ဖေဖော်ဝါရီလ (၅) ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော် တတိယအကြိမ် အစည်းအဝေးကို တက်ရောက်သူ ၂၀၂၀ ရွေးကောက်ခံအမတ် (285) ဦးတက်ရောက်ခဲ့တယ်လို့ CRPH က သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီနေ့ဟာ CRPH ဖွဲ့စည်းခြင်း နှစ်ပတ်လည်နေ့လည်းဖြစ်ပါတယ်။
“ ပြည်တွင်းမှာရှိတဲ့ ပြည်သူလူထုတွေသာမကလို့ နိုင်ငံတကာမှာရှိတဲ့ နိုင်ငံရေးအသိုင်းအဝိုင်းတွေကပါ စစ်ကောင်စီကို အသိအမှတ်မပြုပဲ ၊ NUG အစိုးရကိုသာ အသိအမှတ်ပြုလာကြတာဟာ ပြည်ထောင်စုလွတ်တော်ကိုယ်စားပြု ကော်မတီရဲ့ နိုင်ငံရေးသတ္တိရှိမှု ၊ နိုင်ငံရေးပါးနပ်မှု နဲ့ နိုင်ငံရေးဦးဆောင်မှုကြောင့်ဖြစ်တယ်” လို့ အစည်းအဝေးမှာ တက်ရောက်ခဲ့တဲ့ ယာယီသမ္မတ ဒူဝါးလရှိီးလက ပြောဆိုခဲ့ပါတယ်။
CRPH က အမျိုးသားညီညွတ်ရေးအစိုးရကို ၂၀၂၁ ခုနှစ် ဧပြီလ (၁၆)ရက်နေ့မှာ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် စစ်အာဏာရှင်တွေရဲ့ တရားဝင်မှုတွေကို ငြင်းပယ်နိုင်ဖို့ ၊ ဒီမိုကရေစီဆက်လက်ရှင်သန်နိုင်ဖို့ ပြည်ထောင်စု လွတ်တော်ကို ဆက်လက်ကျင်းပဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
ဒီလိုနိုင်ငံရေးအကြပ်အတည်းတွေကြားမှာ NUG အတွက် လိုအပ်တဲ့ ဥပဒေပြုရေး နဲ့ အစိုးရကို ထိန်းကျောင်းပေးနိုင်ရေးကလည်း CRPH ရဲ့ တာဝန်ဖြစ်တယ်လို့ ပြောဆိုထားခဲ့ပါတယ်။
CRPH က 2008 ဖွဲ့စည်းပုံအခြေခံဥပဒေကို ၂၀၂၁ ခုနှစ် မတ်လမှာ ဖျက်သိမ်းလိုက်သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကဖြစ်လာတဲ့ အစည်းအဝေးတွေကို ဆက်လက်ကျင်းပနေပါတယ်။