“စစ်ပွဲသာမဖြစ်ခဲ့ဘူးဆိုရင် ကျွန်မတို့ဘဝက အခုလို အစားဆင်းရဲ၊ အနေဆင်းရဲနဲ့ ဒုက္ခအဖုံဖုံကြုံရမှာ မဟုတ်ဘူး”ဟု အသက် ၃၆ နှစ်အရွယ် ဒေါ်သန်းသန်းနွယ်က စစ်ပွဲ၏သားကောင်ဖြစ်ခဲ့ရသည့်ဘဝကို ညည်းတွားလိုက်လေသည်။
သားသမီးခုနှစ်ဦး၏မိခင် ဒေါ်သန်းသန်းနွယ်သည် ရသေ့တောင်မြို့နယ်အထက်ပိုင်း မယူမြစ် အရှေ့ဖက်ခြမ်းတွင်ရှိသော သောင်းဒရားကျေးရွာမှဖြစ်သည်။ လက်ရှိတွင် ဒေါ်သန်းသန်းနွယ်မှာ စစ်တွေမြို့ပေါ်၌ စစ်ဘေးရှောင်အဖြစ်ခိုလှုံ၍ မိသားစုဝမ်းရေးအတွက် တောင်းရမ်းနေသည်။
ရခိုင်ပြည်နယ်အတွင်း ပြင်းထန်ခဲ့သော စစ်ရေးပဋိပက္ခကြောင့် ၂၀၂၀ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဒေါ်သန်းသန်းနွယ်တို့မိသားစုမှာ မိမိတို့ကျေးရွာကိုစွန့်ခွာ၍ ရသေ့တောင်မြို့ပေါ်သို့ ရောက်ရှိလာခဲ့သည်။ သို့သော် မြို့ပေါ်ရှိ (၅၃၉)တပ်ရင်းမှ လက်နက်ကြီးပစ်ခတ်သံများကြောင့် ရသေ့တောင်မြို့ကိုလည်း စွန့်ခွာခဲ့ပြန်သည်။
စစ်ဘေးရှောင်ရင်း စစ်တွေမြို့ပေါ်သို့ရောက်ရှိလာသော ဒေါ်သန်းသန်းနွယ်တို့မိသားစုမှာ မြို့ပေါ်ရှိ ဘုန်းတော်ကြီးကျောင်း၌ဖွင့်လှစ်ထားသော စစ်ဘေးရှောင်စခန်းတွင် ခိုလှုံနေထိုင်ခဲ့သော်လည်း အဆင်မပြေခဲ့ပေ။
“စစ်ဘေးရှောင်အချင်းချင်းမှာတောင် အနှိမ်ခံရတာမျိုးလည်းရှိတယ်။ ရိက္ခာတစ်ကြိမ်ထောက်ပံ့လာရင်လည်း အပြည့်မရဘူး။ ဒါကြောင့် စခန်းမှာဆက်နေဖို့အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး ထွက်လာခဲ့တာ”ဟု ဒေါ်သန်းသန်းနွယ်ကဆိုသည်။
ထိုအခြေအနေများကြောင့် ဒေါ်သန်းသန်းနွယ်တို့မိသားစုမှာ စစ်ဘေးရှောင်စခန်းမှထွက်ကာ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်တွင် အိမ်ငှား၍နေထိုင်ခဲ့ပြန်သည်။ ဒေါ်သန်းသန်းနွယ်တို့မိသားစုမှာ စစ်ရေးမှ လွတ်အောင်ရှောင်နိုင်ခဲ့သော်လည်း ဝမ်းရေးမှာ ခက်လျက်ရှိကြသည်။
စစ်တွေမြို့ပေါ်၌ ခင်ပွန်းဖြစ်သူဦးဝင်းချေမှ ဆိုက္ကားနင်း၍ရရှိသောဝင်ငွေအပေါ် မိသားစုမှီခို၍ စားသောက်ခဲ့သည်။ ပုံမှန်ဝင်ငွေမရှိသော ဆိုက္ကားနင်းသည့်အလုပ်မှာ မိသားစုစားဝတ်နေရေးအတွက် အဆင်မပြေဖြစ်ကာ “ဒီမှာဆွေးမျိုးလည်းမရှိတော့ မနက်စာတစ်ထပ်စားပြီး အိပ်ခဲ့ရတဲ့နေ့တွေကများတယ်”ဟု ဒေါ်သန်းသန်းနွယ်က ပြောပြသည်။
နောက်ထပ် နှစ်ထပ်ကွင်းကံဆိုးခဲ့သည်မှာ ဦးဝင်းချေ၏ခန္ဓာကိုယ်၌စွဲကပ်လာသော တီဗွီရောဂါပင်ဖြစ်သည်။ မိသားစုစားဝတ်နေရေး ဒေါ်သန်းသန်းနွယ်အပေါ် ပုံကျလာခြင်းနှင့်အတူ ငါးလသားအရွယ်ကိုယ်ဝန်ကိုလဲ လွယ်ထားရပြန်သည်။ (ယခုအခါ အဆိုပါကလေးမွေးဖွားပြီး၍ ရှစ်လသားအရွယ်ရှိပြီဖြစ်သည်။)
လင်ယောကျင်္ားကို ဆေးကုသပေးမည်လော၊ သားသမီးများကို ကျွေးမွေးစောင့်ရှောက် ပညာသင်ပေးမည်လော၊ အိမ်ငှားစရိတ်ပေးမည်လော စသည့်အထုတ်အပိုးများကိုထွေးပိုက်ရင်း ဒေါ်သန်းသန်းနွယ်ဆုံးဖြတ်ခဲ့သည်မှာ လမ်းပေါ်ထွက် တောင်းရမ်းရန်ပင်ဖြစ်သည်။
“ကျွန်မလည်း ကြည့်မမြင်တော့ဘူး။ ကျွန်မတစ်ခါမှလည်း ဒီလိုမလုပ်ဖူးဘူး။ ကလေးတွေ နှစ်ရက်လောက် ထမင်းငတ်ပြီးပြီ။ ကြည့်မမြင်တဲ့အခါ ထွက်လို့တောင်းခဲ့တယ်။ မတောင်းရဲ့ဘူး။ ကလေးတွေငတ်တာကို မကြည့်ရဲလို့လုပ်ခဲ့တာ”ဟု ဒေါ်သန်းသန်းနွယ်ကဆိုသည်။
ထိုသို့တောင်းရမ်းရာတွင် “တစ်ချို့လူတွေကပြောကြတယ်။ ကိုလက်အစုံရှိရဲ့သားနဲ့ မလုပ်မကိုင်ဘဲ တောင်းစားနေတယ်လို့ပြောကြတယ်။ တချို့ကလည်း သနားလို့ပေးကြတယ်။ အခက်အခဲကို ဘယ်သူမှမသိကြဘူး။ ပြောရင်လည်းပြောကြပါစေ မငတ်ဖို့ဘဲလိုတယ်။ အခက်အခဲကို ဘယ်သူမှ သိကြတာမဟုတ်ဘူးဆိုတဲ့စိတ်နဲ့ ဖြေသိမ့်ခဲ့တယ်”ဟု ဒေါ်သန်းသန်းနွယ်က ပြောပြသည်။
စက်ရုံရပ်ကွက်၌အိမ်ငှားနေထိုင်သည်ဆိုသော်လည်း အိမ်လခပုံမှန်မပေးနိုင်ဘဲ အိမ်ပိုင်ရှင်မှ စာနာသနား၍ နေထိုင်ခွင့်ပြုခဲ့ခြင်းသာဖြစ်သည်။ ထိုနေရာတွင် တစ်နှစ်ကျော်ခန့်နေထိုင်ခဲ့ပြီးနောက် ဒေါ်သန်းသန်းနွယ်တို့ မိသားစု ငှားထားသည့်အိမ်ပေါ်မှ ဆင်းပေးခဲ့ရသည်။ နောက်ထပ်နေထိုင်ရန်နေရာတစ်ခုအဖြစ် စစ်တွေမြို့ အာဂျိတ်တော်ကုန်းအနီးမှ ကျူးကျော်မြေနေရာသို့ ပြောင်းရွှေ့ခဲ့ကြသည်။
ခြိုးခြံချွေတာ၍ စုဆောင်းထားသောငွေဖြင့် တည်ဆောက်ခဲ့သော အာဂျိတ်တော်ကုန်းအနီးမှ ဒေါ်သန်းသန်းနွယ်တို့ မိသားစုနေအိမ်မှာ ယခု ၂၀၂၂ ခုနှစ် မတ်လ ၁၀ ရက်နေ့က ပျောက်ဆုံးသွားခဲ့ ပြန်သည်။ ပြည်နယ်စစ်ကောင်စီမှ ကျူးကျော်နေအိမ်များဖယ်ရှားရေးအစီအစဉ်တွင် ဒေါ်သန်းသန်းနွယ်တို့ နေအိမ်ပါသွားခဲ့ခြင်းဖြစ်သည်။
“ကျွန်မတို့ဘယ်မှာ သွားနေရမှာလဲ။ ဘာလုပ်လို့ ဘာကိုင်ရမှာလဲ မသိတော့ဘူး။ စဉ်းစားမရ၊ ဆုံးဖြတ်လို့လဲ မရတော့ဘူး။ ခေါင်းထဲမှာ အားလုံးမှုန်ဝါးဝါးဖြစ်နေတယ်”ဟု ဒေါ်သန်းသန်းနွယ်ကဆိုသည်။
တီဗီရောဂါစွဲကပ်နေသော ဦးဝင်းချေကို စစ်တွေမြို့၊ အေးငြိမ်းဆေးခန်းပိုင်ရှင်မိသားစုမှ ကူညီပေးမှုကြောင့် လက်ရှိမှာ ကျန်းမာရေးကောင်းမွန်လာနေပြီဖြစ်သည်။ သို့သော် လုံးဝပျောက်ကင်းသွားခြင်း မဟုတ်သေးသဖြင့် ဒေါ်သန်းသန်းနွယ်မှာ ဆက်လက်၍ လမ်းပေါ်ထွက်တောင်းရမ်းနေရဆဲဖြစ်သည်။
လက်ရှိမှာ မိမိကျေးရွာသို့ပြန်၍လည်းမရ၊ ကျူးကျော်မြေနေရာ၌ဆက်နေရန်လည်း အဆင်ပြေ၊ စစ်ဘေးရှောင်စခန်းတွင်နေထိုင်ရန်လည်း စခန်းကလက်ခံမည်လော စသည့်မေးခွန်းများစွာထုတ်ရင်း ရသေ့တောင်မြို့နယ် သောင်းဒရားကျေးရွာမှ ၂၀၂၀ ခုနှစ်ကထွက်လာခဲ့သော ဒေါ်သန်းသန်းနွယ်တို့ မိသားစုမှာ စစ်တွေမြို့၌ ရှေ့ဆက်လျှောက်မည့်လမ်း ပျောက်ဆုံးလျက်ရှိနေကြသည်။
အောင်ထိန်ရေးသားသည်။