မြန်မာနိုင်ငံကို စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးတဲ့နောက် တစ်နှစ်ကျော်အကြာမှာ လျှပ်စစ်မီးကဏ္ဍဟာ ပြည်သူလူထုအကြား သဘောမတွေ့တဲ့ပြောဆိုသံတွေကို ကြားလာရသလို လျှပ်စစ်မီးကလည်း လာချိန်ထက် ဖြတ်ချိန်ပိုများလာတယ်လို့တောင် ပြောရမလိုဖြစ်လာတာကိုတွေ့ရပါတယ်။ ဒီမိုကရေစီသက်တမ်း ဆယ်နှစ်အတွင်း နိုင်ငံရဲ့ဖွံ့ဖြိုးတိုးတက်မှု အနည်းငယ်ရှိလာတာနဲ့အညီ မြို့ပြလူတန်းစားအများစုဟာ လျှပ်စစ်မီးကိုအခြေခံပြီး အသက်မွေးဝမ်းကျောင်းပြုလာကြတာပါ။
နိုင်ငံအတွင်း လျှပ်စစ်မီးမလုံလောက်ခြင်းဟာ လူထုရဲ့ အသက်မွေးဝမ်းကျောင်းမလုံလောက်ခြင်းနဲ့ တိုက်ရိုက်ဆက်စပ်မှုရှိလာတာကို တွေ့ရမှာဖြစ်ပါတယ်။ လျှပ်စစ်မီးတွေစဖြတ်ချိန်မှာ ဗမာပြည် တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ပီဒီအက်(ဖ်)တွေရဲ့ဖျက်ဆီးမှုနဲ့ ဆည်အတွင်းရေနည်းလာတာကြောင့်လို့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက ဝါဒဖြန်ခဲ့တာကိုတွေ့ရပြီး လက်ရှိအချိန်မှာတော့ ဒီဝါဒဖြန်မှုမဟုတ်တော့ဘဲ “ပြည်သူတွေကို မစိုးရိမ်ဖို့နဲ့ လျှပ်စစ်ကို ပိုမိုဖြတ်တောက်မည်ဖြစ်ကြောင်း”ထုတ်ပြန်လာတာကို တွေ့လာရပါတယ်။
လျှပ်စစ်မီးမလုံလောက်ခြင်းဟာ တစ်ဦးချင်းဝင်ငွေကိုများစွာထိခိုက်လာသလို နိုင်ငံရဲ့ဝင်ငွေပါ ထိခိုက်လာမှာဖြစ်ပြီး ကိုဗစ်ကြောင့် နလန်မထူနိုင်သေးတဲ့အခြေအနေမှာ ပြည်တွင်းမြို့ပြစစ်မီးတွေကြောင့် အလုပ်အကိုင်ရှားပါးနေတဲ့ နိုင်ငံဟာ အခုလိုလျှပ်စစ်မီးသာမလုံလောက်မှုကို ရေရှည်ကြုံတွေ့နေရပါက ငတ်ပြတ်မှုပြဿနာထိ ရင်ဆိုင်နိုင်ရဖွယ်ရှိလာနိုင်ပါတယ်။
မြန်မာနိုင်ငံဟာ ပြည်ပသို့သဘာဝဓာတ်ငွေ့တင်ပို့မှုများစွာရှိနေဆဲဖြစ်ပြီး သဘာဝဓာတ်ငွေ့ကရတဲ့ ငွေဟာလည်း နှစ်စဉ်အားကောင်းနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ သဘာဝဓာတ်ငွေ့တင်ပို့ရောင်းချမှုဟာ (၂၀၁၈-၁၉)စာရင်းအရ ပြည်ပပို့ကုန် စုစုပေါင်းရဲ့(၂၀ ရာခိုင်နှုန်း)ခန့်ရှိပါတယ်။ မြန်မာနိုင်ငံမှာ လက်ရှိသဘာဝဓာတ်ငွေ့ထုတ်ယူရောင်းချနေတာ တနင်္သာရီတိုင်းနဲ့ ရက္ခိုင်ပြည်က အဓိကတင်ပို့နေတာဖြစ်ပြီး တနင်္သာရီတိုင်းက သဘာဝဓာတ်ငွေ့တွေကို ရတနာ၊ ရဲတခွန်၊ ဇောတိက ပိုက်လိုင်းသုံးခုကနေ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေတာဖြစ်ပါတယ်။ ရက္ခိုင်ပြည်ကထွက်တဲ့ သဘာဝဓာတ်ငွေ့တွေကိုတော့ ရွှေသဘာဝဓာတ်ငွေ့ပိုက်လိုင်းကနေတစ်ဆင့် တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချနေပါတယ်။
မြန်မာနိုင်ငံဟာ သဘာဝဓာတ်ငွေ့ရောင်းချနေမှုကနေ ရရှိနေတဲ့ဝင်ငွေ နှစ်စဉ်အမေရိကန်ဒေါ်လာ (၁ ဒသမ ၅) ဘီလီယံထိရှိပါတယ်။ ရက္ခိုင်ပြည် ကျောက်ဖြူကနေ တရုတ်နိုင်ငံသို့တင်ပို့နေတဲ့ ရွှေသဘာဝဓာတ်ငွေ့ကို (A-1/A-3)လုပ်ကွက်တွေကနေ အဓိကထုတ်ယူနေတာဖြစ်ပြီး တစ်ရက်မှာ သဘာဝဓာတ်ငွေ့ကုဗပေ သန်းပေါင်း (၅၄၀)ထိထုတ်ယူနေတယ်လို့ (၂၀၁၅)က POSCO ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲက ကြေညာခဲ့ပါတယ်။ ဒီသဘာဝဓာတ်ငွေ့ပမာဏများစွာကို ထုတ်ယူရောင်းချနေပေမယ့် ရက္ခိုင်ပြည်လူထုအတွက်တော့ ဘာအကျိုးခံစားခွင့်မှမရှိသေးသလို သဘာဝဓာတ်ငွေ့ထုတ်ယူရောင်းချမှု ဆယ်နှစ်အထိရှိလာခဲ့ပြီးတဲ့အချိန်အထိလည်း သိသာတဲ့နိုင်ငံတော်ရဲ့ ပေးအပ်မှုမရှိသေးပါဘူး။
ရက္ခိုင်ပြည်အတွင်း ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ကွက်ပေါင်း (၂၅)ခုအထိရှိနေပြီး ကုန်းတွင်းလုပ်ကွက် နှစ်ခုနဲ့ ကမ်းလွန်လုပ်ကွက် (၂၃)ခုရှိပါတယ်။ လက်ရှိအချိန်ထိထုတ်ယူနေတဲ့ လုပ်ကွက်နှစ်ခုရှိနေပြီး နောက်ထပ်လုပ်ကွက်တွေကိုလည်း စမ်းသပ်ရှာဖွေခွင့်ပြုထားပါတယ်။ မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံ၏စီပွားရေးမြို့တော် ရန်ကုန်မြို့အတွင်း စက်ရုံများနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဖြစ်တဲ့ စက်ရုံအလုပ်ရုံများစွာကို ရပ်တန့်ထားခဲ့ရပြီး စက်ရုံအလုပ်သမားထောင်ပေါင်းများစွာဟာလည်း အလုပ်လက်မဲ့ဖြစ်ခဲ့ရပါတယ်။
မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းယူခဲ့တဲ့အတွက် စစ်တပ်ရဲ့ရက်စက်ကြမ်းကြုတ်မှု လုပ်ရပ်တွေကို ဆန့်ကျင်တဲ့အနေနဲ့ ပြင်သစ်နိုင်ငံအခြေစိုက်ကုမ္ပဏီဖြစ်တဲ့ Total နဲ့ အမေရကိကန်နိုင်ငံကုမ္ပဏီဖြစ်တဲ့ Chevron ကုမ္ပဏီတို့ မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေကနေ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာခဲ့တာကို တွေ့ရပါတယ်။ ရတနာ၊ ရဲတံခွန်၊ ဇောတိက စတဲ့သဘာဝဓာတ်ငွေ့ပိုက်လိုင်းသုံးခုကနေ ပို့ဆောင်နေတဲ့ ဓာတ်ငွေ့ဟာ ထိုင်းနိုင်ငံတစ်ခုလုံးရဲ့ စွမ်းအင်လိုအပ်ချက် ၂၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးနေတာပါ။
မြန်မာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့ရောင်းချမှုဟာ ပြည်ပရင်းနှီးမြှုပ်နှံမှုအများဆုံးဖြစ်ပြီး ၂၀၂၀ ခုနှစ် တင်ပို့ရောင်းချမှုဟာ အမေရိကန်ဒေါ်လာ (၃ ဒသမ ၃)ဘီလီယံထိ ရှိခဲ့ပါတယ်။ တနင်္သာရီတိုင်းက ထုတ်ယူနေတဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းဟာ (၂၀၂၅)ခုနှစ်လောက်မှာ ရပ်ဆိုင်းရမယ်လို့ Chevron နဲ့ Total က ခန့်မှန်းထားတာ ကြာခဲ့ပြီဖြစ်ပါတယ်။ သို့သော်လည်း မြန်မာ့ကမ်းလွန်ပင်လယ်ပြင်မှာ တစ်ခြားလုပ်ကွက်ပေါင်းများစွာ ရှိနေသေးတဲ့အတွက် ဒီလုပ်ကွက်တွေကို တိုးမြှင့်လုပ်ဆောင်မှာဖြစ်ပြီး ဒါဟာစစ်ကောင်စီအတွက် အဓိကဝင်ငွေရှာပေးတဲ့လမ်းကြောင်း ဖြစ်လာမှာဖြစ်ပါတယ်။
ရက္ခိုင်ကမ်းလွန်လုပ်ကွက်တွေကို ထပ်မံတိုးချဲ့လုပ်ဆောင်ဖို့အတွက် လက်ရှိလုပ်ဆောင်နေတဲ့ (A-1/A-3) လုပ်ကွက်အတွင်း တိုးမြှင့်လုပ်ဆောင်ဖို့ အမေရိကန်ဒေါ်လာ (၄၇၃)သန်းလျာထားကြောင်း POSCO က ပြီးခဲ့တဲ့လမှာ ကြေညာခဲ့တာကိုကြည့်ရင် လက်ရှိလုပ်ကွက်တစ်ခုတည်းအတွင်း နိုင်ငံခြားဝင်ငွေများစွာကို ရရှိနေတာဖြစ်ပါတယ်။ POSCO ဟာ (၂၀၂၁)ခုနှစ် ပထမသုံးလအတွင်း နေ့စဉ်သဘာဝဓာတ်ငွေ့ ကုဗပေသန်း (၅၇၀)ရောင်းချခြင်းက ရရှိတဲ့အမြတ်ငွေစုစုပေါင်း ကိုးရီးယားဝမ် (၃၀ ဒသမ ၄)ဘီလီယံနဲ့၊ ဒုတိယမှာ ကုဗပေသန်း(၅၂၀)ရောင်းချမှုအတွက် ကိုးရီးယားဝမ် (၃၇ ဒသမ ၇)ဘီလီယံထိရရှိခဲ့ကြောင်း ဖေါ်ပြထားတာကို တွေ့ရပါတယ်။
ရက္ခိုင်ပြည်အတွင်း ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ကွက်အဖြစ် ရက္ခိုင်ပြည်တောင်ပိုင်းမှာ နောက်ထပ်စမ်းသပ်ရှာဖွေထားတဲ့ (A-6 နဲ့ A-7)ကို Woodside မှဦးဆောင်ပြုလုပ်ကာ Total နဲ့ Shell တို့ကလည်း အစုရှယ်ယာရှင်အဖြစ် ပါဝင်နေတာကိုတွေ့ရပါတယ်။ ဒီလုပ်ကွက်ဟာ မြန်မာနိုင်ငံအတွက် နောက်ထပ်ရတနာသိုက်ကြီးတစ်ခု ဖြစ်လာမှာဖြစ်သလို ရက္ခိုင်လူထုအတွက် ကျိန်စာသင့်ဦးမယ့် ရတနာသိုက်လို့တောင် ပြောရမှာဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်ကုန်ပိုင်းကနေ စတင်ပြင်းထန်ခဲ့တဲ့ ရက္ခိုင့်တပ်တော်(AA)နဲ့ မြန်မာစစ်တပ်တို့အကြား (၂၀၂၀) နိုဝင်ဘာလအထိ တိုက်ပွဲပေါင်းလေးထောင်ကျော်ဖြစ်ပွားခဲ့ပြီး ရက္ခိုင်ပြည်မြောက်ပိုင်းက မြို့နယ်ရှစ်ခုကို NLD အစိုးရက သတင်းအချက်အလက်ရယူနိုင်တဲ့ အင်တာနက်ကိုဖြတ်တောက်ပေးထားခဲ့ပြီး မြန်မာစစ်တပ်ဘက်က သောင်းကျန်းသူချေမှုန်းရေး စစ်ဆင်ရေးကို နှစ်နှစ်ကျော်ကြာပြုလုပ်ခဲ့ပါတယ်။ ဒီတိုက်ပွဲကာလအတွင်း ရက္ခိုင်လူထုအရပ်သားပေါင်း သုံးရာကျော်သေဆုံးခဲ့ရပြီး AA နဲ့ဆက်စပ်တယ်လို့ အကြောင်းပြကာ အစိုးကနဲ့ စစ်တပ်တပ်က လူပေါင်းများစွာကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။
ရက္ခိုင့်တပ်တော်နဲ့ မြန်မာစစ်တပ်တို့ဟာ (၂၀၂၁) နိုဝင်ဘာ(၁၃) ရက်နေ့ကစပြီး တိုက်ပွဲတွေကိုရပ်တန့် ထားခဲ့တာကိုတွေ့ရပါတယ်။ (၂၀၂၁)ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်နေ့ မြန်မာနိုင်ငံကို စစ်တပ်က အာဏာသိမ်းယူလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံအနှံ့ အာဏာသိမ်းဆန့်ကျင်ရေးတွေကို လုပ်ခဲ့ကြပါတယ်။ ဒီဆန့်ကျင်ရေးလုပ်ငန်းစဉ်အတွင်း စစ်ပမ်းနေတဲ့ရက္ခိုင်ပြည်ကတော့ ဒီပြဿနာမှာ လုံးဝပါဝင်ပတ်သတ်မှု မရှိခဲ့ဘဲ သီးခြားရပ်တည်ခဲ့ပါတယ်။ ရက္ခိုင်လူထုဟာ ရက္ခိုင်ပြည်အတွင်းဖြစ်ပွားခဲ့တဲ့စစ်ပွဲကို မြန်မာစစ်တပ်နဲ့ ဒီချုပ်အစိုးရတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုအဖြစ် ထင်မြင်ကြတာကိုတွေ့ရပါတယ်။ အမှန်တစ်ကယ်မှာလည်း NLD အစိုးရဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် ရက္ခိုင်လူထုကို အကာအကွယ် မပေးခဲ့ပါဘူး။ ဒီပဋိပက္ခကာလအတွင်း ရက္ခိုင့်တပ်တော်ဘက်ကလည်း ရက္ခိုင်ပြည်တည်ဆောက်ရေးကို ဇောင်းပေးလုပ်ဆောင်နေခဲ့ပြီး အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးပိုင်းကို အဓိကလုပ်ဆောင်သွားတာကို တွေ့ရပါတယ်။
ရက္ခိုင်လူထုဟာ ရက္ခိုင်ပြည်အတွင်းက ထုတ်ယူနေတဲ့ သဘာဝဓာတ်ငွေ့နဲ့ ထုတ်လွှတ်နေတဲ့ လျှပ်စစ်လုပ်ငန်းတွေရှိပေမယ့်လည်း ရက္ခိုင်ပြည်သူလူထုအတွက် လျှပ်စစ်မီးရရှိရေးကိုတောင် မဟာဓာတ်အားလိုင်းကနေတစ်ဆင့်သာ ရရှိနေတာဖြစ်ပါတယ်။ ရက္ခိုင်လူထုဟာ သဘာဝဓာတ်ငွေ့သိုက်ကို ဖင်ခုထိုင်ပြီး ဆင်းရဲမွဲတေမှုအရသာကို အပြည့်အဝခံစားနေရသူတွေ ဖြစ်ပါတယ်။ ရက္ခိုင့်တပ်တော်ဘက်ကတော့ မြန်မာနိုင်ငံမှာ ဆက်လက်နေထိုင်ဖို့ အနာဂတ်ပြည်ထောင်စုမှာ AA လိုလားတဲ့ နိုင်ငံရေးအခွင့်အလမ်းပုံစံမရှိဘူးဆိုရင် ရက္ခိုင်ပြည်ကို သီးခြားအမျိုးသားနိုင်ငံထူထောင်ဖို့ ကြွေးကြော်ထားပါတယ်။
ရက္ခိုင်ပြည်ဟာ ပင်လယ်ထွက်ပေါက်နဲ့ သယံဇာတများစွာကို ပိုင်ဆိုင်ထားပြီး မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံးဖြစ်နေတာပါ။ ပြည်ထောင်စုမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့် ဆိုတာကလည်း နှစ်ပေါင်းခုနှစ်ဆယ်ကျော်ကြာ တည်ဆောက်လာခဲ့တဲ့ မြန်မာနိုင်ငံဖြစ်တည်မှုအတွင်း မမြင်ခဲ့ရသလို အနာဂတ်မှာ မြင်ရဖို့ဆိုတာလည်း အလွန်ခက်ခဲမယ့်အရာတစ်ခုအဖြစ် မြင်မိပါတယ်။ လက်ရှိအချိန်မှာ မြန်မာနိုင်ငံအတွင်း စစ်တပ်ကအာဏာသိမ်းယူလိုက်ပြီးတဲ့နောက် စစ်မျက်နှာပိုမိုကျယ်ပြန့်လာသလို နိုင်ငံအတွင်း လက်နက်ကိုင်အဖွဲ့အစည်းပေါင်း နှစ်ရာနီပါးရှိနေတာပါ။
ဒီလက်နက်ကိုင်အဖွဲ့အစည်းတွေမှာလည်း အာဏာသိမ်းမှုကို ဆန့်ကျင်လက်နက်ကိုင်တဲ့ အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေးရည်မှန်းချက်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ နိုင်ငံရေး ရည်မှန်းချက် ထပ်တူကျတာကို မတွေ့ရပါဘူး။ ဒါဟာ စစ်တပ်နဲ့ လက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေအကြား တစ်ဖက်နဲ့တစ်ဖက် အပြုတ်တိုက်ရေးဟာ အလွန်ခက်ခဲနိုင်တယ်လို့မြင်ပါတယ်။ မြန်မာစစ်တပ်က သူတို့ကြေညာထားတဲ့ နှစ်နှစ်ကျော်ကာလအတွင်း ရွေးကောက်ပွဲပြုလုပ်ကာ သူတို့စိတ်ကြိုက် အစိုးရအဖွဲ့ကိုဖွဲ့စည်းပြီး အာဏာသိမ်းမှုကို ဖြေဖျောက်အဆုံးသတ်နိုင်ခြေလည်း ရှိပါတယ်။
ဒီရွေးချယ်မှုမှာလည်း သယံဇာတပိုင်ဆိုင်ခွင့်နဲ့ တိုင်းရင်းသားတွေရဲ့ ကိုယ့်ကံကြမ္မာကိုယ်တိုင် ဖန်တီးခွင့်ဟာ ဆက်လက်ဆုံးရှုံးနေဖို့မြင်ပါတယ်။ လက်ရှိအတိုင်း သယံဇာတတွေကိုထုတ်ယူခံနေရပါက ရက္ခိုင်သယံဇာတဟာ နောက်နှစ်သုံးဆယ်အတွင်း ခမ်းခြောက်နိုင်ခြေရှိပါတယ်။ လက်ရှိထုတ်ယူမှုကနေ ရက္ခိုင်လူထုအကျိုးခံစားခွင့်အတွက် မူဝါဒတေ ွချမှတ်အကောင်အထည်ဖေါ်ဆောင်ကာ နောက်ထပ်ထုတ်ယူမယ့် သဘာဝဓာတ်ငွေ့တွေအတွက်လည်း တိကျတဲ့မူဝါဒတွေချမှတ်ကာ ရက္ခိုင်ပြည် တည်ဆောက်ရေးကိုလုပ်ဆောင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။
နိဂုံးချုပ်အအနေနဲ့ အဆုံးသတ်ရရင်တော့ မြန်မာနိုင်ငံအတွင်း ရက္ခိုင်ပြည်ဟာ ကိုယ်ကံကြမ္မာကိုယ်တိုင် ဖန်တီးနိုင်ရေးဟာ တည်ဆောက်မှုကသာ ပိုမိုအရေးကြီးနေပြီး တည်ဆောက်ရေးပိုင်းရဲ့ ထိပ်တိုက်တွေမှုတွေအတွက် ပြင်ဆင်သင့်ပါတယ်။ ရက္ခိုင်လူထု တစ်ရပ်လုံးအနေနဲ့လည်း ရက္ခိုင်ပြည် အတွင်းကထုတ်ယူနေတဲ့ သယံဇာတတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအတွက် တိကျခိုင်မာတဲ့မူဝါဒဟာ အရေးတကြီးလိုအပ်နေသလို သယံဇာတများစွာကို ထုတ်ယူခြင်းကနေရရှိတဲ့ အကျိုးခံစားခွင့်ကို မဖြစ်မနေရရှိဖို့ လိုအပ်နေပြီဖြစ်ပါတယ်။
အမှောင်ဖုံးလာတဲ့ ပြည်ထောင်စုအတွင်းက သယံဇာတပိုင်ရှင် ရက္ခိုင်ပြည်အဖို့ သီခြားဆန်တဲ့ မူဝါဒတွေ မလွှမ်းမိုးနိုင်သရွှေ့ အမည်ခံပြည်ထောင်စုရဲ့ အဖြည့်ခံအဖြစ်နဲ့ လူမျိုးကြီးဝါဒအကြား ပိုင်ဆိုင်မှုတွေ ဆက်လက်ဆုံးရှုံးနေအုံးမယ့် အဖိုးတန်သဘာဓာတ်ငွေ့ဟာ ရက္ခိုင်ပြည်အနာဂတ် တည်ဆောက်ရေးအတွက် အလွန်အရေးကြီးတဲ့အရာဖြစ်ကြောင်း သုံးသပ်မိပါတယ်။
မင်းထီး- ရေးသားသည်။