မနေ့က (မတ်လ ၂၇ရက်)နေ့ တပ်မတော်နေ့တစ်ရက်အတွင်း နံနက် ၅ နာရီခွဲအချိန်ကစပြီး ပွန်ချောင်းအနီးက စစ်ကောင်စီတပ်စခန်းကို KA၊ KNDFပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ စစ်ကောင်စီဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိသလို ဂျက်လေယာဉ် ပျံဝဲတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
“ ဒီးမော့ဆို အနောက်ဖက် ကုန်းသာမှာလည်း ဖြစ်တယ်။ ဖရူဆိုဖက်မှာလည်း ဖြစ်တယ်။ ခြောက်မိုင်မှာလည်း ဖြစ်တယ်။ ပြောက်ကျား တိုက်ပွဲတွေပါပဲ။ နည်းနည်းကြီးတာက ပွန်ချောင်းတိုက်ပွဲရယ်။ နောက်ပြီးတော့မှ ကုန်းသာတိုက်ပွဲရယ်။ ကျန်တဲ့ တိုက်ပွဲတွေကတော့ သုံး လေးယောက် အဲ့လိုမျိုး ပျောက်ကြားလိုက်ပစ်တာပဲရှိတယ်။ “ လို့ ကရင်နီကာကွယ်ရေး ဒု-ဝန်ကြီး ခူဒယ်နီယာယ်က ပြောပါတယ်။
၂၇ရက်နေ့မှာပဲ ဒီးမော့ဆို ကုန်းသာဖက်မှာ နာရီဝက်ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး ဒေါငံခါး၊ လမ်းခွမှာလည်း နေအိမ်မီးရှို့တာတွေ ရှိတယ်လို့ သိရပါတယ်။ အဲ့ဒီနေ့မှာပဲ ခြောက်မိုင်အနီးတစ်ဝိုက်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ KNDF/B-09 တို့ ထိတွေ့တိုက်ခိုက်မှုတွေလည်း ဖြစ်ပွားခဲ့ပါတယ်။
စစ်ကောင်စီက မနေ့က (မတ်လ ၂၇ရက်) နေ့နဲ့ ဒီကနေ့ ( မတ်လ ၂၈ ရက်နေ့) မှာ လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးအတိုင်း စစ်ကားအစီး ၄၀ကျော် အင်အားဖြည့်တင်းတာတွေရှိတယ်လို့ KNDF/B-09 က ဒီကနေ့မှာ ထုတ်ပြန်ထားပါတယ်။
“ အဓိက ဒီ ဒီးမော့ဆိုပဲပေါ့နော။ နောက်ပြီးတော့ ဖရူဆိုမှာလည်း ဖြစ်တယ်ဆိုတော့ ဖရူဆိုဖက် သူတို့ဆင်းဖို့ ရှိလောက်တယ်ထင်တယ်။ “ လို့ KNDF/B-09က တာဝန်ရှိသူတစ်ဦးက သုံးသပ်ပြောဆိုထားပါတယ်။
ဖရူဆိုမြို့နယ် အခြေစိုက် ခမရ ၄၂၈ တပ်ရင်းကိုလည်း KNDF ပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဖက်က ထိခိုက်ဆုံးရှုံးမှုရှိခဲ့တယ်လို့ သိရပါတယ်။