မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ ဖေဖော်၀ါရီ ၁ ရက်နေ့နောက်ပိုင်း မြန်မာနိုင်ငံ ပြည်မဒေသအတွင်း နေ့စဉ်တိုက်ပွဲတွေဖြစ်ပွားနေခဲ့ပြီး အာဏာသိမ်းစစ်ကောက်စီ တပ်ဖွဲ့ဟာလည်း နိုင်ငံကို ဒီနေ့ထိ ကောင်းကောင်းမွန်မွန် မအုပ်ချုပ်နိုင်သေးပါဘူး။ သက်တော်ရှည် စစ်အာဏာရှင်တွေရဲ့ ထွက်ပေါက်အဖြစ် ဖန်တီးယူခဲ့တဲ့ (၂၀၀၈)ဖွဲ့စည်းပုံအခြေခံဥပဒေကို မဖျက်သိမ်းချင်တာကြောင့် လက်ရှိအာဏာသိမ်းစစ်တပ်ဟာ (၂၀၂၃)နိုဝင်ဘာလမှာ ရွေးကောက်ပွဲလုပ်ဖို့ ကတိပေးထားသလို စစ်အုပ်စုက ဆန္ဒမရှိတဲ့ နာတာရှည်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလည်း အသက်သွင်းနေတာကို တွေ့ရပါတယ်။
တိုင်းရင်းသားပြည်နယ်တွေအတွက် နိုင်ငံရေး၊ စီးပွားရေးအရ ဘာအခွင့်အရေးမှပေးမထားဘဲ နိုင်ငံရေးမှာ စစ်တပ်ရဲ့ ဝင်ရောက်စွက်ဖက်မှုကို အပြည်အဝရယူထားတဲ့ (၂၀၀၈)ခြေဥကို အသေဖက်တွယ်လာခဲ့တဲ့ စစ်တပ်ဟာ ဒီနေ့တော့ ဒီမိုကရေစီဖယ်ဒရာယ်ပြည်ထောင်စု တည်ဆောက်ဖို့ အသံထွက်နေတာကို တွေ့ရပါတယ်။ ခြေဥအရ လွှတ်တော်တိုင်းမှာ အမတ်နေရာ (၂၅)ရာခိုင်နှုန်းရယူထားတဲ့ စစ်တပ်ဟာ အလုပ်မဖြစ်တဲ့ ကြံ့/ဖွတ်ပါတီကို အားကိုးမရတော့တာကြောင့် ရွေးကောက်ပွဲကို အချိုးကျ ကိုယ်စားပြုစ်နစ်(PR)နဲ့ လုပ်ဆောင်ဖို့ ကြံရွယ်လာတာကိုတွေ့ရပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ဆောင်ချက်တွေ ဘယ်လောက်ထိ အောင်မြင်နိုင်မလဲဆိုတာတော့ ဆက်ပြီးစောင့်ကြည့်ရမယ်လို့သာ မြင်ပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိပဋိပက္ခဟာ အရင်(၂၀၁၀)ရှေ့ပိုင်းနဲ့ မတူတော့ပါဘူး။ တစ်ဖက်မှာ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ တိုင်းရင်းသားတွေ တောင်းဆိုလာခဲ့တာ မြန်မာနိုင်ငံလွပ်လပ်ရေးရကတည်းက ဖြစ်ပါတယ်။ ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို ခွဲထွက်ခွင့်လို ဝါဒဖြန့်ချိခဲ့တဲ့ ဗမာခေါင်းဆောင် နိုင်ငံရေးသမားတွေရဲ့ လူမျိုးကြီးဝါဒအုပ်စိုးရေး မဟာဗျူဟာကြောင့် ဒီနေ့ထိ ပြည်နယ်ဒေသက တိုင်းရင်းသားတွေ လက်နက်ကိုင်တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ ဒီနေ့တော့ တိုင်းရင်းသားတွေ ဖယ်ဒရယ်နိုင်ငံတည်ဆောက်ရေးထက် ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီမံဖန်တီးပိုင်ခွင့် အပြည့်အဝ ရရှိရေးကို ဦးတည်နေကြတာကို တွေ့ရမှာဖြစ်ပါတယ်။ ဖယ်ဒရယ်ဆိုရင်တောင် ဗဟိုချုပ်ကိုင်မှုအားနည်းတဲ့ ကွန်ဖက်ဒရိတ်ပုံစံမျိုးသို့ ချီတက်နေကြတာတွေ့ရပါတယ်။
နိုင်ငံတော်အာဏာကို စစ်တပ်ကသိမ်းယူလိုက်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံရဲ့ လက်နက်ကိုင်ပဋိပက္ခဟာ ပိုမိုတိုးပွားလာခဲ့သလို တိုက်ပွဲတွေဟာလည်း ပြည်မမှာပါ နေ့တိုင်းဖြစ်ပွားနေကြပါတယ်။ စစ်အာဏာ သိမ်းယူလိုက်ပြီးနောက်ပိုင်း စစ်အာဏာရှင်တော်လှန်ရေးအတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) အဖွဲ့ပေါင်းများစွာ ထွက်ပေါ်လာခဲ့တာကိုတွေ့ရပြီး စစ်အာဏာရှင်ကျရှုံးရေး တိုက်ပွဲဝင်နေကြတာကို တွေ့ရပါတယ်။ ဒီနိုင်ငံရဲ့ပဋိပက္ခဟာ တိုင်းရင်းသားလက်နက်ကိုင်တွေတောင်းဆိုနေတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ PDF တွေမှာ မရှိပါဘူး။ သူတို့ရဲ့အဓိကရည်မှန်းချက်ဟာ စစ်အာဏာရှင်ကျရှုံးရေးနဲ့ ဒီမိုကရေစီထွန်းကားရေး ဖြစ်ပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်တွေ တောင်းဆိုနေတဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းပိုင်ခွင့်၊ စီမံအုပ်ချုပ်ပိုင်ခွင့် သယံဇာတ၊ အာဏာ ခွဲဝေရရှိခွင့်တို့ဟာ PDF တွေမှာ ရှိမနေပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အမတ်အများစုနဲ့ ဖွဲ့စည်းထားတဲ့ NUG အစိုးရဟာလည်း တိုင်းရင်းသားတွေလိုလားတဲ့ စစ်မှန်တဲ့ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို မလိုလားသလို ဗမာလူထုခေါင်းဆောင် မြန်မာနိုင်ငံရဲ့ ဩဇာအကြီးဆုံး အမျိုးသားဒီမိုကရေစီပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဒီမိုကရေစီဖယ်ဒရယ်ကိုသာ သူ့အစိုးရ ကာလက ပြောဆိုခဲ့တာပါ။ ဆိုတော့ NLD အုပ်စုဟာ တိုင်းရင်းသားတွေလိုလားတဲ့ ဖယ်ဒရယ်ပြည်ထောင်စုကို လက်မခံဘူးဆိုတဲ့ နိုင်ငံရေးရပ်တည်ချက်ကိုတွေ့ရပါတယ်။
အခုလက်ရှိ ၂၀၂၂ ခု မေလက စတင်လုပ်ဆောင်နေတဲ့ စစ်ကောင်စီကဖိတ်ခေါ်တဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အင်အားကြီးလက်နက်ကိုင်အဖွဲ့အစည်းတွေဘက်က “ဝ”ကလွဲရင် တက်ရောက်ဖို့ငြင်းဆန်ခဲ့ကြတာကို တွေ့ရပါတယ်။ ဒါဟာ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေဘက်က စစ်ကောင်စီရဲ့နိုင်ငံရေးကို မယုံကြည်တာကို ပြသတာဖြစ်တယ်လို့ဆိုရမှာဖြစ်သလို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ဘက်ကလည်း သူတို့တည်ရှိနေတဲ့ ပြည်နယ်အလိုက် နယ်မြေထိန်းချုပ်မှုတွေ ပြုလုပ်ထားကြတာကို တွေ့ရပါတယ်။ အထူးသဖြင့် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေမှာ တမူခြားပြီး နှစ်ပေါင်းသုံးဆယ်ကျော် လာတဲ့အထိ ထိပ်တိုက်တွေမှုမရှိခဲ့သလို မြန်မာစစ်တပ်က တပ်မစွဲထားတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ “ဝ’ကတော့ ပြည်ထောင်စုပြဿနာမှာ သူတို့အနေဖြင့် မည်သည့်ဘက်ကမှ မရပ်တည်ကြောင်းနဲ့ “ဝ”ဒေသကို ပြည်နယ်သတ်မှတ်ပေးဖို့ တောင်းဆိုတာကို တွေ့ရပါတယ်။
“ဝ”ဟာ ပြည်နယ်အဆင့်သတ်မှတ်ခံရရင် ၂၀၀၈ ခြေဥအရတောင် ဗမာပြည်ထောင်စုအောက်က လွတ်မြောက်သွားမယ့် တစ်ခုတည်းသောနယ်မြေဖြစ်ပါတယ်။ သူတို့ပြောနေတဲ့ ခွဲမထွက်ပါဘူးဆိုတဲ့ ကတိကလည်း အင်းအားကြီးတရုတ်အောက်ကို အလိုလိုရောက်မသွားဖို့ စည်းလေးတားထားရုံသာဖြစ်ပါတယ်။ ဘာသယံဇတမှမရှိတဲ့ “ဝ”ကို မြန်မာစစ်တပ်ကလည်း တိုက်နေမှာမဟုတ်သလို “ဝ”တွေကိုယ်တိုင် တရုတ်စာကို ရုံးသုံးဘာသာအဖြစ် ကျင့်သုံးနေပါပြီ။ မြန်မာပြည်ထောင်စုနဲ့ထက် တရုတ်နဲ့ပိုမိုနီးစပ်တဲ့ “ဝ”အနေနဲ့ ပြည်ထောင်စုက ခွဲမထွက်ရေးမူဟာ အလိုလို ကွန်ဖက်ဒရိတ်ဖြစ်သွားဖို့အတွက် အကောင်းဆုံး ရပ်တည်ချက်လို့ဆိုရမှာပါ။
ရက္ခိုင်ပြည် ပဋိပက္ခ
စစ်တပ်က မြန်မာနိုင်ငံကို အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း ပဋိပက္ခချုပ်ငြိမ်းစွာ အေးချမ်းနေခဲ့တဲ့ အထူးခြားဆုံး ပြည်နယ်ကတော့ ရက္ခိုင်ပြည်ဖြစ်ပါတယ်။ ရက္ခိုင်ပြည်ဟာ ၂၀၁၈ နှောင်းပိုင်းကနေ ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ ၂၀၁၉ ခု ဖေဖေါ်ဝါရီကနေစတင်ပြီး ၂၀၂၀ ခု နိုဝင်ဘာလအထိ ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ဟာ တိုက်ပွဲပေါင်းလေးထောင်ကျော်ဖြစ်ပွားခဲ့ပြီး အပြစ်မဲ့အရပ်သား သုံးရာကျော်သေဆုံးခဲ့ရပြီး လူပေါင်းများစွာကိုလည်း အေအေနဲ့ဆက်သွယ်တဲ့ အကြောင်းပြချက်နဲ့ မြန်မာစစ်တပ်က ဖမ်းဆီးထောင်ချထားခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ တတိယအကြိမ်မြောက် အထွေထွေရွေးကောက်ပွဲအပြီး နိုဝင်ဘာလကစတင်ပြီး ရက္ခိုင်ပြည်အတွင်း တိုက်ပွဲများကို ရပ်တန့်ထားခဲ့ပြီး မြန်မာစစ်တပ်ဟာ နိုင်ငံအာဏာကိုသိမ်းယူခဲ့ပါတယ်။ ရက္ခိုင့်တပ်တော်ဟာ စစ်အာဏာသိမ်းဆန့်ကျင်ရေးမှာ ရက္ခိုင်ပြည်သူတွေမပါဝင်ကြဖို့ ဆော်ဩခဲ့သလို သူ့အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် နယ်မြေစိုးမိုးရေးလုပ်ငန်းတွေကို အရှိန်မြှင့်လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
ရက္ခိုင့်တပ်တော်ဟာ အာဏာသိမ်းဆန့်ကျင်ရေးမှာ မပါဝင်ခဲ့တာကြောင့် ဗမာလူထုရဲ့ ကဲ့ရဲ့ခြင်းများစွာကို ရင်ဆိုင်ခဲ့ရသလို စစ်ကောင်စီနဲ့ ပူးပေါင်းသွားပြီလားဆိုတဲ့ အထင်မျိုးအထိ စစ်ကောင်စီဆန့်ကျင်ရေးအုပ်စုတွေ ထင်ကြေးပေးခဲ့ကြတာကို တွေ့ရပါတယ်။ ရက္ခိုင့်တပ်တော်ဟာ ဒီကာလအတွင်း သူလုပ်ဆောင်ရမယ့် လုပ်ငန်းတွေကို သေသေသပ်သပ် လုပ်ဆောင်သွားတာကိုတွေ့ရပြီး ပြန်လည်တုန့်ပြန်ဖြေရှင်းတာမျိုးကို ရှောင်ကြည်နေခဲ့ပါတယ်။
သို့သော်လည်း (၂၀၂၂)မှာပြုလုပ်ခဲ့တဲ့ ရက္ခိုင်တပ်တော်ရဲ့ (၁၃)နှစ်ပြည့်မွေးနေ့မှာ PDF တွေက ပေးပို့ကြတဲ့ သဝဏ်လွှာတွေ ထွက်ပေါ်လာခဲ့ပြီးတဲ့နောက်ပိုင်းမှာတော့ ရက္ခိုင့်တပ်တော်ရဲ့လုပ်ငန်းတွေ၊ စစ်အာဏာရှင် ဆန့်ကျင်ရေးလုပ်ငန်းတွေကို စစ်ကောင်စီက ကောင်းကောင်းသိရှိသွားခဲ့ပုံကိုတွေ့ရပြီး ရက္ခိုင်ပြည်အတွင်း စစ်ဆင်ရေးအတွက် ပြန်လည်လှုပ်ရှားလာတာတွေကို တွေ့ရပါတယ်။ ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေမှာ ထူးခြားတဲ့ နိုင်ငံရေး၊ စစ်ရေးအမြင်ရှိသူတွေဖြစ်တယ်ဆိုတာ (၂၀၁၉)က အပြတ်ချေမှုန်းရေးအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် လက်မှတ်ရေးထိုးပြီး မြန်မာစစ်တပ်က ကြည်း၊ ရေ၊ လေ၊ ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည့်တိုင် ရက္ခိုင်တစ်ပြည်လုံးနီးပါးကို နယ်မြေစိုးမိုးရေး လုပ်ဆောင်နိုင်ခဲ့တာကို ကြည့်ခြင်းအားဖြင့် သိနိုင်ပါတယ်။
ရက္ခိုင့်တပ်တော်ဘက်က ၂၀၂၂ ခု မေလမှာ NUG နဲ့တွေ့ဆုံခဲ့တာတွေကို လူသိရှင်ကြားပြုလုပ်ခဲ့တာကို တွေ့ရပြီးတဲ့နောက် ရက္ခိုင့်တပ်တော်စစ်ဦးစီးချုပ်က သူ့လူမှုကွန်ရက်စာမျက်နှာကနေ ရက္ခိုင်ပြည် တိုင်းမှူးကို သတိပေးရေးသားခဲ့ရာကနေ ရက္ခိုင်ပြည်အတွင်း စစ်ကောင်စီရဲ့တပ်တွေ ပိုမိုလှုပ်ရှားလာခဲ့သလို ထိပ်တိုက်တွေ့မှုတွေပါ ပြန်လည်ပေါ်ပေါက်လာခဲ့တာကိုတွေ့ရပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ရက္ခိုင့်တပ်တော်ဘက်က မတက်ရောက်ဘဲ ရပ်တည်ခဲ့ပါတယ်။
မြန်မာနိုင်ငံ တိုင်းရင်းသားလက်နက်ကိုင် ခေါင်းဆောင်များထဲမှာ အသက်အငယ်ဆုံးဖြစ်ပြီး ထက်မြတ်မှု ရှိတယ်လို သတ်မှတ်ခံရတဲ့ ရက္ခိုင့်တပ်တော်တပ်မှူးချုပ်ဟာ ဒီကာလအတွင်း ဗမာလူထုရဲ့ ယုံကြည်မှုတစ်ချို့ကိုပါ တည်ဆောက်ထားနိုင်သူလည်းဖြစ်ပါတယ်။ ဒါကြောင့်လည်း ရက္ခိုင်ပြည်ရဲ့အရေးဟာ တစ်နိုင်ငံလုံးက ပိုမိုစိတ်ဝင်စားကြတာပါ။ ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေဟာ ၂၀၂၀ ခုနှစ် တိုက်ပွဲ ကာလကနေ ကွန်ဖက်ဒရိတ်နိုင်ငံရေးအဆင့်ကို ကြွေးကြော်ခဲ့သူတွေဖြစ်ပြီး တိကျပြတ်သားတဲ့ စစ်ရေးအမြင် ရှိသူတွေဖြစ်တာကိုတွေ့ရပါတယ်။
ရက္ခိုင်ပြည် ဘာဆက်ဖြစ်လာနိုင်မလဲ
အထက်ကပြောခဲ့သလိုဘဲ ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေဟာ နိုင်ငံရေးရည်မှန်းချက် ကြီးသူတွေဖြစ်သလို ကြိုတင်ပြင်ဆင်မှု အားကောင်းခဲ့တာကိုကြည့်ရင် ဒီကာလအတွင်း အများကြီး ပြင်ဆင်ထားနိုင်လိမ့်မယ်ဆိုတာ သိပါတယ်။ စစ်ကောင်စီဘက်ကလည်း အရင်ကနဲ့မတူတဲ့ စစ်ရေးပြင်ဆင်မှုတွေကိုမြင်တွေ့နေရပြီး အထူးသဖြင့် ရေတပ်ကို ပိုမိုတိုးချဲ့လာတာတွေ၊ ရေငုတ်သင်္ဘောပို့ဆောင်ပြီး အင်အားထပ်ချဲ့နေတာကို တွေ့ရပါတယ်။ သေချာတာကတော့ ရက္ခိုင်ပြည်အတွင်း သိပ်မကြာခင်မှာ ထိပ်တိုက်တွေ့မှု အကြီးကြီးဖြစ်လာနိုင်တယ်လို့ သုံးသပ်ရပါတယ်။
စစ်ကောင်စီဘက်ကလည်း (၂၀၁၉-၂၀၂၀) ရက္ခိုင်တိုက်ပွဲအတွေ့အကြုံအရ ပြင်ဆင်မှုကို ပိုမိုတိုးမြှင့် လုပ်ဆောင်လာနေတာဟာ ရက္ခိုင်တပ်တော်ရဲ့ စစ်ရေးပြင်ဆင်မှုကို နားလည်ထားလို့ဖြစ်တယ်ဆိုတာ ငြင်းမရပါဘူး။ စစ်ကောင်စီရဲ့အားသာချက်က ရက္ခိုင်စစ်ပွဲမှာ ကြည်း၊ ရေ၊ လေ အသုံးပြုလို့ရတာကြောင့် အားသာချက်ရှိနေတာကိုတွေ့ရပါတယ်။ တစ်ခြားပြည်နယ်တွေမှာဖြစ်တဲ့ တိုက်ပွဲတွေမှာ ရေတပ်ကို အသုံးပြုတိုက်ခိုက်ဖို့ ခက်ခဲပါတယ်။ ဒါကြောင့် မြန်မာစစ်တပ်ဟာ ဒီတစ်ခေါက် ရက္ခိုင်ပြည်တိုက်ပွဲမှာ အင်အားသုံးမှာဖြစ်သလို ရေတပ်နဲ့လေတပ်ကို အသားပေးတိုက်ပွဲဖေါ်နိုင်တယ်လို့ ခန့်မှန်းရမှာပါ။
ရက္ခိုင့်တပ်တော်ဘက်ကလည်း ဒီကာလအတွင်း ဘာတွေပြင်ဆင်ထားတယ်ဆိုတာ သိဖို့မလွယ်ပေမယ့် (၂၀၁၉-၂၀)ခု ကာလထက် တပ်သားဆယ်ဆလောက် ပိုမိုများနိုင်ပါတယ်။ (၂၀၁၉)က တပ်သားငါးထောင်သာ ထုတ်ဖေါ်ပြောဆိုခဲ့တဲ့ ရက္ခိုင့်တော်စစ်ဦးစီးချုပ်ဟာ (၂၀၂၂) ဦးဖုန်ကြားရှင် နာရေးစာတမ်းဖတ်ရာမှာ တပ်သားသုံးသောင်းကျော်အထိ ထုတ်ဖေါ်ခဲ့တာကိုကြည့်ရင် သိနိုင်ပါတယ်။ ဘယ်ခေါင်းဆောင်မှတော့ စစ်ရေးလျှို့ဝှက်ချက်ကို တိတိကျကျမပြောသလို ငါးဆယ်ရာခိုင်နှုန်လည်း ထုတ်မပြကြပါဘူး။
ရက္ခိုင့်တပ်တော်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်လာပါက မြန်မာစစ်တပ်ရဲ့ထုံးစံအတိုင်း လူထုကို ပစ်မှတ်ထားတာတွေ လုပ်ဆောင်လာမှာတော့ ငြင်းစရာမရှိပါဘူး။ စစ်ကောင်စီပြောခွင့်ရ ဇော်မင်းထွန်းရဲ့ မေလကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲဖြေကြားချက်ကိုကြည့်ရင် အေအေ ထက် ရက္ခိုင်လူထုကို ပစ်မှတ်ထားတိုက်ခိုက်လာနိုင်ပါတယ်။ အရပ်သားကို ပစ်မှတ်ထားတာဟာ စစ်ရာဇဝတ်မှု ဆိုပေမယ့် ဒီနေ့ထိ တစ်ကမ္ဘာလုံးမှာ ကမ္ဘာ့အတိုင်းအတာနဲ့ အရေးမယူနိုင်သေးပါဘူး။ ဒီလအတွင်းမှာတင် စစ်ကောင်စီဘက်က အရပ်သားတွေကို ဝင်ရောက်ဖမ်းဆီးတာတွေ မြို့နယ်တိုင်းမှာ ပြုလုပ်နေတာကို တွေ့ရပါတယ်။ ဒါဟာ ထိပ်တွေ့မှုမတိုင်မီကတည်းက အရပ်သားတွေကို ရန်လိုတဲ့အပြုအမူကို ပြသနေတာ ဖြစ်ပါတယ်။
ဒီတစ်ခေါက် ရက္ခိုင်ပြည်အတွင်း ထိပ်တိုက်တွေ ပြန်လည်ပြင်းထန်လာခဲ့ရင်တော့ ရက္ခိုင့်တပ်တော် ခေါင်းဆောင်တွေဟာ ရက္ခိုင်ပြည် လုံးဝလွတ်လပ်ရေးကို ကြွေးကြော်လာနိုင်ပါတယ်။ အရင်းကတည်းကလည်း ရက္ခိတလမ်းစဉ်ဟာ ရက္ခိုင့်အချုပ်အခြာအာဏာ ပြန်လည်ရရှိရေးလို့ ကြွေးကြော်ထားတာပါ။ ရက္ခိုင်လူထုကို ပြန်ကြည့်ရင်လည်း လွပ်လပ်ရေးဟာ ရက္ခိုင်လူထုလိုလားတဲ့ တစ်ခုတည်းသောနိုင်ငံရေး ယုံကြည်ချက် ဖြစ်တာကိုတွေ့ရပြီး နိုင်ငံရေးရည်မှန်းချက်ကြီးမားတဲ့ ရက္ခိုင့်တပ်တော်ခေါင်းဆောင်တွေကလည်း ဒီအတိုင်း သေချာပေါက် ကြွေးကြော်လာနိုင်တယ်လို့မြင်ပါတယ်။
NUG ဘက်ကလည်း ရက္ခိုင့်တပ်တော်နဲ့ တွေ့ဆုံပွဲအပြီးမှာ ထုတ်ဖေါ်ကြေညာခဲ့တဲ့ “ရက္ခိုင်ပြည်သူ့အစိုးရ”ဆိုတဲ့ အသိအမှတ်ပြုရပ်တည်ချက်အတိုင်း “ရက္ခိုင့်တပ်တော်ကသာ လုံးဝလွတ်လပ်ရေး ကြွေးကြော်လာမှုကို အသိအမှတ်ပြု ပူးပေါင်း ပါဝင်နိုင်ခဲ့ရင် NUG လိုလားတဲ့ မြန်မာနိုင်ငံရဲ့ စစ်အာဏာရှင် အဆုံးသတ်ရေး ခရီး ပူးပေါင်းလုပ်ဆောင်မှုဟာ ခရီးတစ်ဝက်ကျော် အောင်မြင်သွားနိုင်တယ်လို့မြင်ပါတယ်။
မင်းသုတ - ရေးသည်