ကရင်နီပြည်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း တိုက်ပွဲတွေကြောင့် စစ်ရှောင်နေကြရတဲ့ ပြည်သူတွေထဲမှာ ကျန်းမာရေးစောင့်ရှောက်မှု မရတာကြောင့် မသေသင့်ပဲ သေဆုံးသွား ရတဲ့ ကလေးငယ် နဲ့ မိခင်တွေရှိနေတယ်လို့ အမျိုးသမီးအရေးဆောင်ရွက်သူ လူးမူဖိုးကပြောပါတယ်။
“တချို့တွေကတော့ ကလေးတွေက လမ်းမှာပဲ မီးဖွားပြီးတော့ အသက်မရှင်တာတွေလည်း ကျမတို့ ကြုံရတယ်။ တချို့မိခင်တွေဆိုရင် အာဟာရ မပြည့်ဝတာကော ဆေးဝါးတွေကို လက်လှမ်းမှီမရရှိတဲ့အတွက် မိခင်တွေပါ အသက်ဆုံးရှုံးရတာတွေလည်း ရှိတယ်။ အဲ့လိုကြုံနေရတယ်။ ဘယ်လို ပြောရမလဲ။ အခက်အခဲတွေရှိတယ်။ “ လို့ လူးမူဖိုးက ပြောပါတယ်။
ကရင်နီပြည်က စစ်ရှောင်စခန်းတချို့တွေမှာ အသေမွေးလာတဲ့ ကလေးငယ်တွေနဲ့ မွေးပြီး တစ်လအတွင်း သေဆုံးသွားတဲ့ ကလေးငယ် ၂၀၂၁ခုနှစ်အတွင်း ၇ဦးရှိနေတယ်လို့ လူထုကျန်းမာရေးနှင့်ဖွံ့ဖြိုးရေးကွန်ယက် (CHDN )ကောက်ယူထားတဲ့ စာရင်းအရ သိရပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေလည်း ကိုယ်ဝန်ပျက်ကျသွားတဲ့ မိခင် ၉ဦးအထိရှိနေပါတယ်။
ဒါဟာ ကျန်းမာရေး ဝန်ဆောင်မှုပေးနေတဲ့ နေရာတွေက ကောက်ယူထားတဲ့ စာရင်းတွေသာဖြစ်ပြီး ဒီထက်ပိုများတယ်လို့ CHDN ဒါရိုက်တာ ဖိလစ်က ပြောပါတယ်။
စစ်ရှောင်တွေဟာ ပြန့်ကျဲနေတဲ့အတွက် ကရင်နီပြည်က စစ်ရှောင်တွေရဲ့ ၃၅ရာခိုင်နှုန်းသာ ကျန်းမာရေးဝန်ဆောင်မှု ရရှိနေပြီး ကျန်တဲ့ ၆၅ရာခိုင်နှုန်းဟာ လိုအပ်နေဆဲဖြစ်တယ်လို့ ဒါရိုက်တာ ဖိလစ်က ပြောပါတယ်။
စစ်ရှောင်စခန်းတချို့နေရာတွေမှာ ဆေးရုံဆေးခန်းတွေကို ဖွင့်လှစ်ထားပေမယ့် စစ်ကောင်စီရဲ့ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခံရမှုတွေ ရှိနေပါတယ်။
“ ဆေးရုံဆေးခန်းတွေ ဖွင့်လိုက်တာနဲ့ ဗုံးကြဲခံရတာတို့ ကျနော်တို့ မှာ ဆေးဝါးတွေပိတ်ဆိုခံရတယ်။ ဒီပြည်နယ်ကို ဆေးဝါးတွေ ပေးအသွင်းတဲ့ ကိစ္စတွေ ဒီကရင်နီပြည်နယ်အတွင်းမှာလည်း ခက်ခဲတယ် ။ ကျနော်တို့ ဆေးဝန်ဆောင်မှုပေးဖို့ ဆေးဆရာတွေကို အတတ်နိုင်ဆုံး စုစည်းချိတ်ဆက်ပြီး လုပ်နေပေမယ့် လူနာတွေကို ကုသဖို့ ဆေးဝါးတွေက အခက်အခဲတအားရှိတဲ့ အတွက်ကြောင့်မလို့ ကျနော်တို့ တိုးပြီးတော့ ကျန်းမာရေး ဝန်ဆောင်မှုပေးဖို့ ဒါက အခက်အခဲဖြစ်နေတယ်ပေါ့နော။ ဆေးဝါးတွေကို သယ်ယူပြီးတော့ ကုသခွင့်တွေ ကောင်းကောင်းမွန်မွန်ရမယ်ဆိုရင်တော့ ကျနော်တို့အနေနဲ့တော့ အများကြီး ပိုလုပ်နိုင်မယ်လို့ တော့ ပြောချင်ပါတယ်။ “ လို့ CHDN ဒါရိုက်တာ ဖိလစ်က ပြောပါတယ်။
လက်ရှိမှာတော့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ( KSCC ) အနေနဲ့ စစ်ရှောင်တွေအတွက် ကျန်းမာရေးဝန်ဆောင်မှုပေးဖို့ မိုဘိုင်းအဖွဲ့ဖွဲ့စည်းထားပြီး ဆေးဝါးတွေ ရရှိနိုင်အောင် ကြိုးစားဆောင်ရွက်နေတယ်လို့ ကရင်နီပြည်အတိုင်ပင်ခံကောင်စီ ကော်မတီဝင်တစ်ဦးဖြစ်တဲ့ ခူပလူးရယ်က ပြောပါတယ်။
“ အခုက ဒီ ပြည်တွင်းမှာ ဖြတ်လေးဖြတ် ပုံစံမျိုးပေါ့နော။ ဆက်သွယ်မှုတွေ လမ်းပန်းဆက်သွယ်မှုတွေက ခက်ခဲနေတော့ ကျနော်တို့ ပစ္စည်းတွေ သယ်ယူပို့ဆောင်ဖို့ ကျနော်တို့ လူနာတွေ ပို့ဆောင်ဖို့နဲ့ သွားလာဖို့ကတော့ အခက်ခဲတွေ များကြီးရှိတယ်။ ဆေးဝါးတွေလည်း ဝယ်ယူနိုင်ဖို့က အခက်အခဲတွေ အကန့်အသတ်တွေက ရှိတယ်။ကျနော်တို့ ရတဲ့နည်းနဲ့ သယ်သွားတဲ့ဟာတွေ တခြားအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီးတော့ ကျနော်တို့ လိုအပ်တဲ့ ဆေးဝါးတွေကို ရနိုင်အောင် ကျနော်တို့ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ်။ ” လို့ ခူပလူးရယ်က ပြောပါတယ်။
ကရင်နီပြည်မှာ စစ်ကောင်စီနဲ့ ကရင်နီဒေသခံ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ နေ့စဉ် တိုက်ပွဲတွေ ပိုမိုပြင်းထန်လာတဲ့ အတွက် စစ်ဘေးရှောင်တွေဟာ နေရပ်မပြန်နိုင်ကြသေးပါဘူး။
ကရင်နီပြည်မှာ စစ်ရှောင် နှစ်သိန်းနီးပါးရှိနေပြီး အများစုက တောတောင်တွေထဲကို စစ်ရှောင်နေကြပါတယ်။