AHA Center ကို စောင့်ကြည်ဖို့လိုသည်

AHA Center ကို စောင့်ကြည်ဖို့လိုသည်

AHA Center နှင့်စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာနပူးပေါင်းပြီး မြန်မာပြည်အတွင်းတစ်ရက်ထက် တစ်ရက်ပိုမိုတိုးပွားနေသော စစ်ဘေးရှောင်၊ နေရပ်စွန့်ခွာ ပြည်သူများအတွက် နိုင်ငံတစ်ကာမှလှူဒါန်းထားသော အလှူငွေများကို ထိထိရောက်ရောက် မှန်မှန်ကန်ကန်အသုံးချမည်လော။

AHA center ဆိုသည်မှာ အာဆီယံနိုင်ငံ ၁၀နိုင်ငံ၏တရားဝင်အစိုးရများ ပူးပေါင်းပါဝင်ဖွဲ့စည်းထားပြီး ဒေသအတွင်းဘေးဒုက္ခကြုံနေရသောနေရာများအား ထောက်ပံ့ကူညီမှုများ လုပ်ဆောင်ရန်ဖြစ်သည်။

အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများက မြန်မာနိုင်ငံ အတွင်း လူသားချင်းစာနာမှုလုပ်ငန်းများဆောင်ရွက်နိုင်ရန် ပေးအပ်ထားသည့် ရန်ပုံငွေ ဒေါ်လာ သန်းပေါင်းများစွာသည် AHA Centre တွင် ရှိနေသည်။

အာဆီယံနိုင်ငံအချို့သည် စစ်ကောင်စီခေါင်းဆောင်ကိုယ်တိုင်သဘောတူညီခဲ့သော အာဆီယံသဘောတူညီချက် ငါးချက်ကိုစစ်ကောင်စီမှ လိုက်နာဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်လိုခြင်းမရှိသည့်အတွက် စိတ်ပျက်အားမရဖြစ်လာကြသည်။ ပြီးခဲ့သည် တစ်နှစ်တာကာလအတွင်း ၎င်းအဖွဲ့အစည်းသည် AHA Center သို့ရောက်ရှိထားသော မြန်မာနိုင်ငံအတွက်အလှူငွေများကို တကယ်လိုအပ်နေသည့် နေရာများရှိ ပြည်သူများထံရောက်ရှိအောင် ဆောင်ရွက်နိုင်ခြင်းမရှိချေ။ ပြည်တွင်းပြည်ပမှ မြန်မာပြည်သူများက စစ်ဘေးဒဏ်ခံနေရသော ဒုက္ခသည်ပြည်သူများအတွက် လူသားချင်းစာနာမှုအကူညီပေးကြရန် ကျယ်ကျယ်လောင်လောင်တောင်းဆိုနေကြသော်လည်း AHA Center မှသော်လည်းကောင်း၊ စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဌာနမှသော်လည်းကောင်း မည်သည့်အကူအညီမှ ပေးခဲ့ခြင်းမရှိပါ။ စစ်ကောင်စီ မတရားအာဏာသိမ်းချိန်မှစတင်၍ ပြည်တွင်းနေရပ်စွန့်ခွာရမှုများနှင့် စစ်ဘေး ရှောင်ပြည်သူများမှာ တစ်နေ့တခြား တိုးပွားလာခဲ့သော်လည်း ကုလသမဂ္ဂအပါအဝင် အဖွဲ့အစည်းများအားလုံးက မည်သည့်ကူညီမှုမျိုးမှ မပေးနိုင်ရန် အဖက်ဖက်မှနည်းလမ်းပေါင်းစုံသုံး၍ပိတ်ဆို့တားဆီးလျက်ရှိသည်။ အာဆီယံနှင့် AHA Center တို့သည် စစ်ကောင်စီဘက်မှ ကိုယ်စားလှယ်များနှင့်သာ အစည်းအဝေးများ အကြိမ်ကြိမ်ပြုလုပ်၍ ထောက်ပံ့ကူညီမည့် အစီအစဉ်များကို သတ်မှတ်ခြင်း၊ လူသားချင်းစာနာမှုအကူအညီပေးမည့် ဒေသများ ရွေးချယ်ခြင်းနှင့် အကူအညီပေးမည့်သူများ သတ်မှတ်ခြင်းစသည်တို့ကို လုပ်ဆောင်ခဲ့သည်။ ယင်းကဲ့သို့ လုပ်ဆောင်မှုမှန်သမျှသည် စစ်ကောင်စီတစ်ခုထဲ၏ လွှမ်းမိုးချုပ်ကိုင်မှုဖြင့်သာ ဆောင်ရွက်ရသည့် လွဲမှားသည့် နည်းလမ်းမျှသာ ဖြစ်သည်။ ပဋိပက္ခအခြေအနေတွင် လူသားချင်းစာနာမှုလုပ်ငန်းလုပ်ဆောင်နေကြသည့် သက်ဆိုင်ရာ ဒေသတွင်းရှိတိုင်းရင်သားအဖွဲ့အစည်းများနှင့်လည်းဆွေးနွေးလုပ်ကိုင်ခြင်းမရှိပေ။ လူသားချင်းစာနာမှုလုပ်ငန်းများဆောင်ရွက်ကြမည့် အဖွဲ့အစည်းအသီးသီးက လိုက်နာရမည့် အခြေခံစည်းမျဉ်းများကို စိုးစဉ်းမျှ ထည့်သွင်းစဉ်းစားခြင်း မရှိသည်မှာ အထင်အရှားပင်ဖြစ်သည်။

မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များအတွက် ပေးအပ်မည့်အကူအညီများကို စစ်ကောင်စီ၏ ခွင့်ပြုချက်ရယူ ဆောင်ရွက်ရန် ပြီးခဲ့သည့် မေလ ၆ ရက်နေ့တွင် ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့၌ ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးတွင် သဘောတူခဲ့ကြသည်။ စစ်ကောင်စီကို မျက်နှာမူထားသည့် အာဆီယံသည် ကုလသမဂ္ဂက ခန့်အပ်ထားသည့် အထူးကိုယ်စားလှယ်ကိုပင် အစည်းအဝေးဖိတ်ကြားထား ခြင်းမှ အနီးကပ်၍ ပယ်ဖျက်ခဲ့သည်။

၎င်းအစည်းအဝေးဆုံးဖြတ်ချက်များနှင့်စပ်လျဉ်း၍လည်း အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပြည်တွင်းပြည်ပမှ အရပ်ဘက် အဖွဲ့အစည်းများကလည်း ကန့်ကွက်မှုများကို ဆက်တိုက် လုပ်ဆောင်ခဲ့ကြသည်။

အစည်းအဝေးဆုံးဖြတ်ချက်များအရ လူသားချင်းစာနာမှုအကူအညီများကို ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်တိုင်း၊ မကွေးတိုင်းနှင့် ပဲခူးတိုင်းတို့တွင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ကနဦးအနေဖြင့် လိုအပ်ချက် ဆန်းစစ်လေ့လာမှုများကို AHA centre ကဦးဆောင်၍ ၎င်းဒေသ ငါးခုတွင် ပြုလုပ်မည် ဖြစ်သည်။ လိုအပ်ချက်ဆန်းစစ်မှုအား အာဆီယံဒေသအတွင်း ဖွဲ့စည်းထားသည့် ASEAN ERAT အဖွဲ့ဝင်များနှင့် စစ်ကောင်စီက ရွေးချယ်ပေးသည့် အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်မည်ဖြစ်ပါသည်။ ၎င်းနှင့်စပ်လျဉ်း၍ အာဆီယံနှင့် နီးစပ်သူတစ်ဦး၏ အဆိုအရ “AHA centre သည် မြန်မာစစ်ကောင်စီလက်အောက်ရှိ လူကယ်ပြန် ဝန်ကြီးဌာန၏ ကြိုးဆွဲရာကနေရကြောင်း၊ ၄င်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ ဒေါက်တာ ကိုကိုနိုင်သည် AHA centre ၏ သဘာပတိအဖွဲ့တွင် ပါဝင်နေပြီး AHA centre သို့ နှစ်စဉ် ရန်ပုံငွေများ ထည့်ဝင်ပေးလျက်ရှိကြောင်း” ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံက AHA centre သို့ တစ်နှစ်လျှင် အမေရိကန်ဒေါ်လာ(၉၀,၀၀၀)ကို AHA Centre ဝန်ထမ်းများ၏ လစာနှင့် အသုံးစရိတ်များအတွက် ထည့်ဝင်နေခြင်းသည် မြန်မာပြည်သူများ၏ အခွန်ဘဏ္ဍာငွေများဖြင့် ထည့်ဝင်ပေးနေခြင်းဖြစ်ပါသည်။ ယင်းသို့ ပြည်သူ့ငွေဖြင့် ထည့်ဝင်ထားသည့် ရန်ပုံငွေကို စစ်ကောင်စီလက်အောက်ခံ လူကယ်ပြန်ဝန်ကြီးဌာနက ၄င်းတို့ အကျိုးအတွက် အမြတ်ထုတ် အသုံးချ၍ AHA Centre ကို ခိုင်းစေနေခြင်း ဖြစ်သည်။

စစ်ကောင်စီသည်နိုင်ငံတကာမှ အလှူငွေများကို ၎င်းတို့အကျိုးအတွက်အသုံးချခဲ့သည်မှာလည်း အထင်အရှားသာဓကများရှိခဲ့သည်။ လွန်ခဲ့သည့် ဆယ်စုနှစ်ကျော်က နာဂစ်ဘေးဒဏ်ခံပြည်သူများအတွက် နိုင်ငံတကာ အလှူငွေများအား မည်သို့အသုံးချခဲ့သည်ဆိုမှာ လူအများအသိပင်ဖြစ်သည်။

ဂုဏ်သိက္ခာရှိသော AHA Center အနေဖြင့် နိုင်ငံတကာမှအလှူငွေများအား ထိရောက်စွာအသုံးချနိုင်မှာအလွန်အရေးကြီးလှသည်၊ မဟုတ်ပါက ၎င်းတို့အမည်မှာဆိုးဝါးစွာထိခိုက်မည်ဖြစ်သည်။ ၎င်းတို့၏ဂုဏ်သိက္ခာကိုထိန်းသိမ်းလိုပါက မြန်မာပြည်ရှိ တစ်နေ့တခြားတိုးပွားလာသော ဒုက္ခသည်များကိုထိထိရောက်ရောက်ကူညီလိုပါက စစ်ကောင်စီကြိုးဆွဲရာကနေသည့်အဖြစ်မှ ထွက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်း လူပုဂ္ဂိုလ်များဖြင့်ဆွေးနွေးခြင်း၊ သီးခြားလွတ်လပ်သောအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ဆန်းစစ်လေ့လာမှုများပြုလုပ်ခြင်း၊ လွတ်လပ်စွာကူညီခွင့်ရရန်တောင်းဆိုခြင်းများကို ပြုလုပ်သင့်သည်ဟု လူသားချင်းစာနာမှုအကူအညီပေးခြင်းအား လေ့လာသုံးသပ်သူများကထောက်ပြဝေဖန်ကြသည်။ AHA Center အနေဖြင့် မှန်ကန်သောဆောင်ရွက်ချက်များလုပ်ဆောင်နိုင်မည်လားဆိုသည်မှာ စောင့်ကြည့်စရာဖြစ်လာသည်။

November 8, 2024
ရခိုင်ပြည်နယ်၊ အမ်းမြို့တွင် တိုက်ပွဲများအပြင်းအထန်ဖြစ်နေပြီး...
မင်းသန့်စက်သုံးဆီဆိုင်မီးလောင်ကျွမ်းမှုဖြစ်စဉ်    (ဓါတ်ပုံ- ဘိုဘိုဝင်း)
November 8, 2024
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်က ဆီဆိုင်မီးလောင်မှုတွင် ဒဏ်ရာရသူ ၂၂ ဦးရှိခဲ့သည့်အနက် ယနေ့ (...
မင်းတပ်မြို့ရှိလူနေအိမ်ကို အောက်တိုဘာလအတွင်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးစဥ်။  ဓါတ်ပုံ - HKL ။
November 7, 2024
ချင်းပြည်နယ် ၊ မင်းတပ်မြို့နယ်ကို စစ်ကောင်စီက လေကြောင်းမှ ရက်ဆက်တိုက်ခိုက်နေခြင်းသည် ပြည်သူနှင့်...
November 7, 2024
အာရက္ခတပ်တော် (AA) ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နှင့်...