ရှမ်းပြည်တွင်းက တရားမဲ့သတ်ဖြတ်ခံနေရမှုတွေကို အမှန်တရားနဲ့ တရားမျှတမှုပေါ်ပေါက်စေလိုတယ်လို့ ရှမ်းအရပ်ဘက် အဖွဲ့အစည်း (၁၅)ဖွဲ့က မတ်လ ၁၆ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့နယ်က မိုင်းနုမ်ဟန်နဲ့ မိသားစု အသတ်ခံလိုက်ရတဲ့ကိစ္စမှ အစပြုပြီးတော့ တခြား ရှမ်းပြည်အတွင်းမှာ ရဟန်းနဲ့ တက်ကြွလှုပ်ရှားသူတွေ တရားမဲ့သတ်ဖြတ်ခံရတာတွေကို စုံစမ်းစစ်ဆေးဖော်ထုတ်စေလိုတယ်လို့ ဆိုပါတယ်။
“ တရားမျှတမှုပျောက်ဆုံးနေတဲ့ ကျွန်တော်တို့ရဲ့ ရှမ်းပြည်ထဲက ရှမ်းပြည်သားတွေပဲပေါ့နော်၊ ကျွန်တော်တို့တွေ လူတွေလို့ဖြစ်တဲ့အခါမှာ လူတိုင်းကတန်ဖိုးရှိပါတယ်။အသက်တိုင်းကတန်ဖိုးရှိပါတယ်။ ဒီအဖြစ်မှန်တွေအားလုံးပေါ်ပေါက်စေချင်တယ်။ မိုင်းနုမ်ဟန်ကိစ္စလည်းပါမယ်။ တခြားသော မိုင်းနုမ်ဟန်အရှေ့ကကိစ္စလည်းပါမယ် အခုထိအမှုမှန်မပေါ်နိုင်သေးတဲ့အရာပေါ့နော် ၊ ကျွန်တော်တို့လည်းစိတ်မကောင်းဘူး အမှုမှန်ပေါ်စေချင်တယ်” လို့ သဘောထားကြေညာချက်ထုတ်ပြန်ခဲ့တဲ့အဖွဲ့တွေရဲ့ ပြောဆိုခွင့်ရှိသူ စိုင်းလောဝ်ဆိုင်ခေး ပြောပါတယ်။
ရှမ်းအရပ်ဘက်အဖွဲ့အစည်းတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း လုံးဝမပြုလုပ်ဖို့ လေးလေးနက်နက်တောင်းဆိုထားပါတယ်။
သဘောထားကြေညာချက်မှာ ရှမ်းကျောင်းသားများသမဂ္ဂ ၊ ရှမ်းလူငယ်(ရန်ကုန်)၊ ကျွန်းတစ်ထောင်ဖောင်ဒေးရှင်း၊ ကမ္ဘာ့ရှမ်းလူမျိုးများကွန်ရက် ၊ ဂျပန် ၊ တောင်ကိုးရီးယား ၊ ထိုင်း ၊ ဒိန်းမတ် ၊ နော်ဝေ ၊ ဗြိတိန်က ရှမ်းလူငယ်နဲ့ အရပ်ဘက်အဖွဲ့အစည်းတွေပါဝင်ထုတ်ပြန်ထားခဲ့ကြပါတယ်။