“အခုရှိတဲ့ဆန်ကုန်ရင် ဝယ်မယ့်နေရာလည်းမရှိတော့ဘူး။ ကားလိုင်းတွေလည်းမဆွဲတော့ဘူးဆိုတော့ စိုးရိမ်နေရတယ်”
ကုန်သွယ်ရေးလမ်းကြောင်း တစ်လျှောက် တိုက်ပွဲများဖြစ်နေခြင်းကြောင့် ကားများမသွားလာနိုင်သည့်အတွက် ယခုရက်ပိုင်းအတွင်း ဆိုးရွားစွာ ဆန်ပြတ်လပ်သည့် မတူပီမြို့နယ်မှ ဒေသခံတစ်ဦးမှ မီဒီယာသို့ ပြောကြားသည့်စကားဖြစ်သည်။
ချင်းပြည်တောင်ပိုင်း မတူပီမြို့၏ အဓိက ကုန်ပစ္စည်းနှင့်စားသောက်ကုန်များကို မန္တလေး နှင့် မကွေးတိုင်း ပခုက္ကူမြို့တို့မှ အဓိကတင်သွင်းရခြင်းဖြစ်ပြီး ယခုရက်ပိုင်း ချင်းပြည်တောင်ပိုင်းနှင့် အဓိက လမ်းပန်းဆက်သွယ်ရေး ဆက်သွယ်ထားသည့် မကွေးတိုင်းနယ်စပ်တွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲပြင်းထန်ခြင်း၊ မင်းတပ် နှင့် မတူပီကြားဆက်သွယ်ထားသည့် လမ်းမကြီးတွင် တိုက်ပွဲများပြင်းထန်းခြင်းကြောင့် ဆန်နှင့် အခြားစားသောက်ကုန်ပစ္စည်းများ တင်ပို့သည့် ကားများ သွားလာနိုင်ခြင်းမရှိသဖြင့် ကုန်ပစ္စည်းများ အဆမတန်စျေးကြီးသည့်အပြင် အခြေခံလိုအပ်ဆုံး ဖြစ်သည့် ဆန်ကိုလည်း ဝယ်စရာမရှိသည့် အနေအထား ဖြစ်နေသည်။
“ အဓိကတော့ မြို့ပေါ်မှာ ပြတ်လပ်နေတယ်။ ကျေးရွာဖက်ကဆိုရင်လည်း မြို့ပေါ်ဖက်လာမရောင်းရဲဘူး။ နောက်တစ်လလောက်ဒီလိုဆက်ဖြစ်နေရင်တော့ စားစရာဆန်ရှိမှာမဟုတ်တော့ဘူး။ အခုတောင် လှောင်ထားတဲ့ သူအချို့ဆီက စျေးနှစ်ဆကျော်ပေးပြီး နည်းနည်းနဲ့ဝယ်နေရတာဖြစ်တယ်” ဟုဒေသခံတစ်ဦးကပြောသည်။
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်၊ မတူပီ၊ ကန်ပက်လက်များသို့ ကုန်ပစ္စည်းများတင်ပို့သည့် ကုန်ကားများ ပြေးဆွဲမှုမရှိတော့သည်မှာ လနှင့်ချီကြာနေပြီဖြစ်ပြီး မတူပီမြို့တွင်မူ စက်သုံးဆီပြတ်လပ်သည်မှာ သုံးလဝန်းကျင်ပင်ရှိပြီဖြစ်သည်။
စစ်ကိုင်းတိုင်း၊ မကွေးတိုင်း များနှင့် ချင်းပြည်နယ် ဆက်သွယ်ထားသည့် လမ်းကြောင်း များတွင် စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားမှု ပိုမိုများလာသည့်အပြင် တိုက်ပွဲဖြစ်ပွားမှုမှာလည်း နေ့ရက်များကြာမြင့်သည့်အတွက် ချင်းပြည်နယ်အတွင်း ကုန်ပစ္စည်းများ စျေးအဆမတန်ကြီးမြင့်လာခဲ့သည်။
ချင်းပြည်နယ်သည် ယခင်ကတည်းက ဆန်နှင့် စားသောက်ကုန်များ၊ ဆောက်လုပ်ရေးပစ္စည်းများ နှင့် အထည်ပစ္စည်းများကို ပြည်မဖက်မှ တင်သွင်းရောင်းချရခြင်းဖြစ်သည့်အတွက် ကုန်ပစ္စည်းမှာ ပြည်မများထက် စျေးကြီးပေးဝယ်နေရသည့် အခြေအနေဖြစ်သည်။
ဟားခါးမြို့ဒေသခံတစ်ဦးက “အခြေခံအစားအစာတွေဖြစ်ကြတဲ့ ဆီ၊ဆန်၊ဆားနှင့် ကလားပဲတို့ စျေးနှုန်းတက်တာတော့ အရမ်းသိသာလွန်းတယ်၊ အခြားဟာတွေဖြစ်ကြတဲ့ မုန့်သရေစာတွေလည်း စျေးတက်ကုန်တယ်၊ ကုန်စျေးနှုန်းတွေတက်တာတမှောက်၊ တန်ဆာခတက်တာကလည်း တမှောက်။ ဆီစျေးကတော့ တစ်ဆ တက်တယ်၊ တစ်ပိသာကို ၃ဝဝဝနဲ့ရောင်းနေကျ၊ ခုတော့ ၆၀၀၀ ထိရောက်သွားတယ်” ဟုပြောသည်။
ချင်းပြည်နယ်မြောက်ပိုင်း ဟားခါး၊ ထန်တလန်၊ ဖလမ်း နှင့် တီးတိန်များသို့ စစ်ကိုင်းတိုင်း ကလေးမြို့မှ အဓိကဆက်သွယ်ထားသည့်လမ်းပိုင်းတွင်လည်း ဒီဇင်ဘာလနှင့် ဇန်နဝါရီလများတွင် တိုက်ပွဲပြင်းထန်ခဲ့ခြင်းကြောင့် ကုန်ပစ္စည်းတင်ပို့မှု အချိန်ကြာရပ်တန့်ခဲ့ရသည်။
ဟားခါးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက “ ကျွန်မတော့ စားကုန်တွေကို ကလေးမြို့မှာ မှာတယ်၊ ပုံမှန်အားဖြင့်တော့ အကြာဆုံး ၃ရက်လောက်ပေါ့၊ ဒါပေမယ့်ခုက ၁ပတ်၊ ၂ပတ်တောင်ကြာတယ်။ ပြီးရင် ပစ္စည်းပြတ်တဲ့ဟာတွေလည်း ရှိတယ်” ဟုပြောသည်။
သူကဆက်ပြီး “ကျွန်မတို့လည်း စျေးရောင်းတဲ့ သူတွေဆိုတော့လည်း မရောင်းမဝယ်လို့လည်း မဖြစ်ပြန်ဘူး။ ခုနိုင်ငံရေးအခြေအနေက ခန့်မှန်းလို့မရဘူးဆိုတော့ ဒီတိုင်းပဲ စျေးနှုန်းတွေ ဆက်တက်နေမယ်ဆိုရင် တော်တော်လေးကို ခက်ခဲပါမယ်။ အခုက အလုပ် ရှားနေတဲ့ကာလကဖြစ်သေးတယ်။ အလွန်ခက်ခဲပါတယ်။” ဟုပြောသည်။
ထိုသို့ ချင်းပြည်နယ် မြောက်ပိုင်း တီးတိန်မြို့နယ်တွင်းရှိ စစ်ကိုင်းတိုင်းနှင့် အိန္ဒိယနယ်စပ်ကုန်သွယ်ရေးလမ်းကိုလည်း တိုက်ပွဲများကြောင့် ပုံမှန်အတိုင်း ယာဉ်များသွားလာနိုင်ခြင်းမရှိပဲ တွန်းဇံမြို့ဖက်မှ ပတ်ကာ သွားရသည့်အတွက် ကားခများလည်း အဆမတန်စျေးတက်ခဲ့ရသည်။
ရိခေါ်ဒါရ်ဒေသခံတစ်ဦးက "အခု လူတစ်ယောက်ကို ၁ သိန်းလောက်ကျတယ် အရင်က ၁ သောင်းခွဲ ၂ သောင်းလောက်ပေးရတဲ့ဟာ အခုတော့ ၄ ဆကျော် ပေးရတယ် ကုန်စည်ပစ္စည်း တွေလဲ ၅ ထောင် ၁သောင်းလောက် စျေးတင်ရတဲ့ အနေထားဖြစ်တယ်"ဟုပြောသည်။
ယခင်က ကလေး- တီးတိန်-ရိခေါ်ဒါရ် ကားလမ်းအတိုင်း သွားလျှင် ယာဉ်စီးခ တစ်ဦး ကျပ်တစ်သောင်းခွဲကျော်သာ ကျသင့်သော်လည်း ယခုအခါ အဆိုပါလမ်းကြောင်းကိုပိတ်ထားသဖြင့် တွန်းဇံမြို့နယ်ဘက်မှ ပတ်သွားနေရကာ ယာဉ်စီးခကို တစ်ဦးလျှင် ကျပ် ၇ သောင်းမှ ကျပ်တစ်သိန်းအထိ ပေးရကြောင်းနှင့် ခရီးသွားချိန်မှာလည်း နှစ်နာရီမှ သုံးနာရီဝန်းကျင်ခန့် ပိုမိုကြာမြင့်ရသည်။
ချင်းပြည်နယ်မြို့နယ်တိုင်းနီးပါးတွင် ဒေသကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများစတင်ဖြစ်ပွားကတည်းက အင်တာနက်လိုင်းများ၊ ဖုန်းလိုင်းများလည်း ဖြတ်တောက်ခံခဲ့ရသည်။
မတူပီ ဒေသခံတစ်ဦးက "ဖုန်းလိုင်းပြတ်တော့ ကြားထဲမှာ မြို့ထဲမှာကို လက်နက်သံတွေတော့ တော်တော်လည်း ကြားရတယ်၊ပြီးတော့ ကျမက မိသားစုများတော့ ဆန်တော့ ဝယ်ထားတာတော့ရှိတယ်၊ဒါပေမယ့် မိသားစုများတော့ လောက်မှာတော့ မဟုတ်ဘူး၊ဒီလိုသာလမ်းကောင်းကောင်း မပွင့်နိုင်ရင်တော့ စိုးရိမ်မိပါတယ်"ဟု ပြောသည်။
စားသောက်ကုန်များစျေးကြီးမြင့်နေသည့်အပြင် မြို့တွင်းလုံခြုံမှုမရှိသည့်အတွက် အချို့မြို့ပေါ်နေ ဒေသခံများမှာ ပိုမိုလုံခြုံသည့် အရပ်၊ ဆွေမျိုးများထံ ခိုလှုံစဉ်ကာလအတွင်း နေအိမ်များလည်း ဖောက်ထွင်းခံရမှုလည်းကြုံတွေ့ရသည်။
ကန်ပက်လက်မြို့ပေါ်နေ ဒေသခံတစ်ဦးမှ “ ကျွန်တော်တို့က အစပိုင်းမှာ လက်နက်ကိုင်တဲ့ အုပ်စုတွေလို့ထင်နေတာ မမြင်ဘူးတဲ့မျက်နှာတွေနဲ့ အဖွဲ့လိုက်ပဲ” ဟု ပြောပါသည်။
အဆိုပါသူခိုးအဖွဲ့တွင် အမျိုးသမီးများလည်းပါဝင်ပြီး မြို့အနီး CDF အဖွဲ့များမရှိသည့် ညများတွင်မြို့တွင်းဝင်ကာ အိမ်များဖောက်ယူကြခြင်းဖြစ်ကြောင်း ကန်ပက်လက်ဒေသခံတစ်ဦးကဆိုသည်။
ထန်တလန်မြို့တွင်မူ မြို့ပေါ်တွင် ဒေသခံများမရှိတော့ပဲ ကျေးရွာများနှင့် တစ်ဖက်အိန္ဒိယနိုင်ငံဖက်သို့ ထွက်ပြေးတိမ်းရှောင်ကြရပြီး ထန်တလန်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် ခိုလှုံနေရသူများအနေဖြင့် များစွာအခက်အခဲကြုံတွေ့ရသည်ဟု စစ်ဘေးရှောင်တစ်ဦးကဆိုသည်။
သူက “ ရွာက နည်းနည်းအစွန်ဖက်မှာရှိတော့ လမ်းပန်းဆက်သွယ်ရေးအခက်အခဲကြောင့်လည်း ပါမှာပေါ့။ မြန်မာဖက်က စားသောက်ကုန်တွေ အင်မတန်စျေးကြီးတေယ်။ ဥပမာ ထန်တလန်မြို့ပေါ်မှာတုန်းက ၁၀၀၀ နဲ့ရတဲ့ဟာမျိုးဆိုရင် ဒီမှာက ၂၀၀၀ နဲ့ပေးဝယ်ရတဲ့အနေအထားမျိုးဖြစ်တော့ ခက်ခဲတာပေါ့” ဟုပြောသည်။
ထို့အပြင် ထန်တလန်မြို့နယ်တွင်းရှိ ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေရသူများအနေဖြင့် ဆေးဝါးနှင့်ဆေးခန်းများမရှိသည့်အပြင် ဆရာဝန်၊ သူနာပြုများမရှိသဖြင့် အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ဖက်ထိ သွားရောက်ဆေးကုသမှုခံယူရကြောင်း စစ်ဘေးရှောင်သူ၏ ပြောပြချက်အရသိရသည်။
ချင်းပြည်နယ်အတွင်း တိုက်ပွဲများပုံမှန်ဖြစ်ပွားနေခြင်းကြောင့် စစ်ဘေးတိမ်းရှောင်နေရသည့် လူဦးရေမှာ ချင်းပြည်နယ်တွင်းရှိ လူဦးရေ၏ ၂၀ ရာခိုင်နှုန်းကျော်အထိရှိပြီဖြစ်ကြောင်း အစီရင်ခံစာများအရသိရသည်။
ထိုသို့ စစ်ဘေးတိမ်းရှောင်ရင်း အခြေခံဆေးဝါးကုသမှု မလုံလောက်မှုကြောင့် သေဆုံးခဲ့ရသူ သက်ကြီးရွယ်အို ၃၀ ကျော်အထိ ရှိကြောင်း ချင်းလူ့အခွင့်အရေးအဖွဲ့က ဆိုသည်။
ချင်းအမျိုးသားအဖွဲ့ချုပ်၏ တစ်နှစ်တွင်းအစီရင်ခံစာအရ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်မှ သတ်ဖြတ်သည့် ချင်းလူမျိုးဒေသခံ ၁၆၈ ဦးထက်မနည်းရှိပြီဖြစ်ကြောင်း ၂၀၂၁ နှစ်ကုန်တွင် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
- DonBosco ရေးသားသည်။