မောင်ကျော်စွာ — အကြမ်းဖက်သမား မင်းအောင်လှိုင်က (၂၂-၄-၂၀၂၂)ရက်စွဲနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ထားတယ်။ ဒီဖိတ်ခေါ်ချက်ထဲမှာ အောက်ပါ အချက်အလက်တွေ ပါဝင်ပါတယ်။
– နိုင်ငံတော်အစိုးရ/တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုက ရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါတယ်။
– ၇၅နှစ်ကြာပြီဖြစ်တဲ့ လွတ်လပ်ရေးရဲ့ အနှစ်သာရများကို တိုင်းရင်းသားပြည်သူများ အပြည့်အဝ မခံစားရသေးဘူး။
– အဓိကအကြောင်းအရာကတော့ သဘောထားကွဲလွဲမှုများအပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသား လက်နက် ကိုင်ပဋိပက္ခတွေကြောင့်ပဲ။
– အဖွဲ့အားလုံးကို ကျွန်တော်ကိုယ်တိုင် (မင်းအောင်လှိုင် ကိုယ်တိုင်) တွေ့မယ်။
– နိုင်ငံတော်အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်ကိုယ်စားလှယ်အဖွဲ့များနဲ့ ဆွေးနွေးမှုတွေပြုလုပ်သွားမယ်။ လိုအပ်ရင်လည်း ထပ်မံ ဆွေးနွေးမှုတွေ ပြုလုပ်သွားမယ်။
– ဒီဆွေးနွေးပွဲကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးရဲ့ ခေါင်းဆောင်များကိုယ်တိုင်နဲ့ အဖွဲ့ဝင် ၂ဦးစီ တက်ပေးပါ
– တက်ရောက်မယ့်သူ ပုဂ္ဂိုလ်များရဲ့အမည်ကို (၉-၅-၂၀၂၂) ရက်နေ့ နောက်ဆုံးထားပြီး ပြန်ကြားပေးရန်
– နှစ်ဖက်ညှိနှိုင်းပြီးတော့မှ ရက်သတ်မှတ်ဆွေးနွေးသွားမယ်။
အပေါ်ယံလောက်ပဲ ကွက်ပြီး ကြည့်တတ်တဲ့သူတွေအဖို့တော့ ဒီကမ်းလှမ်းချက်ဟာ “ကြိုဆိုချင်စရာ” ဖြစ်ချင် ဖြစ်မှာပေါ့။ ဒါပေမယ့် အဲဒီလို အမြင်တိုတိုင်နဲ့ကွက်ပြီး ကြည့်လိုက်မယ်ဆိုရင် အကြမ်းဖက်စစ်အုပ်စုရဲ့ လှည့်ကွက်ထဲ ဒလိမ့် ကောက်ကွေး သက်ဆင်းကျရောက်သွားပါလိမ့်မယ်။
ဒါကြောင့် ပထမအချက်အနေဖြင့် ၁၉၆၂ခုနှစ်ကနေ ဒီကနေ့အထိ အဆက်ဆက်သော စစ်အုပ်စုရဲ့အုပ်စိုးမှုနဲ့ ဆက်စပ်ပြီးကြည့်ဖို့ လိုအပ်ပါတယ်။ ဒုတိယအချက်အနေဖြင့် အကြမ်းဖက်(စကစ)စစ်အုပ်စု ဒီကနေ့ လက်တွေ့ရင်ဆိုင် နေရတဲ့ ပြည်တွင်းပြည်ပအကြပ်အတည်းပေါင်းစုံနဲ့ ဆက်စပ်ကြည့်ဖို့ လိုအပ်ပါတယ်။ အဲဒီအချက် ၂ချက်နဲ့သာ သေသေ ချာချာ ဆက်စပ်ကြည့်တတ်မယ်ဆိုရင် အကြမ်းဖက်(စကစ)စစ်အုပ်စုရဲ့ လှည့်စားချက်ကို ကွက်ကွက်ကွင်းကွင်း မြင် နိုင်မှာဖြစ်ပါတယ်။
တကယ်တော့ လွတ်လပ်ရေးသက်တမ်း ၇၅ နှစ်တာကာလမှာ (တော်လှန်ရေးကောင်စီ၊ မဆလ၊ နဝတ၊ နအဖ၊ ကြံ့ဖွံ့၊ စကစ) စတဲ့ နာမည်မျိုးစုံနဲ့ အုပ်စိုးခဲ့တဲ့ စစ်အုပ်စုရဲ့အုပ်စိုးမှုက (၁၉၆၂ခုနှစ်ကနေ ယနေ့အထိ) နှစ်ပေါင်း ၆၀ရှိပြီ ဖြစ်ပါတယ်။ ဒီလို နှစ်ပေါင်း ၆၀ စစ်အုပ်စု အုပ်စိုးနေတဲ့ကာလထဲမှာ ၁၉၇၄ခုနှစ်၊ မဆလ တစ်ပါတီဖွဲ့စည်းပုံနဲ့ အုပ်စိုးခဲ့ ဖူးသလို စစ်အုပ်စုက စိတ်ကြိုက်ရေးပြီး အဓမ္မအတည်ပြုခဲ့တဲ့ ၂၀၀၈ခုနှစ်၊ အခြေခံဥပဒေနဲ့လည်း အုပ်စိုးနေတယ် မဟုတ်ပါလား။
ဒါကြောင့် အထက်မှာတင်ပြခဲ့တဲ့ အချက်အလက်တွေကိုကြည့်ပြီး ရိုးရိုးလေးပဲစဉ်းစားကြည့်လိုက်ရင် တိုင်းရင်း သားပြည်သူများ လွတ်လပ်ရေးအနှစ်သာရများကိုအပြည့်အဝ မခံစားခဲ့ကြရတာဟာ အဆက်ဆက်သော စစ်အုပ်စုရဲ့ အကြမ်းဖက် ဖိနှိပ်အုပ်စိုးမှုကြောင့်ဖြစ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ စစ်အုပ်စုအဆက်ဆက်ကတော့ လွတ် လပ်ရေးအနှစ်သာရတွေကို အပြည့်အဝ စံစား၊ ခံစားနေခဲ့ကြတာပဲ မဟုတ်ပါလား။
မင်းအောင်လှိုင်ကတော့ ဒီလို ပကတိအချက်အလက်တွေကို မျက်နှာပြောင်တိုက်လျစ်လျူရှုပြီး “သဘောထား ကွဲလွဲမှုများအပေါ် အခြေခံပြီး ဖြစ်ပေါ်လာခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ပဋိပက္ခများကြောင့်ပဲဖြစ်တယ်”လို့ တလွဲ တချော် ဖော်ပြပြောဆိုထားတယ် မဟုတ်ပါလား။ ဒီပြောဆိုချက်ထဲမှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေ ကြောင့်လို့ လက်ညှိုးထိုးထားတာလည်း ဖြစ်တယ်။
“ဖက်ဒရယ်”ဆိုတာ “ခွဲထွက်ရေး”လို့ ခါးခါးသီးသီး သရုပ်ဖျက်၊ အပုပ်ချ၊ ဝါဒဖြန့်ခဲ့တာလည်း ဒီစစ်အုပ်စု အဆက်ဆက်ပဲ မဟုတ်ပါလား။ ဒါတွေဟာ သမိုင်းဖြတ်သန်းမှုလက်တွေ့ထဲက ပကတိအချက်အလက်တွေဖြစ်ပါတယ်။
ဒါပေမယ့် အခုတော့ အကြမ်းဖက်သမားမင်းအောင်လှိုင်က ဒီလိုအချက်အလက်တွေကို မျက်ကွက်ပြုပြီး “နိုင်ငံ တော်အစိုးရ/တပ်မတော်အနေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အစဉ်အဆက် တောင်းဆိုလာခဲ့တဲ့ ဒီမိုကရေစီ နဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု နိုင်ငံတည်ဆောက်ရေးကို ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါတယ်”လို့ အရှက်မဲ့စွာ ပြောဆိုနေပြန်ပါတယ်။
ဘယ်လောက် ဗြောင်ကျတဲ့ လိမ်လည်မှုဖြစ်ပါသလဲ။ “ခိုင်ခိုင်မာမာ အာမခံထားပြီး ဖြစ်ပါတယ်”တဲ့။ ဘယ်လို အချက်အလက်တွေနဲ့ ခိုင်ခိုင်မာမာ အာမခံထားသလဲဆိုတာ မသိချင်ဟန်ဆောင်ပြီး မေးကြည့်ဖို့ကောင်းတယ်။ သူတို့ ဖြေမယ့်အဖြေက “၂၀၀၈ အခြေခံဥပဒေ”ကို လက်ညှိုးထိုးပြပြီး ဖြေမှာဖြစ်တယ်။ “၂၀၀၈ အခြေခံဥပဒေ” ဆိုတာ စစ် အုပ်စု ထာဝစဉ်အုပ်စိုးဖို့အတွက် ကွက်ပြည့်နင်းပြီး ရေးဆွဲထားတဲ့ အခြေခံဥပဒေဖြစ်ပါတယ်။ အခု ဒီဥပဒေနဲ့ မလုံ လောက်တော့လို့ “PR စနစ်” နဲ့ ကျားကန်ဖို့ ပြင်ဆင်ထားတယ် မဟုတ်ပါလား။
တမာပင် – သံပုရာပင်တွေကနေ ချိုမြတဲ့ သရက်သီး – ပန်းသီး ဘယ်လိုမှ သီးမလာနိုင်သလိုပါပဲ။ စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ အခြေခံဥပဒေထဲကနေ “စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ပြည်ထောင်စု” ဘယ်လိုမှ ပေါ်ပေါက်မလာနိုင်ပါဘူး။
ဒါကြောင့် ဒီနေ့ကာလမှာ တချိန်က တော်လှန်ရေးကောင်စီ နာမည်နဲ့ ဗိုလ်နေဝင်းစစ်အုပ်စုရဲ့ လှည့်ကွက်ထဲ သက်ဆင်းကျရောက် ပျောက်ကွယ်သွားတဲ့ စောဟန်တာသာမွေးရဲ့ (KRC)ရဲ့ဖြစ်ရပ်ကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတိုင်းက လေးလေးနက်နက် သင်ခန်းစာယူကြဖို့ လိုပါတယ်။
စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုဆိုတာ ဘယ်စစ်အုပ်စုဆီမှာ မရှိပါဘူး။ လက်ဖြန့် တောင်းယူရမယ့်ကိစ္စလည်း မဟုတ်ပါဘူး။ “စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်ဗြူရိုကရေစီယန္တရား”ကို အကုန်အစင် တိုက်ဖျက်ပြီးတဲ့ အခြေခံအပေါ်မှာ အားလုံး တန်းတူညှိနှိုင်း တည်ဆောက်ယူကြရမယ့် အရေးကိစ္စတွေသာ ဖြစ်ပါ တယ်။
ပြီးတော့ “ဖက်ဒရယ်” ဆိုတာလူမျိုးစုတစ်စု၊ ပြည်နယ်တစ်ခုရဲ့ အရေးအရာကိစ္စတွေလောက်ကိုသာ သီးခြား စီမံရမယ့် ကွက်ကွက်ကလေး မဟုတ်ပါဘူး။ တိုင်းရင်းသားလူမျိုးစုတိုင်းက ပြည်ထောင်စုတစ်ခုလုံးအရေးရော ပြည် နယ်တစ်ခုချင်းစီရဲ့အရေးကိုပါ တန်းတူရည်တူ စီမံဆောင်ရွက်နိုင်ရမယ့် ကိစ္စရပ်ကြီးဖြစ်ပါတယ်။ ဒီအချက်ကို မမြင်ဘဲ သို့တည်းမဟုတ် လျစ်လျူရှုပြီး မိမိလူမျိုးစုတစ်ခု၊ မိမိပြည်နယ်တစ်ခုထဲအရေးကိုသာ ကွက်ပြီး ရှေ့ရှုဆောင်ရွက်မယ် ဆိုပါက မင်းအောင်လှိုင် ဦးစီးတဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ လှည့်ကွက်ထဲ ကျရောက်သွားပါလိမ့်မယ်။
အခုလည်း မင်းအောင်လှိုင် ဦးစီးတဲ့ အကြမ်းဖက်(စကစ) စစ်အုပ်စုဟာ ပြည်တွင်းပြည်ပ အကြပ်အတည်း မျိုးစုံဆိုက်နေလို့သာ “တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို” ကွက်ပြီး ဆွေးနွေးဖို့ ဖိတ်ခေါ်နေတာပါ။ တကယ်တော့ လှည့်စားနေတာပါ။ (CRPH/NUG/PDF)တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေအကြားကို ထိုးခွဲတာပါ။ ဒီအချက်ကို လူတိုင်းမြင်ပါတယ်။ တိုင်းရင်းသားလူမျိုးစုတစ်ခုထဲ တစ်ဖွဲထဲအတွင်းမှာလည်း နည်းမျိုးစုံနဲ့ သပ်လျှိုဖြိုခွဲနေတာပါ။ ဒါတွေကို လေးလေးနက်နက် သတိရှိကြဖို့ လိုအပ်ပါတယ်။
မင်းအောင်လှိုင်က သေလွန်သူတွေကိုရော၊ အသက်ရှင်နေသူတွေကိုပါ “ဝဏ္ဏကျော်ထင်ဘွဲ့” ပေးနေတာဟာ အချိုသပ်နေတာပါ။ မက်လောက်စရာ မရှိပါဘူး။ မိမိကိုယ်စားပြုရာ လူမျိုးစုများရဲ့ တန်းတူရေးအတွက် ခုခံတော်လှန် တဲ့ လုပ်ဆောင်ချက်ထက် လေးနက်ခန့်ငြားတဲ့ အကျိုးပြုချက်မရှိပါဘူး။ ဒီလိုမွန်မြတ်နဲ့လုပ်ရပ်ကို “ ဝဏ္ဏကျော်ထင် ဘွဲ့” ဆိုတာနဲ့ အလဲအထပ် မလုပ်သင့်ပါဘူး။ စစ်အုပ်စုက သူတို့အတွက် အကျိုးသာရှိမယ်။ သူတို့ကြုံနေရတဲ့ အကြပ် အတည်းကသာ ထွက်ပေါက်ရမယ်ဆိုရင် “ခွန်ဆာ – လော်စစ်ဟန် – ဖုန်ကြားရှင်” တို့ကိုလည်း “သတိုးမဟာသီရိသုဓမ္မ ဘွဲ့” ပေးဖို့ ဝန်လေးမယ့် သူတွေမဟုတ်ပါဘူး။
အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့ ကမ်းလှမ်းချက်ကို လက်ခံတာ သို့တည်းမဟုတ် ငြင်းပယ်တာဟာ သက်ဆိုင် ရာ အဖွဲ့အစည်းအသီးသီးရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပဲ ဖြစ်ပါတယ်။ မိမိအဖွဲ့အစည်းရဲ့ ဆုံးဖြတ်ချက်ဟာ အကြမ်းဖက် (စကစ) စစ်အုပ်စုအတွက် ထွက်ပေါက်ပေးသလို ဖြစ်မသွားစေဖို့တော့ လိုအပ်ပါတယ်။
မှတ်ချက် # ဆောင်းပါးပါ အာဘော်များသည် ကေအိုင်စီ၏အာဘော် မဟုတ်ဘဲ ဆောင်းပါးရှင်၏အာဘော်သာ ဖြစ်ပါ သည်။