DonBosco- မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုဆိုးရွားစွာဖြစ်ပေါ်နေမှုများကြောင့် အိန္ဒိယနိုင်ငံဖက်ကို မြန်မာနို်င်ငံသားစစ်ဘေးရှောင်ရောက်ရှိမှု အရေအတွက် မှာကွဲပြားစွာ စာရင်းများထွက်ပေါ်လျက်ရှိသည်။
မြန်မာနိုင်ငံမှ စစ်ဘေးရှောင်များသည် မြန်မာနိုင်ငံနှင့် အနီးကပ်ဆုံးဖြစ်သည့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် မဏိပူရ်ပြည်နယ်တို့တွင် ထွက်ပြေးကြခြင်းဖြစ်ပြီး အများစုမှာ မီဇိုရမ်ပြည်နယ်သို့ ခိုလှုံလျက်ရှိပြီး ချင်းပြည်နယ်မှ အများဆုံးဖြစ်သည်။
ဖေဖော်ဝါရီလအတွင်း ကျင်းပသည့် မီဇိုရမ်ပြည်နယ်လွှတ်တော်အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်ပူးဇိုရမ်ထန်းငါက အိန္ဒိယနိုင်ငံဖက်ကို ၂၄၂၈၉ ဦးရှိကြောင်း လွှတ်တော်ကို အစီရင်ခံတင်သွင်းခဲ့သည်။
ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စစ်ပွဲများကြောင့် ချင်းပြည်နယ်တွင်းရှိ လူဦးရေစုစုပေါင်း၏ ၂၀ ရာခိုင်နှုန်းကျော် စစ်ဘေးတိမ်းရှောင်နေရသည်ဟုဖော်ပြထားသည်။ ချင်းပြည်နယ်အတွင်းမှ မြန်မာနိုင်ငံအတွင်း အခြားမြို့များတွင် စစ်ဘေးတိမ်းရှောင်နေရပြီး အိန္ဒိယနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်သူမှာ ၃ သောင်းကျော်ရှိပြီဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
မီဇိုရမ်ပြည်နယ်အခြေစိုက် All Indian Radio Aizawl က စစ်ဘေးရှောင်များအား ကူညီပေးနေသည့် အရပ်ဖက်အဖွဲ့အစည်းများ၏ စာရင်းကို ကိုးကားပြီး စစ်ဘေးရှောင် ၄ သောင်းကျော်ရှိနေပြီဖြစ်တယ်လို့ ရုပ်သံသတင်းနှင့်တစ်ကွ ဖေဖော်ဝါရီလတွင်းက ထုတ်လွှင့်ခဲ့သည်။
မြန််မာပြည်တွင်း စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားနေခြင်းကြောင့် အိန္ဒိယဖက်ခြမ်းသို့ ခိုလှုံသူတိုးလျက်ရှိနေခြင်းဖြစ်သဖြင့် ဒုက္ခသည်စာရင်းများမှာလည်း အတိအကျပြောဆို၍ ရနိုင်သည့် အနေအထားမဟုတ်သေးပေ။
အိန္ဒိယအစိုးရသည် အပြည်ပြည်ဆိုင်ရာ ဒုက္ခသည်များဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားသည့် နိုင်ငံမဟုတ်ခြင်းကြောင့် ဒုက္ခသည်များအား အသိအမှတ်မပြုနိုင်ကြောင်း ဗဟိုအစိုးရက ၂၀၂၁ ခုနှစ်ကတည်းက စာထုတ်ပြန်ထားသည်။ ထို့ကြောင့် UNHCR ကဲ့သို့ ကုလသမဂ္ဂအဖွဲ့အစည်းနှင့် နိုင်ငံတကာ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများသည် အိန္ဒိယနိုင်ငံအတွင်း ရောက်နေသည့် စစ်ဘေးရှောင်ဒုက္ခသည်များ အနေဖြင့် ရရှိမှုလည်းမရှိပေ။ ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းအပါအဝင် ချင်းအရပ်ဖက်လူမှုအဖွဲ့အစည်းများ ပူးပေါင်းပြီး ကုလသမဂ္ဂသို့ မြန်မာနိုင်ငံအနောက်မြောက်ဖြစ်ဖြစ်သည် စစ်ကိုင်းတိုင်း၊ ချင်းပြည်တွင်း ထိုးစစ်ဆင်မှုတိုးမြင့်လာခြင်းနှင့် စစ်ဘေးရှောင်အရေးနှင့်ပတ်သက်ပြီး စာရေးသားပေးပို့ခဲ့သော်လည်း ကုလသမဂ္ဂအနေဖြင့် စိုးရိမ်ရသည့် အခြေအနေဖြစ်သည်ဟုသာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။
လက်ရှိအချိန်ထိ အိန္ဒိယနိုင်ငံတွင်းသို့ ရောက်ရှိနေသည့် စစ်ဘေးရှောင်များအား မီဇိုရမ် ပြည်နယ်အစိုးရမှ စာရင်းများကောက်ခံကာ နေရပ်စီစဉ်ပေးမှုလုပ်ဆောင်ပေးလျက်ရှိသည်။ ရေရှည်ကူညီဆောင်ရွက်ပေးနိုင်ရန် ဗဟိုအစိုးရကိုလည်း တိုက်တွန်းထားကြောင်း ဝန်ကြီးချုပ် ပူးဇိုရမ်ထန်းငါက မီဇိုရမ်သို့ ခိုလှုံလျက်ရှိသည့် ချင်းပြည်နယ်ဝန်ကြီးချုပ်ဟောင်းအပါအဝင် ချင်းပြည်နယ် အစိုးရအဖွဲ့ဝင်အချို့၊ ချင်းပြည်နယ်မှ လွှတ်တော်ကိုယ်စားလှယ်များနှင့် ၂၀၂၁ နှစ်ကုန်ပို်င်းတွင် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် (NHRC) အဖွဲ့ဝင် Justuce Mahesh Mittal Kumar ကလည်း နယ်စပ်ဖြတ်ကျော်ထွက်ပြေးလာသည့် မြန်မာဒုက္ခသည်များသည် မည်သည့်အခြေအနေတွင်မဆို နိုင်ငံတော်မှ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးပိုင်ခွင့်ရှိသည်ဟု ဒုက္ခသည်များဆိုင်ရာနှင့်ပတ်သက်ပြီး မေခလာရားပြည်နယ်၊ Shilong တွင် ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
၄င်းက နို်င်ငံတကာပဋိညာဉ်တွေရှိနေတဲ့အတွက် စစ်ဘေးရှောင်ဒုက္ခသည်များအရေးသည် ခိုလှုံခွင့်တောင်းခံခြင်းနဲ့ကွဲပြားစွာရှိနေပြီး ယခုအခြေအနေပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များအတွက် တောင်းခံနိုင်ရန် လမ်းကြောင်းဖွင့်ထားကြောင်း၊ အိန္ဒိယနိုင်ငံအခြေခံဥပဒေ ပုဒ်မ ၂၁ တွင် နိုင်ငံသားဖြစ်စေ၊ နိုင်ငံခြားသားဖြစ်စေ လူ့အခွင့်အရေးချိုး ဖောက်ခံရသူတိုင်း အကာအကွယ်ပေးရန် ပြဌာန်းထားကြောင်း ပြောဆိုခဲ့သည်။
မြန်မာနိုင်ငံတွင် စစ်ကောင်စီအာဏာသိမ်းပြီးနောက် လူထုများ လမ်းပေါ်ဆန္ဒဖော်ထုတ်မှုကို အကြမ်းဖက်ဖြိုခွင်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း ကလေးမြို့နှင့် ချင်းပြည်နယ် မြောက်ဖက်ပိုင်းမှ ဒေသခံများမှာ အိမ်နီးချင်း မီဇိုရမ်ပြည်နယ်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။
စစ်ကောင်စီ၏ မီးရှို့မှုကို အကြီးအကျယ် ခံရသည့် ထန်တလန်မြို့ပေါ်တွင် ယခုအချိန် ဒေသခံလူထုမှာမရှိတော့ပဲ ထန်တလန်မြို့သည် အိန္ဒိယနိုင်ငံနှင့် နယ်စပ်ဖြစ်သဖြင့် ကျေးရွာများ နှင့် မီဇိုရမ်ပြည်နယ်ဖက်သို့ ထွက်ပြေးကြရသည်။ အိမ်ခြေ ၃ ထောင်ဝန်းကျင်ရှိသည့် ထန်တလန်မြို့သည် ၂၀၂၁ စက်တင်ဘာလမှ ဖေဖော်ဝါရီလ ကုန်အထိ (၂၆) ကြိမ်အထိ မီးရှို့ခံရပြီး အိမ်ခြေပေါင်း ၁၂၀၀ ကျော်မီးရှို့ခံထားရပြီဖြစ်ကြောင်း မတ်လဆန်းက Thantlang Replacement Affair Committee ကထုတ်ပြန်ခဲ့သည်။
မီးရှို့ခံရမှုတွင် နေအိမ်များအပြင် ဘုရားကျောင်းများ၊ ဘာသာရေးနှင့်သက်ဆိုင်သည့် အဆောက်အဦးများ၊ ဆိုင်များ၊ ရုံးများ၊ ကျောင်းများပါဝင်သည်။ ချင်းပြည်နယ်သည် တောင်ပေါ်ဒေသဖြစ်ပြီး နေအိမ်၊ အဆောက်အဦးများတည်ဆောက်ရန် ပြည်မမြေပြန့်ဒေသဖက်မှ ပစ္စည်းများမှာယူ တည်ဆောက်ရခြင်းကြောင့် ပြည်မထက် စျေးနှုန်းနှစ်ဆနီးပါးကုန်ကျသည့်အတွက် ထန်တလန်မြို့၏ ဆုံးရှုံးမှုမှာ ကြီးမားသည့်ဆုံးရှုံးမှု ဖြစ်သည်။
Myanmar Data ၏ဖော်ပြချက်အရ ဖေဖော်ဝါရီလကုန်အထိ စစ်ကောင်စီ၏ တိုက်ပွဲကာလအတွင်း လူနေအိမ် မီးရှို့ခံရမှုအများဆုံးသည် တစ်နိုင်ငံလုံးတွင် စစ်ကိုင်းတိုင်း၊ ကယားပြည်နယ်နှင့် ချင်းပြည်နယ်တို့ဖြစ်ပြီး ချင်းပြည်နယ်သည်ဒုတိယအများဆုံးဖြစ်ပြီး ဖေဖော်ဝါရီလကုန်အထိ အိမ်ပေါင်း ၁၅၀၀ ကျော်မီးရှို့ခံထားရသည်ဟု ဖော်ပြထားသည်။
ထန်တလန်မြို့တွင်းရှိ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့များ ထိန်းချုပ်ရာ ကျေးရွာများတွင် တိမ်းရှောင်ကြသူ များအနေဖြင့် ကျေးရွာများတွင် ဆေးပေးခန်းမရှိခြင်း၊ ဆရာဝန်/မ မရှိခြင်း၊ ကျန်းမာရေးဝန်ထမ်းမရှိခြင်းကြောင့် အိန္ဒိယဖက်တွင်သာ ဆေးကုသမှုခံယူနေရသကဲ့သို့ စားသောက်ကုန်များကိုလည်း အိန္ဒိယဖက်ကိုသာ အားထားနေရသဖြင့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း စနစ်တကျမရှိခြင်းကြောင့် ကုန်စျေးနှုန်းမြင့်မားသည့် ဒဏ်ကိုလည်း ခံကြရသည်။
ဇန်နဝါရီလကုန်ပိုိင်းတွင် ချင်းပြည်နယ်မတူပီမြို့နယ်တွင်း စစ်ကောင်စီတပ်နှင့် ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့တို့အကြား တိုက်ပွဲပြင်းထန်သဖြင့် အိန္ဒိယနိုင်ငံဖက်သို့ လူဦးရေ ၂၀၀၀ ကျော်ထပ်မံရောက်ရှိကြောင်း အိန္ဒိယနိုင်ငံအခြေစိုက် မီဒီယာများတွင် ဖော်ပြသည်။
ထိုသို့ မတူပီမြို့နယ်တွင်းမှ စစ်ဘေးရှောင်ရင်း လမ်းခုလတ်တွင် ကျန်းမာရေးစောင့်ရှောက်မှုမရှိခြင်းကြောင့် သက်ကြီးရွယ်အိုများ သေဆုံးမှုလည်းရှိခဲ့သည်။ ချင်းလူ့အခွင့်အရေးအဖွဲ့၏ ဖော်ပြချက်အရ တစ်နှစ်အတွင်း စစ်ဘေးရှောင်ရင်း သေဆုံးရသူ သက်ကြီးရွယ်အို ၃၀ ကျော်ရှိသည်။ အချို့မှာ မိုင်းနင်းမိသည့် ဒဏ်ရာဖြင့်သော်လည်းကောင်း၊ သေနတ်ဒဏ်ရာဖြင့်သော်လည်းကောင်း အိန္ဒိယနိုင်ငံဖက်သို့ ရောက်ရှိပြီး အရေးပေါ် ဆေးကုသမှုခံယူရသူများ လည်းရှိနေသည်။
အိန္ဒိယနိုင်ငံဖက်ခြမ်းသို့ ရောက်ရှိသည့် စစ်ဘေးရှောင်များကို အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ ဘာသာရေးအဖွဲ့အစည်းများမှလည်း စစ်ရှောင်စခန်းများ တည်ဆောက်ကာ မြန်မာနိုင်ငံဖက်ခြမ်းမှ ထွက်ပြေးလာသူများကို ကြိုဆိုစောင့်ရှောက်ပြီး အစားအသောက်၊ အထည် နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောက်ရွက်ပေးလျက်ရှိသည်။
မီဇိုရမ်ပြည်နယ်အစိုးရစာရင်းအရ ခရိုင် (၁၁) ခုတွင် စစ်ရှောင်စခန်း ၁၄၁ ခုတည်ဆောက်ထားပြီး အဆိုပါစခန်းတွင် စစ်ဘေးရှောင် ၉ ထောင််ကျော်နှင့် အခြားဒေသ ( ဆွေမျိုး/အိမ်ငှား) များတွင် ၁ သောင်းခွဲကျော်ရှိသည်ဟု ဖော်ပြထားသည်။
အစောပိုင်းရောက်သည့် အချို့စစ်ဘေးရှောင်များသည် ကယ်ဆယ်ရေးစခန်းများတွင် နေထိုင်ရန် အဆင်မပြေမှုကြောင့် အိိမ်ငှားပြီး နေ့စားအလုပ်ရှာဖွေလုပ်ကိုင်သူများလည်းရှိသည်။ ကယ်ဆယ်ရေးစခန်းတွင် ကူညီစောင့်ရှောက်သူများ၏ ချက်ပြုမှုကိုသာ စားသောက်ရခြင်းကြောင့် ကလေးများ၏ အာဟာရ၊ ကျန်းမာရေးများအတွက် စိတ်ပူခြင်းကြောင့် အပြင်တွင် အိမ်ငှားရခြင်းဖြစ်သော်လည်း အိမ်ငှားခစျေးကြီးမြင့်ခြင်းနှင့် အလုပ်အကိုင်ရှားပါးမှုကို အလူးအလဲခံရသည်ဟု အိမ်ငှားစစ်ဘေးရှောင်တစ်ဦးက ဆိုသည်။
မီဇိုရမ်ပြည်နယ်အစိုးရ၊ ပြည်ထဲရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလအတွင်း ဒုက္ခသည်စာရင်းပြုစုပြီးနောက် ဒုက္ခသည်ကဒ်ပြားများကိုလည်း ထုတ်ပေးခဲ့သည်။ ဖေဖော်ဝါရီလကုန်အထိ ၈ ထောင်ကျော် ကဒ်ထုတ်ပေးခဲ့ပြီ ဖြစ်ပြီး ကဒ်ပြားများကို ထပ်မံပေးအပ်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။
ပြည်နယ်အစိုးရအနေဖြင့် ၄င်းကောက်ခံရရှိသည့် ဒုက္ခသည်စာရင်းများအတွက် ကူညီပံ့ပိုးမှုကို ရူပီး ၃၈၀ ထောက်ပ့ံပေးပြီဖြစ်သည်ဟု ဆိုသည်။ ကုန်းတွင်းပိတ်ပြည်နယ်ဖြစ်သည့် မီဇိုရမ်ပြည်နယ်သည် ဗဟိုအစိုးရ၏ ထောက်ပံ့မှုကို အဓိကထားနေရသည့်အတွက် စစ်ဘေးရှောင်များအား ရေရှည် ပံ့ပိုးပေးနိုင်ရန်အတွက် ဗဟိုအစိုးရ၏ အကူအညီမှာ လိုအပ်လာမည်ဖြစ်သည်။ ကုန်ပစ္စည်းများကိုလည်း အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံမှ တင်သွင်းရသည့် ပြည်နယ်ဖြစ်သည်။
မီဇိုရမ်ပြည်နယ်သည် အိန္ဒိယနိုင်ငံ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ဖြစ်ပြီး ၄င်းတို့၏ လူမျိုးဝိသေသလက္ခဏာများ(national identity) မပျောက်ပျက်ရေးကို အထူးအလေးထားသည့်ပြည်နယ်ဖြစ်သည်။ အိန္ဒိယကဲ့သို့ လူဦးရေထူထပ်သည့် နိုင်ငံတွင်းမှ မီဇိုရမ်ပြည်နယ်တွင်း လူမျိုးခြားများ အစုလိုက်အပြုံလိုက်ရောက်လာနိုင်စေမည့် အိန္ဒိယဗဟိုအစိုးရ၏ ရထားလမ်းတည်ဆောက်ပေးမည့် စီမံကိန်းများကိုလည်း လက်မခံသည့်ပြည်နယ်ဖြစ်သည်။
ယခင်အိန္ဒိယနိုင်ငံ၊ မြန်မာနိုင်ငံများသည် အင်္ဂလိပ်တို့ အုပ်ချုပ်ခဲ့ပြီး လွတ်လပ်ရေးပေးသည့်အချိန်တွင် ချင်းလူမျိုးများသည် အိန္ဒိယဖက်ခြမ်း၊ မြန်မာနိုင်ငံတွင်းနှင့် ဘင်္ဂလားဒေ့ရှ်ခြမ်းတွင် သီခြားစီကွဲပြားသွားသော်လည်း လူမျိုးတူအဖြစ် ရှုမှတ်ကြဆဲဖြစ်သည်။ အိန္ဒိယနိုင်ငံဖက်ခြမ်းတွင် ပါရှိသွားသည့် ချင်းလူမျိုးများကို မီဇိုလူမျိုးစု (Mizo tribe) ဟုခေါ်ဝေါပြီး လက်ရှိမီဇိုရမ်ပြည်နယ်တွင် နေထိုင်ကြသည်။
မြန်မာနိုင်ငံအတွင်း စစ်အာဏာရှင်စနစ်အဆက်ဆက် စီးပွားရေးကြပ်တည်းသည့် အခြေအနေကြောင့် မြန်မာနို်င်ငံတွင်းရှိ ချင်းလူမျိုးများသည် မီဇိုရမ်ပြည်နယ်နှင့် အိန္ဒိယနိုင်ငံနယ်နိမိတ်တစ်လျှောက်သို့ ကုန်သွယ်မှုများလုပ်ဆောင်ခဲ့ရာ မူးယစ်ဆေးဝါးကို ပြင်းထန်စွာပိတ်ပင်သည့် မီဇိုရမ်ပြည်နယ်အနေဖြင့် မြန်မာနို်င်ငံဖက်ခြမ်းမှ မူးယစ်ဆေးဝါးကုန်သွယ်မှုကြောင့် ပြည်နယ်အတွင်းရှိ ဒေသခံများ နစ်နာသည်ဆိုသည့် အကြောင်းပြချက်များအပြင် အခြားဒုစရိုက်မှုအကြောင်းပြချက်များဖြင့် ၂၀၁၃ ခုနှစ်နှင့် ၂၀၁၀ မတိုင်မီ နှစ်များက မြန်မာနိုင်ငံမှ မီဇိုရမ်ပြည်နယ်တွင်းရောက် ချင်းလူမျိုးများအား မောင်းထုတ်ခြင်း၊ ရွာလုံးကျွတ်မီးရှို့ခြင်းများရှိခဲ့သည့်အပြင် မြန်မာနို်င်ငံဖက်ခြမ်းမှာ မီဇိုရမ်ပြည်နယ်တွင်းသို့ အလုပ်သွားလုပ်ကိုင်သူများလည်း အနှိမ်ခံရသည့် အဖြစ်မျိုးရှိခဲ့သည်။
သို့သော် မြန်မာနို်င်ငံသည် ဒီမိုကရေစီအကူးအပြောင်းလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိလာချိန်တွင် မီဇိုရမ်ပြည်နယ်နှင့် ချင်းလူမျိုးကြား ပိုမိုကောင်းမွန်သည့်ဆက်ဆံရေးရှိလာခဲ့ပြီး ကုန်သွယ်ရေးဆိုင်ရာ ကူးလူးဆက်ဆံခြင်း၊ တစ်ဖက်နှင့်တစ်ဖက် လေ့လာရေးခရီးများပြုလုပ်ခြင်း၊ ပွဲတော်များအတူတကွကျင်းပခြင်းများပြုလုပ်ခြင်း အပြင် ချင်းပြည်နယ်အစိုးရအဖွဲ့ကိုယ်တိုင် မီဇိုရမ်ပြည်နယ်သို့ ချစ်ကြည်ရေးခရီးသွားရောက်လည်ပတ်ခြင်းများရှိလာခဲ့သည်။ ချင်းပြည်နယ်မှ ဒေသတွင်းမီဒီယာအဖွဲ့အစည်းများ စုစည်းထားသည့် ချင်းမီဒီယာကွန်ယက်အနေဖြင့်လည်း မီဇိုရမ်သို့သွားရောက်ကာ မီဇိုရမ်ဂျာနယ်လစ်အဖွဲ့အစည်းများနှင့် မီဒီယာလုပ်ငန်းဆိုင်ရာ ဖလှယ်မှုများဆောင်ရွက်ခဲ့ကြသည်။ ထို့ကြောင့် အစိုးရအချင်းချင်းကြား၊ အရပ်ဖက်လူမှုအဖွဲ့အစည်းအချင်းချင်းကြား နှင့် မီဒီယာအချင်းချင်းကြား ထိတွေ့ဆက်ဆံမှု အားကောင်းလာခဲ့သည်။
မီဇိုရမ်ပြည်နယ်အနေဖြင့် ၂၀၁၆၊ ၂၀၁၇ ကာလများအတွင်း ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသ၌ မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော်(AA) တို့အကြား စစ်ပွဲပြင်းထန်မှုကြောင့် မီဇိုရမ်ပြည်နယ်တွင်းသို့ ရောက်ရှိသည့် စစ်ဘေးရှောင်ထောင်ကဏန်းကိုလည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးအပ်ကာ ၄င်းတို့ဒေသအတွင်း ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ပေးခဲ့သည်။
မီဇိုရမ်ပြည်နယ်တွင်းသို့ မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက် ပြည်တွင်း ပဋိပက္ခကြီးထွားလာပြီးနောက် စစ်ဘေးရှောင်များ ပိုမိုများပြားလာသည့်အခြေအနေတွင် အစိုးရမှ ကူညီပံ့ပိုးမှု၊ ဘာသာရေးအဖွဲ့အစည်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများ၏ ကူညီထောက်ပံ့မှုများအား အဟန့်အတားမရှိဆောက်ရွက်ခွင့်များကို ပေးလာသော်လည်း ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် မြန်မာနို်င်ငံသားများအတွက် စည်းကမ်းချက်များ ထုတ်ပြန်ခဲ့သည်။
အဆိုပါစည်းကမ်းချက်များတွင် နို်င်ငံသားတောင်းခံ ခွင့်မပြုသည့်အပြင် လက်ရှိနေထိုင်ရာအရပ်ကို သက်ဆိုင်ရာသို့အကြောင်းကြားရမည့်အပြင် ကယ်ဆယ်ရေးစခန်းသို့ ဝင်ချင်လျှင်သော်လည်းကောင်း၊ ခရီးသွားလိုလျှင်သော်လည်ကောင်း၊ လက်ရှိနေထိုင်သည့် နေရာမှ ပြောင်းရွှေ့လိုလျှင်သော်လည်ကောင်း သက်ဆိုင်ရာ၏ ခွင့်ပြုချက်ရမှသာဆောင်ရွက်နိုင်ကြောင်း၊ စီးပွားရေးလုပ်ဆောင်မှုအတွက်လည်း ရပ်ကွက်၊ ဒေသဥပဒေများအပြင် အိန္ဒိယအစိုးရ၏ ဥပဒေကိုလိုက်နာရန် ထုတ်ပြန်ခဲ့သည်။
ထို့အပြင် စစ်ဘေးရှောင်များအနေဖြင့် ခရိုင်အုပ်ချုပ်ရေးနှင့် စစ်ဘေးရှောင်ကယ်ဆယ်ရေးအဖွဲ့တာဝန်ခံများ၏ ခွင့်ပြုချက်မပါပဲ မီဒီယာများနှင့် အင်တာဗျူးခွင့်ကိုလည်း ပိတ်ပင်လိုက်သည်။
လက်ရှိတွင် ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသအတွင်း စစ်ပွဲများမှာ ယခင်ကထက် ပိုမိုပြင်းထန်လာပြီး စစ်ဘေးရှောင်ရသည့် ပြည်တွင်းဒေသများတွင်ပါ စစ်ပွဲများထပ်မံကြုံတွေ့လာရခြင်းကြောင့် အိမ်နီးချင်း အိန္ဒိယနိုင်ငံဖက်သို့သာ ထွက်ပြေးတိမ်းရှောင်ရန် လမ်းကြောင်းရှိတော့သည်။ ချင်းပြည်နယ်အတွင်း၌လည်း ဒေသကာကွယ်ရေးတပ် (၂၄) ဖွဲ့အထိရှိနေပြီး စစ်ကောင်စီအား တော်လှန်ရန် အထူးကွန်မန်ဒိုသင်တန်းများကိုလည်း အပတ်စဉ်အလိုက် လေ့ကျင့်မှုများဆောက်ရွက်လျက်ရှိနေသည်။ စစ်ကောင်စီဖက်မှလည်း ပိုမိုပြင်းထန်သည့် ထိုးစစ်၊ များပြားလှသည့် စစ်အင်အားအပြင် လက်နက်ကြီး၊ တင့်ကားများ အပါအဝင် လေကြောင်းများပါအသုံးပြုတိုက်ခိုက်လာသည်။ ဒေသပထဝီိအနေအထားအရ ဒေသကာကွယ်ရေးတပ်များကို အမြစ်ဖြတ်ရန် မလွယ်သကဲ့သို့ အင်အားကြီးသည့် စစ်ကောင်စီတပ်ကိုလည်း အနိုင်တိုက်ရန် အင်အားမမျှမှုများကြောင့် တစ်ဖက်နှင့်တစ်ဖက် အနိုင်မရရှိသည့် တိုက်ပွဲမှာ ရှိနေအုံးမည်ဖြစ်သည်။
ယခုရက်ပိုင်းအတွင်း ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တွင် တိုက်ပွဲပြင်းထန်လျက်ရှိပြီး ဒေသခံ ၁ ထောင်ကျော်မှာ တောတွင်း၌တိမ်းရှောင်နေရသကဲ့သို့ ချင်းပြည်နယ်မြောက်ပိုင်း အိန္ဒိယနယ်စပ်မြို့ဖြစ်သည့် ရိခေါဒါရ်မြို့တွင် တိုက်ပွဲပြင်းထန်လျက်ရှိသည်။ ဖေဖော်ဝါရီလအတွင်း ရိခေါဒါလ်နယ်စပ်မြို့တွင် ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (CNDF) နှင့် စစ်ကောင်စီတပ်ဖွဲ့အကြား တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒုက္ခသည်ပေါင်း ၁ ထောင်နီးပါး အိန္ဒိယနိုင်ငံဖက်သို့ ထွက်ပြေးခဲ့ရပြီးဖြစ်သည်။ ယခုရက်ပိုင်းအတွင်း တိုက်ပွဲများကြောင့် အဆိုပါနယ်စပ်မြို့တွင် လူမရှိသလောက် ခြောက်ကပ်နေသည်။ ဒေသခံများ၏ ပြောဆိုချက်အရ အိန္ဒိယနှင့်ကုန်သွယ်ရေးနယ်စပ်မြို့မှ လူဦးရေ ၂၀၀၀ ကျော်အိန္ဒိယဖက်သို့ ထွက်ပြေးတိမ်းရှောင်နေရသည်။
တစ်ဖက်တွင် အိန္ဒိယအစိုးရသည် မြန်မာစစ်တပ်၏ အာဏာသိမ်းမှုနှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် ကာကွယ်ပြောဆိုမှုရှိနေသည့်အပြင် စစ်ကောင်စီနှင့်လည်း ပုံမှန်ဆက်ဆံရေးကို ဆောင်ရွက်နေသည့်အတွက် မြန်မာစစ်ဘေးရှောင်ဒုက္ခသည်များအရေးအတွက် ထည့်သွင်းစဉ်းစားရမည့်အချက်ဖြစ်လာသည်။ မြန်မာနိုင်ငံအနေဖြင့် အိန္ဒိယနိုင်ငံ၊ ဘူတန်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ထိုင်းနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့ ဖွဲ့စည်းထားသည့် BIMSTEC နှင့်စစ်ရေးဆိုင်ရာ ပူးတွဲဆောင်ရွက်မှုများတွင် ပါဝင်လျက်ရှိသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံရောက် မြန်မာနိုင်ငံသားများပါဝင်သည့် India for Myanmar အဖွဲ့မှ မြန်မာစစ်ကောင်စီအား အသိအမှတ်ပြုဖိတ်ကြာနေမှုများရပ်တန့်ရန်လည်း အိတ်ဖွင့်ပေးစာများပေးခဲ့သည်။
စစ်ကိုင်းတိုင်းနှင့် ချင်းပြည်နယ်တွင် ဒေသကာကွယ်ရေးတပ်များ၏ စစ်ရေးအရည်အသွေးများမြှင့်တင်လာမှု၊ လက်နက်ပိုမိုစုဆောင်းလာမှုများနှင့် စစ်ကောင်စီ၏ ပိုမိုပြင်းထန်သည့် လက်နက်ကြီးနှင့်လူအင်အားအများအပြားဖြင့် ထိုးစစ်ဆင်မှုကြားတွင် စစ်ဘေးရှောင်များမှာ ပိုမိုတိုးလာရန်သာရှိနေသည်။ ထွက်ပြေးတိမ်းရှောင်ပြီးဖြစ်သည့် စစ်ဘေးရှောင်ဒေသခံများအနေဖြင့်လည်း နေရပ်ပြန်နိုင်ရန် အခြေအနေမှာ ဆိုးရွားလျက်ရှိသည်။ နေအိမ်များမီးရှို့ခံရခြင်း၊ စိုက်ပျိုးရေးလုပ်ငန်းများပျက်စီးခြင်းကြုံရသကဲ့သို့ စစ်ကောင်စီ၏ ထိုးစစ်ဆင်မှုလည်း တောက်လျှောက်ရှိနေဆဲဖြစ်သည်။
ကိုယ်ဝန်ဆောင်မိခင်အဓမ္မပြုကျင့်ခံရမှုအပြင် အခြားလူ့အခွင့်အရေးချိုးဖောက်မှုများ၊ အသတ်ခံရခြင်းများစွာရှိနေဆဲဖြစ်သည့်အပြင် စစ်ဘေးရှောင်များ၏နေအိမ်များ၊ ပိုင်ဆိုင်မှုများကိုလည်း မီးရှို့ဖျက်စီးခံရသည်။ အကြောင်းအမျိုးမျိုးကြောင့် စစ်ဘေးတိမ်းရှောင်ခွင့်မရသူများသည် ၄င်းတို့နေရပ်တွင် ဘော်ဒါဆွဲခံရခြင်းများလည်းကြုံရသကဲ့သို့ ၂၀၂၁ ဒီဇင်ဘာလအထိ စစ်ကောင်စီ၏ သတ်ဖြတ်မှုခံရသူ ဒေသခံ ၁၆၈ ဦးရှိကြောင်း ချင်းအမျိုးသားကောင်စီ( Chin National Affair Coucil) ကထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် မီဇိုရမ်ပြည်နယ် သို့ရောက်ရှိသည့် စစ်ဘေးရှောင်များသည် မီဇိုရမ်ပြည်နယ်တွင်း ကာလကြာရှည် တိမ်းရှောင်ရမည့်အခြေအနေဖြစ်လာပြီး စစ်ဘေးရှောင်များအရေးနှင့်ပတ်သက်ပြီး ဗဟိုအစိုးရ၏ ထောက်ပံ့မှုမရှိသည့် ပြည်နယ်အစိုးရအနေဖြင့် ရေရှည်ကူညီစောင့်ရှောက်ရေးစီမံကိန်း အပေါ်မေးခွန်းထုတ်စရာလည်းဖြစ်လာနေသည်။