ကမ်းစပ်သို့ တရွှေ့ရွှေ့နှင့်ပြေးလွှားလာကြသော ရေလှိုင်းငယ်များထဲတွင် လှုပ်လီလှုပ်လဲပုံသဏ္ဍာန်မျိုးစုံဖြင့် ရွှေ့လျားလျက်ရှိနေသော ပလက်စတစ်အမှိုက်မျိုးစုံတို့ကို တွေ့ရသည်။ ရခိုင်ပြည်နယ်၏မြို့တော် စစ်တွေမြို့ရှိ အထင်ကရဆိပ်ကမ်းတစ်ခုဖြစ်သော ဆတ်ရိုးကျဆိပ်ကမ်းတွင် ထိုမြင်ကွင်းကို မြင်တွေ့ရသည်။
ထိုဆိပ်ကမ်းသို့ လူများမည်မျှလာရောက်သည်ကို အဆိုပါဆိပ်ကမ်းရှိ အမှိုက်ပုံကိုကြည့်လျှင်သိနိုင်သည်။ သို့သော် ဆတ်ရိုးကျချောင်းတစ်လျှောက်ရှိ စွန့်ပစ်အမှိုက်များကိုကြည့်မည်ဆိုပါက ယင်းချောင်းနှင့် ဆပ်စပ်နေသည့် ပြည်သူများ၏ သုံးစွဲသည့်အမှိုက်ကို သိနိုင်မည်ဖြစ်ပေသည်။
ဆတ်ရိုးကျချောင်းသည် ကုလားတန်မြစ်သို့ အနောက်ဘက်မှစီးဝင်ကာ မင်းဂံမြစ်သို့ တောင်ဘက်မှစီးဝင်၍ ရှစ်မိုင်ခန့်ရှည်လျားပြီး ဆိပ်ခံတားတံတားလည်းရှိသည့်အတွက် ယခင်က စစ်တွေမြို့၏ ကူးသန်းရောင်းဝယ်ရေး အလယ်ဗဟိုချက်မတစ်ခုဖြစ်ခဲ့ပေသည်။ လက်ရှိတွင်လည်း ထိုချောင်းတစ်လျှောက်၌ လူဦးရေတစ်ထောင်အထက် နေထိုင်နေကြပေသည်။
ထိုသို့ လူဦးရေများပြားစွာနေထိုင်လာသည်နှင့်အမျှ အဆိုပါချောင်း၏ ရေထုအရောင်မှာလည်း တဖြည်းဖြည်း ပြောင်းလဲလာပြီး နောက်ပိုင်းတွင် ညစ်ညမ်းသောရေထုအရောင်နှင့်အတူ လူတို့၏ စွန့်ပစ်ပစ္စည်းများမှာလည်း ချောင်းအတွင်းတွင် မင်းမူနေရာယူလာကြကြောင်း ဒေသခံများက ထောက်ပြပြောဆိုကြပေသည်။
“ကျွန်တော်တို့ ကလေးဘဝတုန်းကဆိုရင် ဒီချောင်းရေတွေဟာ ကြည်လင်ပြီး ဘာအမှိုက်သရိုက်မှ မရှိခဲ့ဘူး။ အခုများနဲ့တော့ အရမ်းကွာတာပေါ့”ဟု စစ်တွေမြို့ဒေသခံ ထွန်းအောင်စိန်ကပြောပြသည်။
ထိုမျှမက စစ်တွေမြို့ မြို့လည်ခေါင်တွင်တည်ရှိသော မြို့လည်ချောင်းမှာလည်း ယခင်က ကြီးကျယ်ခမ်းနားစွာ တည်ရှိခဲ့သမျှ ယခုအခါတွင် အမှိုက်သရိုက်ပေါင်းစုံဖြင့် မြောင်းငယ်သဖွယ်သာကျန်ရှိနေသည်မှာလည်း ထင်ရှားသည့် ပြယုဂ်တစ်ခုပင်ဖြစ်နေသည်။
ရခိုင်ပြည်နယ်သည် ပင်လယ်ကမ်းရိုတန်းဒေသတစ်ခုဖြစ်ပြီး နတ်မြစ်၊ မယူမြစ်၊ လေးမြို့မြစ်နှင့် ကုလားတန်မြစ်တို့မှာ ပြည်နယ်အတွင်းတွင် ပတ်ခွေစီးဆင်းလျှက်ရှိနေကြပေသည်။ အဆိုပါမြစ်အသီးသီးမှ မြစ်လက်တက်ငယ်၊ ချောင်းလက်တက်ငယ်များမှာလည်း မြို့ရွာများအကြားတွင် ဖြတ်သန်းစီးဆင်းလျှက် ရှိနေပေသည်။
ယင်းအနက်မှ ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစု၏ လှေဆိပ်များနှင့် မြို့လယ်ရှိရေမြောင်းများတွင်လည်း စွန့်ပစ်အမှိုက်များမှာ မင်းမူနေသည်ကို တွေ့ကြရပေလိမ့်မည်။ မြို့လည်ခေါင်ရှိ စီးဆင်းနေသော ရေမြောင်းများနှင့် ချောင်းငယ်များတွင် စွန့်ပစ်အမှိုက်များသည် လူးလာခေါက်တုံ မျောပါနေသည်ကိုလည်း စိတ်မချမ်းမြေ့ဖွယ်ရာ မြင်တွေ့နေရပေသည်။
စည်းစနစ်ကျသည့် အမှိုက်သိမ်းဆည်းမှုစနစ်မရှိခြင်း၊ အမှိုက်စွန့်ပစ်မှုနှင့်ပတ်သက်၍ အသိပညာအားနည်းခြင်း တို့ကြောင့် အမှိုက်များကို နီးစပ်ရာမြစ်ချောင်းများသို့ လွယ်လင့်တကူ စွန့်ပစ်နေကြသည်ကိုလည်း တွေ့မြင်နေရပေသည်။ ထိုမျှမကသေး အချို့မြို့တွင် အမှိုက်ကို ချောင်းအတွင်းသို့မပစ်ရဟူသော ဗီနိုင်းကပ်မည့်အစား “အမှိုက်နှင့် စားဖတ်သောက်ဖတ်များကို ချောင်းအလည်သို့စွန့်ပစ်ရန်”ဟူသော ဗီနိုင်းများကို ရပ်ကွက်အုပ်ချုပ်ရေးမှူးမှ သတိပေးကပ်ထားသည်ကိုလည်း တွေ့မြင်ကြရပေသည်။
“ကျွန်တော်တို့မြို့မှာ အမှိုက်ကို စနစ်တကျစွန့်ပစ်မယ့်နေရာကတော့ မရှိသလောက်ပါပဲ။ ရှိတယ်လို့တောင် မကြားမိပါဘူး။ စည်ပင်နဲ့ အခြားအဖွဲ့အစည်းတွေကနေပြီး အမှိုက်ကိုစနစ်တကျပစ်ဖို့ ပညာပေးတာတွေလည်း မတွေ့ဖူးပါဘူး”ဟု ပေါက်တောလူထုစင်တာမှ အမှုဆောင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုကောင်းမြတ်ကဆိုသည်။
ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံတွင် ဒုတိယအဆင်းရဲဆုံးပြည်နယ်တစ်ခုဖြစ်သည့်အားလျှော်စွာ ရခိုင်ပြည်နယ်တွင်းရှိ မြို့နယ်အများစုမှာ ကောင်းမွန်သည့်အမှိုက်သိမ်းစနစ်ကို မဖော်ဆောင်နိုင်ကြသေးပေ။ ထိုသို့ကောင်းမွန်သည့်အမှိုက်သိမ်းစနစ် မဖော်ဆောင်နိုင်သည်နှင့်အမျှ ပြည်သူများမှာလည်း အမှိုက်ကို အဆင်ပြေရာသို့စွန့်ပစ်လာကြပြီး မြစ်ချောင်းများတွင် အမှိုက်ထုများမှာ တစ်နေ့ထက်တစ်နေ့ တိုးလာနေပေသည်။
“လက်ရှိချောင်းတွေမြစ်တွေမှာ အမှိုက်တွေတော်တော်လေးကို စုပြုံလာတာကိုတွေ့ရတယ်။ ပုဏ္ဏားကျွန်း တစ်ခုတည်းမဟုတ်ပဲ ကျန်တဲ့မြို့တွေမှာရောပဲပေါ့။ အမှိုက်ကိုစနစ်တကျစွန့်ပစ်မယ့်ကဏ္ဍကို မလုပ်ဆောင်နိုင်ရင် ရေရှည်မှာ သဘာဝသယံဇာတတွေ အများကြီးပျက်စီးဆုံးရှုံးသွားနိုင်ချေရှိနေတယ်”ဟု ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်းမှ အတွင်းရေးမှူး(၂)ဖြစ်သူ ကိုဦးလွင်မြင့်ကဆိုသည်။
လက်ရှိရခိုင်ပြည်နယ်တွင် ပလက်စတစ်အမှိုက်များကိုမြေပေါ်ပုံကာ မီးရှို့သည့်နည်းလမ်းဖြင့် ဖြေရှင်းလျှက် ရှိကြပေသည်။ ယင်းအပြင် အချို့အမှိုက်များကို နီးစပ်ရာမြစ်ချောင်းများသို့ စွန့်ပစ်ခြင်းများ လုပ်ဆောင်နေကြပေသည်။ အမှိုက်များကို မြေပေါ်စုပြုံထားခြင်းကြောင့် မြေဆီလွှာပျက်စီးခြင်း၊ အနံ့အသက်ဆိုးများထွက်ပေါ်ခြင်း၊ အမှိုက်ပုံနေရာပိုကျယ်ပြန့်လာခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ သွေးလွန်တုပ်ကွေးရောဂါများဖြစ်ပွားခြင်းနှင့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများဖြစ်ပွားခြင်းတို့ ဖြစ်နိုင်ကြောင်း သန့်မြန်မာအဖွဲ့အစည်းမှ သတိပေးထားသည်။
ယင်းအပြင် အမှိုက်များကိုမီးရှို့ဖျက်ဆီးခြင်းတို့ကြောင့် လေထုညစ်ညမ်းခြင်း၊ အိုဇုန်းလွှာပေါက်ပြဲခြင်း၊ ရာသီဥတုပြောင်းလဲခြင်း၊ အက်ဆစ်မိုးများရွာသွန်းခြင်းနှင့် အဆုတ်ကင်ဆာ၊ ခေါင်းကိုက်ခြင်း၊ အသက်ရှူကြပ်ရောဂါများဖြစ်ပွားနိုင်ကြောင်း ကျွမ်းကျင်သူများကဆိုသည်။
ထို့အပြင် အမှိုက်များကို ရေထဲသို့စွန့်ပစ်မှုများကြောင့်လည်း ရေထုညစ်ညမ်းခြင်း၊ ရေနေသတ္တဝါများပျက်စီးကာ မျိုးပွားမှုနှုန်းကျဆင်းခြင်း၊ ပင်လယ်စာရှားပါးခြင်း၊ ရေလုပ်ငန်းများထိခိုက်လာကာ အဆိုပါအမှိုက်များကို လူသားများပြန်လည်စားသောက်သည်အထိ ဖြစ်ပွားနိုင်သည့်အပြင် ထိုသို့စားသုံးသည်နှင့်တစ်ပြိုင်နက် ဘက်တီးရီးယားပိုးများကြောင့် အစာအိမ်နှင့် ကျောက်ကပ်ရောဂါများဖြစ်ပွားနိုင်ကြောင်းကိုလည်း သန့်မြန်မာမှ သတိပေးထုတ်ပြန်ထားသည်။
အမှိုက်ဟုဆိုရာတွင်လည်း အမှိုက်အမျိုးအစားများစွာ ရှိသေးသည်။ မီးဖိုချောင်ထွက်အမှိုက်မှစ၍ ဆေးရုံဆေးခန်းသုံး စွန့်ပစ်ပစ္စည်းများအထိ လူတို့စွန့်ပစ်သော စွန့်ပစ်အမှိုက်(၈)မျိုးအထိရှိနေပေသည်။ ထိုကဲ့သို့သော စွန့်ပစ်အမှိုက်များထဲတွင် ပလက်စတစ်အမှိုက်များမှာ ၇၀ ရာခိုင်နှုန်းအထက်ပါဝင်နေပေသည်။
လူသားတို့သည် ယခင်က ဖက်ရွက်၊ အင်ရွက်၊ မြေအိုး အစရှိသည့်လက်လုပ်ပစ္စည်းများကို အသုံးပြုခဲ့ကြ သော်လည်း ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပလက်စတစ်ပ္စည်းမျိုးစုံတို့ကို ယခင်လက်လုပ် ပစ္စည်းများ၏နေရာတွင် အစားထိုးသုံးစွဲလာကြခဲ့ကြပေသည်။ လက်လုပ်ပစ္စည်းများထက် ကြာရှည်ခံခြင်း၊ ပေါ့ပါးကာ သယ်ယူရလွယ်ခြင်းနှင့် စျေးနှုန်းထားသက်သာခြင်းတို့ကြောင့် လက်လုပ်ပစ္စည်းတို့ထက် ပလက်စတစ်ပစ္စည်းများကို ပိုမိုသုံးစွဲလာကြပေသည်။
ပလတ်စတစ်ပစ္စည်းများကို ကျောက်မီးသွေး၊ လေနှင့် ရေတို့မှ ပြုလုပ်ရရှိသည်ဟုဆိုကြသော်လည်း ယင်းပစ္စည်းတို့ကိုရောစပ်၍ ပလက်စတစ်မရရှိနိုင်ပေ။ ထိုပစ္စည်းများကို ကြားခံပစ္စည်းအမျိုးမျိုးတို့ဖြင့် ဓာတုဗေဒ နည်းအမျိုးမျိုးဖြင့်ပြုလုပ်ပြီးမှသာလျှင် ပလတ်စတစ်ကိုရရှိနိုင်ပေသည်။ ထိုသို့ပြုလုပ်ရာတွင် ကျောက်မီးသွေး၊ ရေ၊ လေ၊ ထုံးကျောက်နှင့် ဆားတို့ကို ကြားပစ္စည်းပြုလုပ်ရန်အတွက် အများအပြားအသုံးပြုကြရပေသည်။
သို့သော် လက်ရှိ ခေတ်မှီပလတ်စတစ်လုပ်ငန်းသည် အဓိကအားဖြင့် ဩဂဲနစ်ဒြပ်ပေါင်းတို့မှ ပုံသွင်းနိုင်သော ပစ္စည်းများကို ထုတ်လုပ်လာကြပေသည်။ ဟိုက်ဒရိုဂျင်၊ အောက်စီဂျင်၊ နိုက်ထရိုဂျင်နှင့် အခြားဒြပ်စင်စသော ဒြပ်ပေါင်းများကို ကာဗွန်ဓာတ်ပေါင်းစပ်ကာ ထုတ်လုပ်လာကြပေသည်။ လက်ရှိကမ္ဘာပေါ်တွင် ဓာတ်ကော်စေး ပလတ်စတစ်၊ သဘာဝကော်စေးပလတ်စတစ်၊ ဆဲလျူလို့ပလတ်စတစ်နှင့် ပရိုတင်းပလတ်စတစ်ဟူ၍ ထုတ်လုပ်နေသည့် သြဂဲနစ်ဒြပ်ပေါင်း ပလက်စတစ်ဟူ၍ လေးမျိုးရှိပေသည်။
ထိုလေးမျိုးကိုရရှိနိုင်ရန်အတွက် ဖီနော၊ ယူရီယာ၊ ဖော်မယ်ဒီဟိုက်၊ ဂလစ်ဆရို၊ သဲလစ်အန်ဟိုက်ဒရိုတ်၊ အဆက်တီလင်၊ ရေနံစိမ်း၊ ချိပ်ဆေး၊ ထင်းရှူးစေး၊ ကတ္တရာတို့နှင့် အခြားသော သြဂဲနစ်ပစ္စည်းများကို အသုံးပြု၍ ဖန်တီးကြရပေသည်။
ထိုသို့ လူတို့ဖန်တီးထားသောပလက်စတစ်များသည် ကမ္ဘာပေါ်တွင်လည်း တဖြည်းဖြည်းစုပြုံလာနေပြီး ပလက်စတစ်လျှော့ချရေးလုပ်ငန်းစဉ်များကို အပူတပြင်းကြိုးစားလာနေကြပြီဖြစ်သည်။ လေ့လာမှုများအရ နှစ်စဉ်နှစ်တိုင်း မြေထုတွင်ပလက်စတစ် မက်ထရစ်တန်ချိန်သန်း ၃၀ ခန့်၊ မက်ထရစ်တန်သန်း ၅၀ နီးပါး လောင်ကျွမ်းသွားပြီး အခြား ၁၁ သန်းသည် သမုဒ္ဒရာအတွင်းသို့ရောက်ရှိနေကြောင်းနှင့် ၂၀၄၀ ပြည့်နှစ်တွင် ထိုကိန်းဂဏန်းများသည် ၇၇ သန်း၊ ၁၃၃ သန်းနှင့် ၂၉ သန်းအထိရှိနိုင်ကြောင်း ပညာရှင်များက သုံးသပ်ပြောဆို ထားကြသည်။ ထို့အပြင် လာမည့် ၂၀၅၀ ခုနှစ်တွင် သမုဒ္ဒရာထဲ၌ ငါးထက် ပလက်စတစ်က ပိုများလာနိုင်ကြောင်း ပညာရှင်များကခန့်မှန်းပြောဆိုထားကြသည်။
ကမ္ဘာကြီးတွင် ပလတ်စတစ်အသုံးပြုမှုတိုးတက်လာသည်နှင့်အညီ အသုံးပြုပြီးစွန့်ပစ်လိုက်သော ပလက်စတစ် အမှိုက်များသည် နည်းလမ်းအမျိုးမျိုးဖြင့် မြစ်၊ချောင်း၊ အင်းအိုင်များမှတစ်ဆင့် သမုဒ္ဒရာအတွင်းသို့ ရောက်ရှိသွားကြသည်။ ကမ္ဘာအနှံ့ရှိ ရေနှင့် ရေအောက်ကြမ်းပြင်ရှိ အနည်အနှစ်များကို လေ့လာချက်များအရ မိုက်ခရိုပလက်စတစ်(ပလက်စတစ်အမှုန်)များသည် ရေချိုနှင့်ရေငံသတ္တဝါလောကတွင်သာမက မြေကြီးများတွင်ပါ နေရာအနှံ့ပျံ့နှံ့နေသည်ကိုတွေ့ရှိရကြောင်း လေ့လာချက်များအရသိရသည်။
ယနေ့ခေတ်တွင် ပလတ်စတစ်ထုတ်ကုန်များသည် မရှိမဖြစ်အရေးပါလာသော်လည်း လူသားများအနေဖြင့် ပလတ်စတစ်ထုတ်ကုန်များ၏ နောက်ဆက်တွဲအကျိုးဆက်များဖြစ်သော မိုက်ခရိုပလက်စတစ်ကြောင့် ဖြစ်ပေါ်လာသည့်ပတ်ဝန်းကျင်ကို ထိခိုက်မှုများကိုလည်း ထည့်သွင်းစဉ်းစားသင့်ပေသည်။
ပလက်စတစ်ထုတ်ကုန်များသည် အချိန်ကြာလာသောအခါ သဘာဝ၏တိုက်စားချေဖျက်မှုများကြောင့် သေးငယ်သောအမှုန်များအဖြစ်သို့ ပြောင်းလဲသွားပြီး မိုက်ခရိုပလတ်စတစ်များဖြစ်လာကြသည်။ ထိုမိုက်ခရိုပလတ်စတစ်များသည် အရွယ်အစားအားဖြင့် 5mm ထက်သေးငယ်လေ့ရှိပြီး အချို့သော မိုက်ခရိုပလတ်စတစ်များသည် သေးငယ်သောအမှုန်များအဖြစ် သဘာဝပတ်ဝန်းကျင်ကို တိုက်ရိုက်ရောက်ရှိ သွားတတ်ပေသည်။
ယေဘုယျအားဖြင့်ဆိုသော် တစ်ကိုယ်ရေသုံးပစ္စည်းများနှင့် အလှကုန်ပစ္စည်းများတွင် မိုက်ခရိုပလတ်စတစ်များ ပါဝင်နေပြီး ကားမောင်းနေစဉ် ကားတာယာဘီးများမှထွက်လာသော အမှုန်များ၊ အဝတ်လျှော်စဉ် အဝတ်မှထွက်လာသော အမှုန်များသည်လည်း မိုက်ခရိုပလတ်စတစ်ဖြစ်ပေါ်လာစေသည့် အခြားသော အကြောင်းရင်းများဖြစ်ကြောင်း ပညာရှင်အချို့ကဆိုကြသည်။
သမုဒ္ဒရာထဲရှိ ပလက်စတစ်အမှုများ(Microplastics )၏ ၃၅ ရာခိုင်နှုန်းသည် ဓါတုဓါတ်ပေါင်းများတွင်ပါဝင်သော ပိတ်စများဖြင့်ချုပ်လုပ်ထားသော အဝတ်အစားများကို လျှော်ဖွတ်ခြင်းကြောင့်ဖြစ်ကြောင်း Microplastics အကြောင်းလေ့လာနေသည့် ကျွမ်းကျင်ပညာရှင်များကဆိုသည်။
မြန်မာနိုင်ငံရှိ ကမ်းရိုးတန်းများတွင် ရခိုင်ကမ်းရိုးတန်းဒေသပင်လယ်ရေထဲ၌ ပလတ်စတစ်အမှုန့် (Microplastics)ပါဝင်မှု ပိုမိုများပြားလာသည့်အပေါ် သတိပြုကြရန်လိုအပ်နေပြီဖြစ်ကြောင်း ပညာရှင်များက သုံးသပ်ပြောဆိုထားကြသည်။ ၂၀၁၈ ခုနှစ်က မြန်မာနိုင်ငံကမ်းရိုးတန်းဒေသကို လာရောက်သုတေသန ပြုခဲ့သည့် နော်ဝေးနိုင်ငံမှ ဒေါက်တာ Fridtjof Nansen အဖွဲ့၏စစ်တမ်းအရ ရခိုင်ကမ်းရိုးတန်းဒေသတွင် ပလတ်စတစ်အမှုန့်ပါဝင်မှု ပိုမိုများပြားနေကြောင်းသိရှိခဲ့ကြခြင်းလည်းဖြစ်သည်။
မြန်မာ့ကမ်းရိုးတန်းဒေသတွင် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် တစ်စတုရန်းကီလိုမီတာတွင် Micro Plastic အမှုန့်ပါဝင်မှု ၂၈၀၀၀ ခန့်အထိရှိနေပြီဖြစ်ကြောင်းလည်း သုတေသရလဒ်များအရ သိရသည်။ ထို့အပြင် ရခိုင်ကမ်းရိုးတန်းဒေသသည် ဘင်္ဂလားပင်လယ်အော်နှင့်ဆပ်စပ်နေပြီး ဘင်္ဂလားပင်လယ်အော်သည် ဘင်္ဂလားဒေ့ရှ့်၊ အိန္ဒိယအစရှိသော လူဦးရေထူထပ်လှသည့်နိုင်ငံများနှင့် ထိစပ်နေသည့်အတွက် ယင်းနိုင်ငံများမှစွန့်ပစ်သော ပလက်စတစ်များသည်လည်း ပင်လယ်ရေစီးကြောင်းတွင် စီးဝင်လျှက်ရှိသည့် အတွက် ယခုကဲ့သို့ အခြားကမ်းရိုးတန်းဒေသများထက် MicroPlastic ပိုမိုများပြားရခြင်းဖြစ်ကြောင်း ပညာရှင်များကဆိုသည်။
ယင်းအပြင် ရခိုင်ပြည်၏ပလက်စတစ်သုံးစွဲမှုမြင့်မားခြင်း၊ ဒေသခံများမှ ပင်လယ်အတွင်းအမှိုက်စွန့်ပစ်မှု၊ ငါးဖမ်းသင်္ဘေင်္ာများမှ ပင်လယ်အတွင်းအမှိုက်စွန့်ပစ်မှုများကြောင့် ရခိုင်ကမ်းရိုးတန်းရေပြင်တွင် Microplastics ပါဝင်မှုများပြားလာနေခြင်းဖြစ်နိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
“ပင်လယ်ရေအောက်ထဲက အပင်ငယ်လေးတွေကို ငါးနဲ့ပုစွန်တွေက စားကြတယ်။ အဲဒီအပင်ငယ်လေးတွေမှာ Micro Plastic တွေရှိနေတာမို့ အစာကွင်းဆက်အရ ဒီငါးပုစွန်တွေကို လူတွေဘယ်လောက်အထိ စားသုံးပြီးပြီလည်းဆိုတာ သတိထားဖို့လိုတယ်”ဟု သားငှက်ထိန်းသိမ်းရေးအဖွဲ့(WCS- မြန်မာနိုင်ငံအစီအစဉ်) Marine Conservation Manager (Wildlife Conservation Society–WCS)မှ ဒေါက်တာသောင်းထွဋ်က ပြောသည်။
အမေရိကန်၊ တက္ကဆက်ပြည်နယ်၊ ဟူစတန်မြို့ ရိုက်စ်တက္ကသိုလ်ကပြုလုပ်ခဲ့သော သုတေသနရလာဒ်အရ မိုက်ခရို Micro Plastic ဟုခေါ်သည့် ပလက်စတစ်အမှုန်များ ကိုယ်ခန္ဓာထဲတွင် တဖြည်းဖြည်းများလာပါက ရောဂါပိုးကိုတိုက်ဖျက်သည့် ပဋိဇီဝဆေးဖြစ်သည့် ပိုးသတ်ဆေးများမှာ အစွမ်းမပြနိုင်တော့ကြောင်း သိရသည်။
ထို့အပြင် ပိုလီစတိုင်ရင်းဟုခေါ်သော ပလက်စတစ်များက လူသားများ၏ အစာချေလမ်းကြောင်းမှတစ်ဆင့် သွေးကြောများဆီသို့ဝင်ရောက်ခြင်းဖြစ်ပြီး Micro Plastic ခန္ဓာကိုယ်ထဲတွင်အများအပြားရှိသူမှ ရောဂါပိုး ကူးစက်ခံရသည့်အခါ ရောဂါပိုးများက ပလက်စတစ်အမှုန်များအားအကာအကွယ်ယူပြီး ပိုးသတ်ဆေးများကို ပုန်းရှောင်နေနိုင်သည့်အတွက် ပိုသတ်ဆေးမတိုးနိုင်ခြင်းဖြစ်သည်။
ပိုးသတ်ဆေးများမှာ ၂၀ ရာစုအစပိုင်းမှစပြီး ယခုချိန်အထိ အဓိကကျသည့်ဆေးဝါးကုသနည်း တစ်ခုဖြစ်သည့်အတွက် ဆေးမတိုးတော့သည့်အချိန်တွင် နာမကျန်းဖြစ်သည့်အခါ ရောဂါပြင်းထန်မှုနှင့် အချိန်ကာလအားဖြင့် ရှည်ကြာမှုများဖြစ်နိုင်ကြောင်း ပညာရှင်အချို့က သုံးသပ်ထားကြသည်။
လက်ရှိတွင် လူဦးသည် တစ်ပတ်လျှင် ပလက်စတစ်အမှုန်ပေါင်း ၇၀၀၀ ခန့်ကိုစားသုံးနေကြရကြောင်း WWF အဖွဲ့၏ စစ်တမ်းများအရသိရသည်။ ထို့အပြင် သန္ဓေသားလောင်းများအနေဖြင့်ကား ပုံမှန်ထက် ၁၅ ဆခန့်ကို ပိုမိုစားသုံးနေကြရကြောင်း အဆိုပါထုတ်ပြန်ချက်အရသိရသည်။
လူအများစု၏ ရေစီးနှင့်အတူမျောပါသွားပေလိမ့်မည်ဟူသော ယူဆချက်ဖြင့် စွန့်ပစ်လိုက်ကြသော အမှိုက်များ/ ပလက်စတစ်များသည် ယခုအခါ သေးငယ်သောအမှုန်အစဖြင့် လူများဆီသို့ ပြန်လည်ရောက်ရှိလာနေပြီ ဖြစ်သည့်အတွက် မြစ်ချောင်းများအတွင်း အမှိုက်စွန့်ပစ်မှုကို ရပ်တန့်ရန်လိုအပ်နေပြီဖြစ်ပေသည်။
“ကိုယ့်ပြည်ကိုယ့်ရွာကို ကိုယ်တိုင်ဂရုစိုက်ထိမ်းသိမ်းမှရမယ်၊ ကိုယ်တိုင်မထိမ်းသိမ်းရင်မရဘူးဆိုတဲ့အမြင်မျိုး အတွေးအခေါ်မျိုးရှိလာအောင် အသိပညာပေးတာတွေလုပ်ပေးလို့လိုတယ်လို့ပဲပြောချင်ပါတယ်”ဟု စစ်တွေမြို့ မြို့မိမြို့ဖတစ်ဦးဖြစ်သူ ဦးမောင်သာစိန်ဆိုသည်။
မည်သို့ပင်ဆိုစေကာမူ ဆတ်ရိုးကျချောင်းနှင့် ရခိုင်မြစ်ချောင်းများတွင် စုံဆန်မျောပါကူးလူးနေသည့် အမှိုက်ပေါင်းစုံတို့သည် တစ်ချိန်ချိန်တွင် ရခိုင်ပြည်သူတို့၏အစာအဖြစ် ပြန်လည်ရောက်ရှိလာရန်မှာလည်း တာစူနေပြီဖြစ်သည်။
သီဟရေးသားသည်