ယခုနှစ် ၂၀၂၂တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့၏ ဆောင်ပုဒ်မှာ “မည်သူမဆို၊ မည်သည့်နေရာမဆို၊ မည်သည့်အချိန်မဆို လူတိုင်းတွင် လုံခြုံမှုကို ရှာဖွေပိုင်ခွင့်ရှိသည်” ဟူ၍ ဖြစ်သည်။
ထို့ကြောင့် ယနေ့ ဇွန်လ ၂၀ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ဒုက္ခသည်များနေ့ အထိမ်းအမှတ်အနေဖြင့် ကရင်ပြည်နယ်နှင့် နယ်စပ်ဒေသရှိ ဒုက္ခသည်အချို့၏ ရင်တွင်းစကားများကို စုစည်းဖော်ပြလိုက်ပါသည်။
စောဖထရား ။ ။ လေးကေကော်မြို့သစ် အုပ်ချုပ်ရေးမှူး
အထူးသဖြင့် ကျနော်တို့က ဒေါနအရှေ့ဘက်ခြမ်းမှာနေတာဆိုတော့ ပြောရမယ်ဆိုရင် ကျနော်တို့ မွေးလာက တည်းက ဒီထွက်ပြေးတိမ်းရှောင်နေရမှုက ကျနော်တို့နဲ့အတူ မွေးဖွားလာသလိုပါပဲ။ မွေးလာပြီး ဘာမှမသိခင်က တည်းက စစ်ပြေးရှောင်ရတဲ့ ဒုက္ခအမျိုးမျိုးကြုံရတယ်။ ထိုင်းနိုင်ငံမှာ ထွက်ပြေးနေထိုင်ခဲ့ရတယ်။ အခြေအနေ ကောင်းလာတော့ နေရပ်ပြန်လာတယ်။ နေရာအတည်တကျနဲ့ အခြေအနေကောင်းလာတုန်းပဲရှိသေးတယ်။ အခုထပြေးရပြန်တယ်။ ဒီအခက်အခဲတွေကို ရပ်တန့်အောင်လုပ်ပေးနိုင်တဲ့လူရှိရင် ကျနော်တို့အတွက်လည်း ကောင်းမယ်။ နောင်မျိုးဆက်သစ်အတွက်လည်း ကောင်းမယ်။
ပဋိပက္ခဖြစ်ပြီး ဒေသမတည်ငြိမ်တာကြောင့် စစ်ရှောင်တွေရှိလာတာ။ ပဋိပက္ခတွေကို ဖြေရှင်းတဲ့အခါမှာ စစ်ရှောင် တွေ မရှိလာအောင် ဖြေရှင်းနိုင်ဖို့က မျှော်လင့်တယ်။ ကျနော်တို့ဒေသမှာ လက်နက်ကိုင်အဖွဲ့များတယ်။ လက်နက် ကိုင်အဖွဲ့များတော့ နည်းနည်းပါးပါးတော့ ပဋိပက္ခဖြစ်လာနိုင်မှာပဲ။ ဒါပေမယ့် ပဋိပက္ခမဖြစ်အောင် အဖက်ဖက်က ကြည့်ပြီး ဖြေရှင်းရမှာပေါ့။ တစ်ကမ္ဘာလုံးမှာ၊ နေရာတိုင်းမှာ ပဋိပက္ခရှိတာတွေကြီးပဲ။ ဒါပေမယ့် ပဋိပက္ခ မကြီးအောင် တချို့က ဒေသခံလူထုဘက်ကိုကြည့်ပြီးတော့မှ ပဋိပက္ခအပိုင်း၊ လူထုအပိုင်းဆိုပြီး ခွဲပြီး ဖြေရှင်းပေး တာ ရှိတယ်။ ကျနော်တို့က အဲလိုမျိုး ဖြေရှင်းတာကို ဖြစ်စေချင်ပါတယ်။
နော်ထွေးထွေး (အုန်းဖျန်ဒုက္ခသည်စခန်း၊ ကရင်အမျိုးသမီးအစည်းအရုံး – KWO ဥက္ကဋ္ဌ)
လတ်တလောအခြေအနေက ကျမတို့တွေ စိန်ခေါ်မှု အမျိုးမျိုးကို ကြုံတွေ့ရပါတယ်။ နေရေးထိုင်ရေး၊ စားရေးသောက်ရေး၊ ပညာရေးတွေလည်း စိန်ခေါ်မှုကြုံတွေ့နေရတယ်။ လူမှုရေးကဏ္ဍမှာဘက်မှာ ပြန်ကြည့်မယ်ဆိုရင်လည်း အရင်က ဝင်ထွက်သွားလာလို့ မလွယ်ကူတော့ဘူးပေါ့နော်။
စားနပ်ရိက္ခာအပိုင်းမှာဆို ထောက်ပံ့မှုတွေလည်း လျော့နည်းလာတယ်။ စားနပ်ရိက္ခာဆို အခုအလှူရှင်တွေ ထောက်ပံ့ပေးတဲ့ဟာနဲ့ ကျမတို့အတွက် လုံလောက်မှုမရှိဘူးလို့ ပြောလို့ရတယ်။ တဖက်က ပြန်နှိုင်းယှဉ်ကြည့်ရင် ကနေ့ တစ်ကမ္ဘာလုံးက ဒုက္ခအမျိုးမျိုး ရင်ဆိုင်ကြုံတွေ့နေကြရတယ်ပေါ့နော်။
စောဌေးအေး (မယ်ရာမိုဒုက္ခသည်စခန်း–ဥက္ကဌ)
ကျနော်တို့ဒုက္ခသည်တွေရဲ့အခွင့်အရေးတွေ အရင်ကလို ရရှိဖို့မျှော်လင့်နေတယ်။ လူသားတစ်ယောက်ရဲ့ အခွင့်အရေး ပြည့်ပြည့်ဝဝရရှိဖို့ မျှော်လင့်တယ်။ ကျနော်တို့ ဒုက္ခသည်တွေကို အထင်အမြင်မသေးဖို့ကို တောင်းဆိုချင်တယ်။ နောက်တစ်ကမ္ဘာလုံးမှာရှိတဲ့ ဒုက္ခသည်တွေအားလုံးလည်း လူသားတစ်ဦးရဲ့ အခွင့် အရေးအပြည့်အဝ ရရှိနိုင်ဖို့ကိုလည်း တောင်းဆိုချင်ပါတယ်။
စောဆာ့ဖိုးဒူ (လေးကေကော်ဒေသ၊ ရသေ့ဂူကျေးရွာ ဥက္ကဋ္ဌ)
ကျနော်တို့က ပြောင်းရွှေ့တိမ်းရှောင်နေရပေမယ့်လည်း လွတ်လွတ်လပ်လပ်နဲ့အခွင့်အရေးအပြည့်နဲ့ရချင်တယ်။ ဒုက္ခသည်စခန်းတစ်ခုလို နေရာအတည်တကျနဲ့ သူများကဲ့ရဲ့ပြောဆိုတာတွေ မရှိရအောင် အခွင့်အရေးအပြည့်နဲ့ နေချင်တယ်။ ဘယ်သူမဆို ကိုယ့်ရပ်ကိုယ့်ရွာမှာပြန်နေချင်ကြတာပဲ ကိုယ့်နေရပ်ပြန်လို့ရရင်တော့ အရမ်းတော့ ပျော်မှာပါ။ တစ်ကမ္ဘာလုံးမှာရှိတဲ့လူတွေဟာ ကျနော်တို့ ကြုံတွေ့နေရတဲ့ ဒုက္ခကို မြင်စေချင်တယ်။ တချို့ဆိုရင် ကျနော်တို့နေရာမှာ ဝင်ခံစားပေးပြီးတော့ စာနာထောက်ထားပြီး ထောက်ပံ့ကူညီပေးသူတွေလည်း ရှိတယ်။ ဒေသအာဏာပိုင်တွေကလည်း ကျနော်တို့ ဒေသခံလူထုတွေ နေရပ်ပြန်နေရဖို့ သူတို့လည်း လုပ်စရာရှိတာ သူတို့ လုပ်မယ်လို့ မျှော်လင့်တယ်။
နန့်စူစဲန်ထူး (မယ်လဒုက္ခသည်စခန်း၊ ကရင်လူငယ်အစည်းအရုံး ဥက္ကဋ္ဌ)
ကျမပြောချင်တာ တစ်ကမ္ဘာလုံးမှာ ဒုက္ခသည်ဆိုတာရှိပါတယ်။ အဲဒါကြောင့် ဒုက္ခသည်တွေအားလုံးအတွက် စဉ်းစားပေးစေချင်တယ်ပေါ့နော်။ ဒီနေ့ ဒုက္ခသည်နေ့ (မယ်လ)မှာ လာရောက်ပါဝင်ကြတဲ့ ပြည်သူတွေက သူတို့တောင်းဆိုချက် ဆိုင်းဘုတ်တွေနဲ့အတူ ယူဆောင်ကြတယ်။ အချို့က ရေးသားထားတာက အစွန့်ပစ်ခံရတဲ့ ယူအဲန်ရဲ့သားသမီးများ၊ အချို့က ကျနော်၊ ကျမတို့ရဲ့ ကလေးအနာဂတ်ကို ကြည့်ပေးကြပါ၊ အချို့က တန်းတူ အခွင့်အရေး လိုလားတယ်ဆိုပြီး ထိုင်းဘာသာ၊ မြန်မာဘာသာ ၊ အင်္ဂလိပ်ဘာသာနဲ့ ရေးသားဖော်ပြကြတယ်။ ဒါကို လာတဲ့ဧည့်သည်တွေက ဓာတ်ပုံရိုက်ယူသွားကြတယ်။ ကျမတို့ရဲ့ ခံစားချက်ကို လာပြီးနားထောင်ပေးတာကို မြင်တွေ့ရတော့ ဝမ်းမြောက်ဝမ်းသာဖြစ်မိတယ်ပေါ့နော်။ တက်ရောက်တဲ့ခေါင်းဆောင်တွေကလည်း လိုလားချက်တောင်းဆိုချက် တစ်စုံတစ်ရာရှိရင် လာပြီးတင်ပြလို့ရတယ်လို့ ပြောတယ်။ ကျမတို့လည်း ဒါကိုပဲ လိုလားပါတယ်။ အဲဒီအခွင့်အရေးကို ကျမတို့ လိုလားတယ်ပေါ့နော်။