာ ၃ ရက်အတွင်း အလှူငွေကောက်ခံရရှိတဲ့ ပမာဏ ရူပီး ၅၀၃,၅၃၄ (မြန်မာ ကျပ်ငွေ သိန်း ၁၄၀ ဝန်းကျင်) ရရှိခဲ့တဲ့ကြောင်း ဩဂုတ်လ ၁၆ ရက်နေ့မှာထုတ် ပြန်ပါတယ်။
“ ၁၉၆၆ ခုနှစ်ကာလ ဝန်းကျင်တွေတုန်းက မီဇိုရမ်ပြည်နယ်မှာလည်း နိုင်ငံရေး အကျပ်အတည်းတွေ ဖြစ်ခဲ့ပြီး မီဇိုလူမျိူးတွေတော်တော်များများ မြန်မာပြည်ဘက်ကို ထွက်ပြေးတိမ်းရှောင်ခဲ့ ကြပါတယ်၊ ချင်းလူမျိုး သွေးချင်းတွေက ကျနော်တို့ကို နေရာထိုင်ခင်းနဲ့ အစားအသောက်တွေ ကူညီပေးခဲ့ကြတယ်၊ အဲဒီချိန်က စလို့ မီဇိုလူမျိူး တချို့မြန်မာပြည်မှာ အခြေချနေရစ်ခဲ့ကြပြီး တချို့ကတော့ မီဇိုပြည်ကို ပြန်လာခဲ့ကြတယ်။ အခု မြန်မာပြည်မှာ အဲဒီဖြစ်ရပ်လို မျိုးပြန်ဖြစ်နေတာ ကျနော်တို့ များစွာ စိတ်မကောင်း ဖြစ်ရတယ်၊ ဒါကြောင့် ကျနော်တို့ တတ်နိုင်သလောက် ပြန်ကူညီနေပါတယ် ၊ အများကြီး မတတ်နိုင်ရင်တောင်မှ ပေါ့ ။” ဆိုပြီး MZP ဒုတိယ ဥက္ကဌ Andrew F.Lalramnghaka က ဆိုပါတယ်။ MZP ကို ၁၉၃၅ ခုနှစ် မှာ စတင်တည်ထောင်ခဲ့ ပြီး မီဇိုရမ်ပြည်နယ်ရဲ့ သက်တမ်းအရင့်ဆုံး ကျောင်းသား အဖွဲ့အစည်းဖြစ်ပါတယ်။
“မြန်မာပြည်က လာတဲ့ ဒုက္ခသည်တွေရဲ့ ဒုက္ခဟာ ကျနော်တို့ရဲ့ ဒုက္ခလိုပဲ ခံစားရတယ်၊ သူတို့ အဆင်မပြေရင် ကျနော်တို့လည်း အဆင်မပြေပါဘူး။” လို့မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင် (Champhai) မြို့ခံ တစ်ဦးဖြစ်သူ Pu Thang Chhunga ကဆိုပါတယ်။ Pu Thang Chhunga ဟာ မြန်မာပြည်က လာတဲ့ စစ်ဘေးရှောင်တွေ အတွက်စစ်ဘေးရှောင် စခန်းတည်ဆောက်ဖို့အတွက် ၎င်းရဲ့ကိုယ်ပိုင်ခြံကို ငှားရမ်း ပေးထားသူလည်း ဖြစ်ပါတယ်။ “ မီဇိုရမ်ပြည်နယ် ၊ ကျန်ဖိုင် (Champhai) မြို့ ဆိုတာ ၁၉၈၈ ခုနှစ် ကတည်းက နိုင်ငံရေးကြောင့် ခိုလှုံလာသူတွေ နဲ့ ဒုက္ခသည်တွေ ကို ယနေ့တိုင်လက်ခံကြိုဆိုနေတဲ့ မြို့ဖြစ်တယ်၊ NCGUB တို့ ABSDF တို့လည်း ဒီဘက်တွေမှာ လှုပ်ရှားခဲ့ကြတယ်။” ဆိုပြီး မြန်မာနွယ်ဖွား အိန္ဒိယနိုင်ငံသား တစ်ယောက်က ပြောပြပါတယ်။
“ ကျနော်တို့ မီဇိုရမ်ပြည်နယ်သည် လည်း အိန္ဒိယ စစ်တပ်ရဲ့ ဖိနှိပ်အုပ်ချုပ်မှုအောက်မှာ ခံစားခဲ့ကြရတယ် ၊ မြန်မာပြည်ဘက်မှာ တိမ်းရှောင်ခဲ့ကြဖူးတယ်၊ တော်လှန်ရေး နှစ်ပေါင်း ၂၀ ကျော် ဆင်နွှဲခဲ့ကြတယ်၊ ကျနော်တို့ ခေါင်းဆောင်တွေက ဖလမ်းမြို့ ကိုသိမ်းဖို့စီစဉ်ကြလို့ ဖလမ်းမြို့ ကို သိမ်းပိုက်ခဲ့ကြတယ်။ အဲဒါကြောင့် ကျနော်တို့ ကိုယ်ချင်းစာ စိတ်အပြည့်အဝရှိတယ်။ စစ်ဘေးရှောင် ဒုက္ခသည်တွေ လိုအပ်တဲ့ အချိန်အတိုင်းအတာ တစ်ခုထိ မီဇိုရမ်ပြည်နယ်မှာ နေစေချင်ပါတယ်၊ မြန်မာပြည် ကြီးပြန်လည် အေးချမ်းပြီး စစ်ဘေးရှောင် ဒုက္ခသည် တွေ အေးအေးချမ်းချမ်းနဲ့ ပြည်တော် ပြန်ဝင်နိုင်ကြဖို့ မေတ္တပို့ဆုတောင်းပါတယ်။ ” ဆိုပြီး ပြည်ထဲရေးဝန်ကြီး Pu Lal Cham Liana ကဆိုပါတယ်။
မီဇိုရမ် ပြည်နယ်မှာ UNHCR ရုံးခွဲ ဖွင့်လှစ်ဖို့အတွက် မီဇိုရမ်ပြည်နယ် အစိုးရအနေနဲ့ ဘယ်လိုမျိုး ကူညီ ဆောင်ရွက် သွားဖို့လိုပါသလဲ ဆိုပြီး ပြည်ထဲရေးဝန်ကြီး Pu Lal Cham Liana ကိုမေးတဲ့အခါ “ မီဇိုရမ် မှာ UNHCR ရုံးဖွင့်ဖို့ ကိစ္စကတော့ ပြည်နယ်အစိုးရရဲ့ လုပ်ပိုင်ခွင့် မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ ပြည်ပ အဖွဲ့အစည်းဖြစ်တဲ့အတွက် ဝင်ခွင့်ပေးတယ် မပေးဘူး ဆိုတာ ဗဟိုအစိုးရရဲ့ လက်ထဲမှာပဲ ရှိပါတယ်။” လို့ပြန်လည် ဖြေကြားခဲ့ပါတယ်။
မီဇိုရမ်မှာ မြန်မာ ဒုက္ခသည်တွေအတွက် UNHCR ရုံးခွဲ ဖွင့်လှစ်နိုင်ရေးနဲ့ ပတ်သက်ပြီး “ ဒီကိစ္စက အိန္ဒိယ ဗဟိုအစိုးရရဲ့ လုပ်ပိုင်ခွင့် ဖြစ်တယ်၊ အိန္ဒိယ အစိုးရဟာ 1951 Refugee Convention မှာ လက်မှတ် ရေးထိုး ထားခြင်းမရှိပေမယ့်လည်း “မိမိအသက်နှင့် လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေတဲ့ မိမိနေရပ်ကို အတင်းအကျပ် ပြန်မသွားစေခြင်း” ဆိုတဲ့ နိုင်ငံတကာဓလေ့ထုံးတမ်းဥပဒေကို လေးစားရပါမယ်။ မလေးရှားနဲ့ ထိုင်းနိုင်ငံတွေလည်း 1951 Refugee Convention မှာ လက်မှတ် ရေးထိုးထားခြင်းမရှိကြဘူး၊ ဒါပေမဲ့ UNHCR ကို အတိုင်းအတာတစ်ခုထိ လုပ်ဆောင်ခွင့်ပေးကြတယ်။ အဲဒီလိုသာ UNHCR နဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေကို လုပ်ဆောင်ခွင့်တွေ ပေးလိုက်ရင် မီဇိုရမ် ပြည်နယ်အစိုးရ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ ဘာသာရေး အဖွဲ့ အစည်းတွေနဲ့ မီဇိုပြည်သူတွေရဲ့ မြန်မာဒုက္ခသည်နဲ့ ပတ်သက်ပြီး ထမ်းရတဲ့ ဝန်ပေါ့သွားပါလိမ့်မယ်၊ ဒုက္ခသည်တွေအတွက်လည်း အတိုင်းတာ တစ်ခုထိ စိတ်လုံခြုံမှု ရရှိနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။” ဆိုပြီး Dr.Mary ကပြောပါတယ်။
အိန္ဒိယနိုင်ငံရောက် မြန်မာစစ်ဘေးရှောင် ဒုက္ခသည်တွေကတော့ မီဇိုရမ်မှာ UNHCR ရုံးဖွင့်လှစ်နိုင်ဖို့ အိန္ဒိယဗဟို အစိုးရရဲ့ တုံ့ပြန် ဆောင်ရွက်မှုတွေကို အကောင်းဆုံး မျှော်လင့်နေကြပါတယ်။
Samchomun (ဆမ်ချိုမွန်း)