စာသင်ကျောင်းတွေနဲ့ တစ်ကျော့ပြန် ကိုဗစ်

စာသင်ကျောင်းတွေနဲ့ တစ်ကျော့ပြန် ကိုဗစ်

လက်ရှိအာဏာပိုင်အဖွဲ့အစည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဇွန်လ ၁ ရက်နေ့က စပြီး တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းကျောင်းတွေကို ပြန်လည်ဖွင့်လှစ်ခဲ့ပါတယ်။ ဝေဖန်မှုတွေ အမျိုးမျိုး ရှိခဲ့တဲ့ ဒီ ဖြစ်စဉ်မှာ နောက်ဆက်တွဲတွေလည်း အများအပြား ရှိခဲ့ကြတာ အားလုံး သတိထားမိမှာပါဖြစ်ပါတယ်။

မွန်ပြည်နယ်အတွင်းမှာတော့ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ပြီးတဲ့နောက်မှာ ကိုဗစ် ၁၉ ကပ်ရောဂါ ကူးစက်မှုတွေ  ရှိလာတာ တွေ့ရပါတယ်။

နိုဝင်ဘာ ပထမအပတ်မှာ မွန်ပြည်နယ် ချောင်းဆုံမြို့နယ် အထက်တန်းကျောင်း တစ်ခုက ဆယ်တန်းကျောင်းသား တစ်ဦးနဲ့ မုရစ်ကလေးကျေးရွာ အထက်တန်းကျောင်းက ဆယ်တန်းကျောင်းသူ တစ်ဦးမှာ ကိုဗစ် ၁၉ အတည်ပြု ရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

"ချောင်းဆုံက ကောင်လေးက ၂ ရက်နေ့ တစ်ရက်ပဲ ကျောင်းတက်တယ်။ သူက နေမကောင်းလို့။ မုရစ်ကလေးမှာက ကျောင်းသူ။ သူ့အိမ်မှာ ကိုဗစ်ဖြစ်တော့ တစ်ရွာလုံးကို ဆေးစစ်တာ။ သူ့  မိဘနှစ်ယောက်တွေ့တော့ အဲဒီ ကျောင်းသူလေးကို ကျောင်းက ခေါ်စစ်တော့ နှစ်ယောက်လုံးမှာ ပိုးတွေ့တယ်"လို့ချောင်းဆုံမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။

ချောင်းဆုံမြို့နယ်က ကျောင်းသားရဲ့ ဖခင်ဖြစ်သူ နာမကျန်းဖြစ်တာကို ဆေးစစ်ရာက ကိုဗစ် positive တွေ့ရှိခဲ့တာ ဖြစ်ပြီး ကျောင်းသားကို ထပ်မံစစ်ဆေးရာ positive ဖြစ်နေတာကို တွေ့ရတာ ဖြစ်တယ်လို့ ဆက်ပြောပါတယ်။

ဒါ့အပြင် မူလတန်းနဲ့ အလယ်တန်း ကျောင်းသူ၊ ကျောင်းသားတွေမှာလည်း  ကိုဗစ်ကူးစက်မှုတွေ ရှိနေတာ တွေ့ရပါတယ်။ နောက်ပြီး မွန်ပြည်နယ်၊ ရေးမြို့နယ်၊ အောင်မင်္ဂလာရပ်ကွက် အမှတ် (၅) မူလတန်းလွန်ကျောင်းမှာ  ကျောင်းသား၊ ကျောင်းသူ ၄ ဦး ကိုဗစ် (၁၉)ရောဂါပိုး တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ရောဂါကူးစက်ခံရတဲ့ ကျောင်းသား၊ ကျောင်းသူ ၄ ဦးဟာ KG 1 Grade 3 မှာ  ပညာသင်ကြားနေသူ‌တွေဖြစ်ပြီး ဇန်နဝါရီ ၈ ရက်မှာ အတည်ပြု စစ်ဆေးရင်း တွေ့ရှိခဲ့တာဖြစ်တယ်လို့  ရေးမြို့နယ်ဒေသခံ လူမှုကယ်ဆယ်ရေးလုပ်ကိုင်သူ တစ်ဦးက ပြောခဲ့ပါတယ်။

"ပထမဆုံး တွေ့ရတဲ့ ကျောင်းသူလေးရဲ့ အဖွား နေမကောင်းလို့ ဆေးစစ်ရာကနေ ကိုဗစ်ပိုးတွေ့တာ တွေ့တော့ သူတို့မိသားစုဝင်တွေကို စစ်တော့ အဲဒီ ကျောင်းသူလေးမှာပါ တွေ့တာ။ သူနဲ့တစ်ခန်းတည်း ကျောင်းတက်တဲ့သူတွေကို ထပ်စစ်တော့ ကျောင်းသူ ၂ ဦးနဲ့ ကျောင်းသား ၁ ဦးမှာ ထပ်တွေ့တယ်"လို့လည်း  ပြောပါတယ်။

ကိုဗစ်အတည်ပြုရောဂါပိုး တွေ့ရှိထားတဲ့ စာသင်ခန်းတွေကိုတော့ ယာယီ ပိတ်သိမ်းထားတယ်လို့ သိရပါတယ်။ စာမေးပွဲလည်းနီးနေတာ ဖြစ်တဲ့အတွက် ကျောင်း ပေးမသွားလို့လည်း မရတဲ့ အခြေအနေဖြစ်နေတယ်လို့ ကျောင်းသားမိဘတစ်ဦးက ပြောပါတယ်။

"မပူပန်ဘူးလားဆိုတော့ ပူတာပေါ့။ အခုဆို ကျောင်းက ပြန်လာရင် ချက်ချင်းရေချိုး၊ အဝတ်စားလဲပြီးရင် ဆေးလည် းတိုက်ရသေးတယ်။ ကျောင်းပေးမတက်လို့လည်း မရဘူးလေ။ စာမေးပွဲတွေကလည်း ဖြေရတော့မှာ။ ကျောင်းတစ်နှစ်ပြီးလည်းပြီး၊ ဒီလိုပဲ ဂရုစိုက်ပေးရမှာပဲ"လို့ ပြောပါတယ်။

အထက်တန်းကျောင်းသူ၊ ကျောင်းသားတွေက သိနားလည်တဲ့ အရွယ်ဖြစ်တဲ့အတွက် ပြောဆိုလို့ ရပေမဲ့ မူလတန်းအရွယ် ကျောင်းသူ၊ ကျောင်းသားတွေကိုတော့ ပိုပြီး ဂရုစိုက် ပေးနေရတယ်လို့ ဆက်ပြောပါတယ်။

"ကိုဗစ်ဆိုတာကြီးက ပျောက်သွားမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့လတွေက ခဏငြိမ်သွားတာပဲရှိတယ်။ ဆေးစစ်တာတွေ ဘာတွေ မရှိတော့ မသိရတာပါ။ အခု ပြန်ပြီး စစ်ဆေးနေတော့ ထပ်ပြီး တွေ့လာရပါတယ်။ ပြီးတော့ အိုမီခရွန်ပေါ့။ ကျန်းမာရေးဦးစီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း စနစ်တကျ လိုက်နာမယ်ဆို ကူးစက်မှုကို လျော့ချနိုင်ပါတယ်"လို့ စေတနာ့ဝန်ထမ်း ဆရာဝန်တစ်ဦးက ပြောပါတယ်။

ပြည်သူတွေအနေနဲ့လည်း ပေါ့ပေါ့ဆဆ မနေဘဲ Mask တပ်ဆင်တာတွေ၊ လူစုလူဝေးရှောင်တာတွေ၊ စနစ်တကျ လက်ဆေးတာတွေကို မဖြစ်မနေ လုပ်ဖို့လိုတယ်လို့လည်း သူက သုံးသပ်ပြောဆိုလိုက်ပါတယ်။

အလားတူ မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ကျားဘိုကျေးရွာ အခြေခံပညာအထက်တန်းကျောင်းမှာလည်း  အထက်တန်းပြ ဆရာမ တစ်ဦး နဲ့  ကျောင်းသားကျောင်းသူ အပါအဝင် ၁၀ဦး ကိုဗစ်ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

အထက်တန်းပြ ဆရာမ ဖြစ်သူ နေမကောင်းတဲ့အတွက် ဇန်နဝါရီ ၁၁ ရက်မှာ  ကိုဗစ်ရောဂါပိုး စစ်ဆေးကြည့်ရာမှ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ အထက်တန်းပြ ဆရာမ နဲ့ ထိတွေ့ခဲတဲ့ မိသားစုဝင်‌တွေ၊ကျောင်းသား၊ ကျောင်းသူ‌တွေနဲ့ ဆရာ၊ ဆရာမ စုစုပေါင်း ၆၀ ဦးကို ကျန်းမာရေး စစ်ဆေးတယ်လို့ သိရပါတယ်။ စစ်ဆေးခဲ့တဲ့ ၆၀ ဦးထဲမှာမှ ဆရာမရဲ့ မိသားစုဝင် ၆ ဦး၊ ကျောင်းသား ကျောင်းသူ ၃ ဦးတို့မှာ  ကိုဗစ်အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၆ရက်က‌လည်း ပေါင်မြိုနယ် မူကြို(KG) ကလေးငယ်တစ်ဦးနဲ့ မူလတန်းကလေး တစ်ဦးအပါအဝင် လေးဦးမှာ ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိခဲ့ပါသေးတယ်။

ပေါင်မြိုနယ်၊ ပေါင်းရပ်ကွက်နေ အသက် ၇၀ အရွယ် အမျိုးသားတစ်ဦးက ဇန်နဝါရီ ၂၆ရက်မှာ နေမကောင်းတဲ့အတွက် ပေါင်မြို့နယ် ပြည်သူဆေးရုံ Fever Clinic မှာ လာရောက်စစ်ဆေးရာက ကိုဗစ် ၁၉ အတည်ပြုရောဂါပိုး တွေ့ရှိခဲ့ပါတယ်။ သူ့မိသားစုဝင်များကို ဆက်လက်စစ်ဆေးရာမှာတော့ အသက် ၄၀ အရွယ် အမျိုးသား တစ်ဦး၊ ကိုးနှစ်အရွယ် ကျောင်းသားတစ်ဦးနဲ့  မူကြိုတက်နေတဲ့ ငါးနှစ်အရွယ် မိန်းကလေးငယ်တစ်ဦးတို့မှာလည်း  အတည်ပြုရောဂါပိုး တွေ့ရှိခဲ့တာပါ။

လက်ရှိအချိန်ထိ မွန်ပြည်နယ်အတွင်းမှာ ကိုဗစ်အတည်ပြု လူနာ စုစုပေါင်း ၁၆၆၆၀ဦး ရှိနေပြီဖြစ်ပြီး သေဆုံးလူနာ စုစုပေါင်း ၁၄၀၆ ဦး ရှိတယ်လို့ သိရပါတယ်။

တွေ့ရှိချက်အဖုံဖုံ အလီလီကြားကနေ ကိုဗစ်ပြဿနာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာကတော့ ခုချိန်မှာ လူ စိတ်ဝင်စားမှု ရေချိန်အမြင့်ဆုံးပုစ္ဆာတစ်ခုအဖြစ် ရှိနေပါတော့တယ်။ ဒါဟာ လက်ရှိအာဏာပိုင်အဖွဲ့အစည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ပြသရမယ့် စွမ်းရည်တစ်ခုလိုလည်း ဖြစ်နေပါတော့တယ်။

မင်းဟံသာ

Most read this week

November 25, 2024
စစ်ပွဲကြားမှာ ရှင်သန်နေထိုင်ရုန်းကန်ရင်း နိုင်ငံတကာတက္ကသိုလ်တွေမှာ ပညာသင်ယူနိုင်ဖို့ဆိုတာ...
November 18, 2024
မိုးလေးတဖွဲဖွဲကြား မျှော်လင့်ချက်ပေါင်းများစွာနဲ့ အတွေးနယ်ချဲ့ကာ စစ်ဆေးရေးဂိတ်တွေကို တစ်ခုပြီး...
November 18, 2024
နိုဝင်ဘာ ၁၅ ရက်သည် တန်ဆောင်မုန်း လပြည့်နေ့ ဖြစ်သည်။ ရာသီဥတု ဖောက်ပြန်မှုများကြောင့်...
November 5, 2024
အရှိန်အဟုန်ပြင်းပြင်း စီးဆင်းနေသည့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ကုန်စည်အစီအရီတင်ဆောင်လာသော...