စစ်အာဏာသိမ်းမှု တစ်နှစ်တာအတွင်း ရခိုင်ပြည်ရဲ့အခြေအနေ

စစ်အာဏာသိမ်းမှု တစ်နှစ်တာအတွင်း ရခိုင်ပြည်ရဲ့အခြေအနေ

မြန်မာနိုင်ငံတွင် စစ်တပ်ကနိုင်ငံတော်အာဏာသိမ်းယူခဲ့ချိန်မှစတင်ကာ နိုင်ငံတဝှမ်း ဆန္ဒပြမှုများ၊ တော်လှန်ပုန်ကန်မှုများ၊ တိုက်ပွဲများနှင့် ခရီးဆက်ခဲ့ကြရသည်။ ယနေ့ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့သည် စစ်အာဏာသိမ်းမှု တစ်နှစ်ပြည့်မြောက်ခဲ့သောနေ့ဖြစ်သည်။ ထိုကုန်ဆုံးခဲ့သည့် တစ်နှစ်တာ ကာလအတွင်း နိုင်ငံတဝှမ်း၌ လူပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ကြရပြီး စီးပွားရေးမှာလည်း ကျဆင်းခဲ့ရသည်။

စစ်အာဏာသိမ်းပြီး တစ်နှစ်တာအချိန်ကာလအတွင်း ရခိုင်ပြည်နယ်တွင် မည်သို့သော အခြေအနေမျိုးနှင့် ကြုံတွေ့ခဲ့ရသည်ကို နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များအား DMG မှ မေးမြန်းတင်ဆက်ပေးလိုက်သည်။

စောစံငြိမ်းသူ ၊ ဥက္ကဋ္ဌ (ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့)

စစ်အာဏာသိမ်းမှုနဲ့အတူ ပေါ်ပေါက်လာတဲ့ ဒီမိုကရေစီတော်လှန်းက ရခိုင်ပြည်က မပါဝင်ဆိုသည့်တိုင်အောင် အကျိုးသက်ရောက်မှုကို ရခိုင်ပြည်သူတွေလည်း ခံစားရတယ်။ ဘာကြောင့်လည်းဆိုတော့ နိုင်ငံတစ်နိုင်ငံရဲ့ အစိတ်အပိုင်းဖြစ်တာကြောင့် သက်ရောက်မှုက အနည်းနဲ့အများရှိတယ်။ တစ်နိုင်ငံလုံး နိုင်ငံရေးအခက်အခဲ အကျပ်အတည်းကြုံရတာကြောင့် စီးပွားရေးအခက်အခဲ အကျပ်အတည်းဖြစ်ပေါ်လာရင်လည်း ရခိုင်ပြည် စီးပွားရေးအကျပ်အတည်းကိုဖြစ်ပေါ်စေတယ်။ လူမှုရေးဆိုရင်လည်း ထိုနည်းတူပဲ။

ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုနဲ့အတူ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေနဲ့ နိုင်ငံကို တစ်ဖြည်းဖြည်း တိုးတက်ပြောင်းလဲအောင်လုပ်ဆောင်နေချိန်မှာ စစ်အာဏာသိမ်းမှုဖြစ်ပေါ်လာပြီး နောက်ဆက်တွဲမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အဖက်ဖက်မှာ အခက်အခဲအကျပ်အတည်းရှိလာတဲ့ အနေအထားကိုမြင်ရတယ်။

နိုင်ငံစနစ်အပြောင်းအလဲနဲ့အတူ တစ်ခြားတိုင်းဒေသတွေမှာ ဖွံ့ဖြိုးရေးစီမံကိန်းတွေလုပ်နေချိန်မှာ ရခိုင်ဒေသမှာ စစ်ပွဲတွေဖြစ်ပွားပြီးတော့ ဖွံ့ဖြိုးရေးစီမံကိန်းတွေ နောက်ကျနေခဲ့တယ်။ နောက်ထပ် ဒီလိုနိုင်ငံရေးအကျပ်အတည်းတွေနဲ့ ပြန်ပြီးရင်ဆိုင်လာရတဲ့အခါ တစ်ခြားတိုင်းဒေသတွေထက် ရခိုင်ပြည်မှာ စီးပွားရေး၊ လူမှုရေး အခက်အခဲတွေက ပြန်လည်ဖြစ်လာခဲ့တယ်။

အခုဆိုရင်လည်း လမ်းပန်းဆက်သွယ်ရေးအခက်အခဲနဲ့အတူ ကိုဗစ်ကလည်း တစ်ဖက်ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ စီးပွားရေးအကျပ်အတည်းဖြစ်သလို လူမှုရေးအကျပ်အတည်းလို့ ပြောတဲ့အချိန်မှာ ဒေသအနေအထားအရ အုပ်ချုပ်ရေးပုံစံမျိုးကလည်း နှစ်မျိုးကြားထဲမှာ ပြည်သူလူထုရပ်တည်နေရတဲ့ အနေအထားမှာရှိတယ်။ လူမှုရေးအရပြောရမယ်ဆိုရင် ပြစ်မှုဆိုင်ရာကျူးလွန်မှုတွေဖြစ်ပေါ်လာရင် ဘယ်ဖက်ကိုတိုင်ကြားလို့ တိုင်ကြားရမှန်းမသိ။ တိုင်ကြားရင် ထိထိရောက်ရောက်အရေးယူဆောင်ရွက်မှုတွေက မရှိတဲ့အခြေအနေမျိုးမှာကလည်း ပိုပြီးတော့ မတရားကျူးလွန်မှုတွေ၊ ပြစ်မှုဆိုင်ရာကျူးလွန်မှုတွေ ဖြစ်ပေါ်လာဖို့အတွက်ကို တွန်းအားပေးတဲ့ပုံစံမျိုးဖြစ်နေတယ်။ အဲဒီအခြေအနေမျိုးတွေက စစ်အာဏာသိမ်းမှုရဲ့ အခက်အခဲအကျပ်အတည်းဖြစ်တယ်လို့ သုံးသပ်တယ်။

ဦးခိုင်ကောင်းစံ ၊ ဒါရိုက်တာ (ဝံလက်ဒေသဖွံ့ဖြိုးရေးဖောင်ဒေးရှင်း)

စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း တစ်နှစ်တာကာလအတွင်းမှာ အဓိကပြဿနာက နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ INO တွေ ပြည်တွင်းမှာအလုပ်လုပ်ဖို့အတွက် ခရီးသွားလာခွင့်ကြန့်ကြာမှုတွေရှိတယ်။ နောက်တစ်ခုက ပြည်သူတွေခံစားရတဲ့အခက်အခဲပေါ့။ ငွေကြေးတွေကို လွယ်လွယ်ကူကူနဲ့ထုတ်လို့မရဘူး။ အခုထက်ထိ ရာခိုင်နှုန်းပိုပေးနေရသေးတယ်။ ပြည်သူတွေအားလုံးဟာ ငွေကြေးလည်ပတ်မှုမရှိတဲ့အတွက် စီးပွားရေးနှောက်နှေးကြန့်ကြာမှုတွေ၊ လုပ်ငန်းမတွင်ကျယ်မှုတွေ၊ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ဖို့ မျှော်လင့်ထားခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ဘူး။ ငွေကြေးလည်ပတ်မှုမရှိတာတွေ နောက်တစ်ခါ ကုန်စျေးနှုန်းတွေ ကြီးမားတာတွေ၊ ကုန်ဝယ်ယူရမှုတွေခက်ခဲတယ်။

အာဏာမသိမ်းမီအချိန်ကဆိုရင် ဘာပဲပြောပြော ရခိုင်ပြည်ထဲကို ရန်ကုန်ဘက်ကလာတဲ့ပစ္စည်းတွေ လွယ်လွယ်ကူကူနဲ့ လွတ်လပ်လပ်ဝယ်ယူလို့ရတယ်။ အာဏာသိမ်းမှုနောက်ပိုင်းမှာဆိုရင် ကုန်စည်စီးဆင်းမှု နှောက်နှေးတယ်၊ ကြန့်ကြာမှုတွေရှိတဲ့အပြင် တချို့ဆိုရင် တားမြစ်ထားတဲ့ကုန်တွေရှိတာကြောင့် အာဏာပိုင်တွေဆီမှာ ခွင့်ပြုချက်တွေတောင်းယူရတယ်။ ဒီလိုမျိုးအရာတွေက နိစ္စဓူဝကြုံနေရတယ်။ ငွေကြေးဆိုင်ရာအခက်အခဲတွေက မျှော်လင့်ထားတဲ့အရာတွေကို လုပ်ဆောင်ခွင့်မရရှိခဲ့ဘူး။ လွယ်လွယ်ကူကူနဲ့လုပ်ဆောင်မှုတွေမရရှိခဲ့ပေမဲ့ ရခိုင်ပြည်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တစ်ခြားသော တိုင်းနဲ့ပြည်နယ်တွေနဲ့စာရင် အများကြီးအဆင်ပြေတယ်လို့ ပြောလို့ရတယ်။ တစ်ခြားတိုင်းနဲ့ပြည်နယ်တွေမှာက ဒီထက်ဆိုးတဲ့အခြေအနေတွေ တိုက်ပွဲဖြစ်ပွားမှုတွေ၊ ဗုံးကွဲမှုတွေနဲ့ အများကြုံနေရတယ်။ ဘာပဲပြောပြော ရခိုင်ပြည်နယ်က တစ်ခြားတိုင်းနဲ့ပြည်နယ်တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အဆင်ပြေတယ်လို့ပြောလို့ရတယ်။

ဦးခင်မောင်ကြီး၊ ဒုတိယဥက္ကဋ္ဌ ၊ ရခိုင်စီးပွားရေးဦးဆောင် အများနှင့်သက်ဆိုင်သောကုမ္ပဏီလီမိတက်(REIC)

ဘာပဲဖြစ်ဖြစ် ဒီနေ့ကတော့ အားလုံးပဲနိုင်ငံရေးနဲ့ပတ်သက်နေတယ်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအားလုံးက တော်တော်လည်းကို လမ်းကြောင်းတွေကရှုပ်ထွေးသွားပြီးတော့ အခက်အခဲဖြစ်သွားတယ်လို့မြင်တယ်။ လောလောဆယ်အခြေအနေမှာတော့ သူတို့က(စစ်တပ်) ဆက်လက်ပြီးတော့ တိုင်းပြည်ကိုသက်တမ်းတိုးပြီး ထိန်းသိမ်းသွားမယ်လို့ပြောဆိုထားတယ်။ ဒီလိုမျိုးအခြေအနေမှာ နိုင်ငံရေးရော၊ စီးပွားရေးရော၊ လူမှုရေးရော ဒီအပိုင်းတွေက အားလုံးရှုပ်ရှုပ်ထွေးထွေးဖြစ်သွားပြီးတော့ အခြေအနေတွေက တိုင်းပြည်သွားနေတဲ့ လမ်းကြောင်းပျောက်သွားတဲ့အနေအထားမျိုး ဖြစ်နေတယ်လို့မြင်တယ်။ ဒီအခြေအနေမျိုးနဲ့ ရှေ့ဆက်လုပ်ဆောင်မယ့်အပိုင်းတွေက နိုင်ငံတကာ၊ ကုလသမဂ္ဂတွေက အစီအစဉ်တစ်ခုက (transitional) အစီအစဉ်တစ်ခုနဲ့ အားလုံးပါဝင်တဲ့ဆွေးနွေးမှုနဲ့သွားရင် ကောင်းမယ်လို့အကြံပေးမှုတွေရှိတယ်။ အဲဒီ(transitional)အကူးအပြောင်းတစ်ခုကရော စစ်ကောင်စီက စိတ်ဝင်စားမှာလား။ ဒီလိုအခြေအနေတွေကို နိုင်ငံရေးအရ လောလောဆယ်မှာမြင်တွေ့နေရတယ်။

တစ်ဖက်မှာ စီးပွားရေးအရဆိုရင်လည်း မရေရာမှုတွေကများနေပြီးတော့ ရခိုင်ပြည်အနေနဲ့ဆိုရင် စီးပွားရေးကို ပြန်ပြီးထူထောင်ဖို့အတွက် တော်တော်များများကြိုးစားရမယ်လို့မြင်တယ်။ တစ်ချိန်တည်းမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ပတ်သက်ပြီးတော့ လူမှုရေးအတိုင်းအတာမှကျတော့ social political လို့ခေါ်တဲ့ လူမှုရေးနိုင်ငံရေးလမ်းကြောင်းတွေကလည်း အများကြီးပျက်စီးယိုယွင်းသွားတယ်လို့မြင်တယ်။ ဒီဟာတွေကို ပြန်ပြီးတည့်မတ်ဖို့ကြိုးစားမယ်ဆိုရင်တော့ (transitional plan)တစ်ခု ကြိုးစားပြီးအကောင်အထည်ဖော်မှ တိုင်းပြည်အတွက် ရှေ့ဆက်ပြီးမျှော်လင့်ချက်ရှိမယ်လို့ထင်တယ်။ အခုအခြေအနေမျိုးမှာတော့ လုံးဝအကောင်းဖက်ကို မျှော်လင့်လို့မရတဲ့ အနေအထားလို့မြင်တယ်။

ဦးဇော်ဇော်ထွန်း၊ အတွင်းရေးမှူး၊ ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)

စစ်အာဏာသိမ်းမှုတစ်နှစ်တာကာလအတွင်းမှာ ရခိုင်မှာ တိုက်ပွဲကတော့ လုံးဝမဖြစ်သလောက်ရှိခဲ့တဲ့အတွက် တည်ငြိမ်မှုရှိနေတဲ့ အခြေအနေမျိုးရှိခဲ့တယ်။ ဒါပေမဲ့ ရခိုင်ပြည်ဟာ မြန်မာနိုင်ငံထဲမှာပါဝင်နေတဲ့ ပြည်နယ်တစ်ခုလိုအနေနဲ့ရှိနေတယ်။ နောက်ပြီး ရခိုင်ပြည်ကလွဲပြီး ကျန်မြန်မာနိုင်ငံကဒေသတွေမှာ စစ်အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်းမှာ လက်နက်ကိုင်တော်လှန်မှုတွေ အများကြီးရှိလာခဲ့တယ်ပေါ့။ ဆိုတော့ အဲဒါရဲ့အကျိုးဆက်တွေက ရခိုင်ပြည်ကိုသက်ရောက်မှုရှိခဲ့တယ်။ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပထမဆုံးတွေ့လိုက်ရတဲ့အကျိုးဆက်တစ်ခုက ဘဏ်လုပ်ငန်းတွေက လုံးဝပျက်ဆီးသလောက် ဖြစ်သွားခဲ့ရတယ်။ အဲဒါနဲ့ဆက်စပ်ပြီးတော့ စီးပွားရေးလုပ်ငန်းတွေ အကြီးအကျယ်ထိခိုက်မှုရှိလာခဲ့တယ်။ နောက်တစ်ခုက ကိုဗစ်သက်ရောက်မှုတွေကလည်းရှိနေတဲ့အခါကျတော့ စီးပွားရေးနဲ့ဆက်စပ်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေမှာလည်း ပျက်စီးသလောက်ဖြစ်ခဲ့ရတယ်။ စစ်ဘေးရှောင်တွေနဲ့ ပတ်သက်ပြီးတော့ ကူညီကယ်ဆယ်ရေးကိစ္စတွေမှာ အဓိကထားကူညီနေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေ ငွေကြေးပိုင်းဆိုင်ရာမှာ ဘဏ်လုပ်ငန်းမလည်ပတ်မှုနဲ့အတူ ငွေမလည်ပတ်မှုဖြစ်ပြီးတော့ ကူညီထောက်ပံ့ရေးအပိုင်းတွေမှာ အကြီးအကျယ်ထိခိုက်မှုတွေရှိခဲ့တယ်။

ဒါကြောင့်လည်း စစ်ဘေးရှောင်တွေကို ပုံမှန်ထောက်ပံ့ပေးနေတဲ့ စားနပ်ရိက္ခာအပိုင်းတွေမှာ အလွန်တရာ ရပ်တန့်သွားတာကိုတွေ့ရတယ်။ ယင်းအကျိုးဆက်အနေနဲ့ စစ်ဘေးရှောင်တွေမှာ စားဝတ်နေရေးအပြင် တစ်ခြားလိုအပ်ချက်တွေမှာ အများကြီးအားနည်းချက်တွေဖြစ်ပေါ်ခဲ့တယ်။ နောက်တစ်ခုက နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့သတိထားမိတာက အရင်ထက် မှောင်ခိုလုပ်ငန်းတွေ၊ မူးယစ်ဆေးဝါးလုပ်ငန်းတွေက ပိုပြီးအာဏာပိုင်တွေနဲ့နီးစပ်ရာနီးစပ်ကြောင်း လုပ်ကိုင်ကြတာကိုလည်းတွေ့လာခဲ့ရတယ်။

ဦးဖေသန်း၊ ပြည်သူ့လွှတ်တော်အမတ်ဟောင်း၊ မြေပုံမြို့နယ်

တစ်နှစ်တာကာလဆိုတာ ULA/AA နဲ့ မြန်မာတပ်မတော်ကြားမှာ ငြိမ်းချမ်းရေးတည်ဆောက်တဲ့ကာလလည်း ဖြစ်နေတယ်။ အရင်ကတော့ စစ်ပွဲတွေ၊ ကိုဗစ်ရောဂါတွေနဲ့ ပြည်သူတွေက စားဝတ်နေရေးပြဿနာပေါင်းစုံ ရင်ဆိုင်ခဲ့ရတဲ့အခြေအနေကနေ ဒီတစ်နှစ်တကာလအခြေအနေမှာတော့ အဲဒါနဲ့ပြောင်းပြန် နယ်မြေထဲမှာ တိုက်ပွဲတွေမရှိဘူး။ ကိုဗစ်ရောဂါကလည်း လျော့ကျသွားတဲ့အခါ ပုံမှန်အခြေအနေရောက်အောင် ပြည်သူတွေက စားဝတ်နေရေး၊ စီးပွားရေး အဆင်ပြေလာတာတွေ တွေ့ရတယ်။

ပြည်မဘက်မှာ ပိုပြီးပြဿနာတွေက အထူးသဖြင့် စစ်ကောင်စီနဲ့ PDF ကြား ပြည်မဖက်မှာ ဆူဆူပူပူ ဖြစ်သလောက် ရခိုင်ပြည်မှာတော့ တည်ငြိမ်အေးချမ်းနေတဲ့အနေအထားမှာရှိတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ကုန်စျေးနှုန်းတွေကြီးမားမှုဒဏ်ကို ဒီဖက်မှာလည်းခံစားရတယ်။ စီးပွားရေးအကျပ်အတည်းက ဒီဖက်မှာ ရှိသင့်သလောက်ရှိတယ်။ ဒါပေမဲ့ အရင်နှစ်နဲ့နှိုင်းယှဉ်ရင် ကုန်သွားတဲ့နှစ်ဟာ ကျွန်တော်တို့အတွက် အသက်ရှူရတယ်။ အသက်ရှူရှောင်လာတယ်။ ပုံမှန်အနေအထားရောက်အောင်ကြိုးစားလာနေတဲ့ အနေအထားရှိတယ်လို့ အကြမ်းအားဖြင့်ပြောလို့ရတယ်။

ဆိုတော့ လာမယ့်နှစ်မှာတော့ ဗမာပြည်အခြေအနေက ဆွေးနွေးမှုလမ်းကြောင်းလည်း မရောက်လာ၊ PDF လှုပ်ရှားမှုတွေလည်း ပိုမိုပြင်းထန်လာနိုင်တယ်။ အဲဒါနဲ့အတူ စီးပွားရေး၊ လှုမှုရေးအဖက်ဖက်မှာ ကျဆင်းလာဖို့ကတော့ သေချာတယ်။ ဆိုတော့ အဲဒါနဲ့လှိုင်းဂယက်တွေကို ရခိုင်ပြည်လည်းခံစားရတယ်။ အထူးသဖြင့် ကုန်စျေးနှုန်းမြင့်မားမှုဒဏ်ပေါ့။ ရခိုင်ပြည်ရဲ့သာမန်လူနေမှုဘဝကတော့ ဒီအတိုင်းပဲ ဆက်သွားနိုင်တယ်။ အထူးသဖြင့် ULA/AA နဲ့ မြန်မာစစ်တပ်ကြားမှာ တိုက်ပွဲတွေမဖြစ်လာရင်တော့ ပုံမှန်အနေအထားနဲ့သွားနိုင်တယ်။ ဒါပေမဲ့ ပြည်မမှာလှုပ်ရှားမှုရဲ့ဒဏ်ကတော့ ဒီဖက်မှာသက်ရောက်မှုရှိတယ်။ ဆိုတော့ ULA/AA နဲ့ မြန်မာတပ်မတော်ကြားမှာ နားလည်မှုနဲ့တည်ဆောက်ထားတဲ့ ငြိမ်းချမ်းရေးက ဘယ်လောက်ထိတည့်တံ့နိုင်မလဲ။ ဘယ်အချိန်မှာ တိုက်ပွဲပြန်ဖြစ်လာနိုင်မလဲအပေါ်မှာ မူတည်ပြီးတော့ ရခိုင်ပြည်မှာရှိတဲ့ လက်ရှိပုံမှန်အနေအထားက လျော့ဆင်းသွားမှာလား၊ တိုးလာမလား အခြေအနေကတော့ တိုက်ပွဲဖြစ်မဖြစ်အပေါ်မှာဘဲ အခြေခံတယ်။

စစ်တွေမြို့ပေါ် ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေကြသော ဗျိုင်းဖြူရွာသားများကို ၂၀၂၄ ခုနှစ် ဇွန်လအတွင်းက တွေ့ရစဉ်။
November 23, 2024
ရခိုင်ပြည်၊ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ ရဲကင်းစခန်းအနီးမှ နေအိမ်ဖယ်ရှားခံရသည့် ဒေသခံများမှာ...
ပုံစာ - အမ်းမြို့နယ်ရှိ ကုတင် (၃၀၀) ဆံ့ စစ်ဆေးရုံကို သိမ်းပိုက်ပြီးနောက် တွေ့ရသော AA တပ်ဖွဲ့ဝင်များ။
November 22, 2024
ရခိုင်ပြည်၊ အမ်းမြို့အကျဉ်းထောင်ရှိ အကျဉ်းသားများနှင့် တိုက်ပွဲကာလ ဖမ်းဆီးထားသော အရပ်သားများကို...
မောင်တောမြို့နယ်ရှိ ဟိန္ဒူစစ်ဘေးရှောင်စခန်းမှ ကလေးငယ်တစ်ဦး။ (၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂ ရက်)
November 21, 2024
မြန်မာ့ပြည်တွင်းစစ်တွင် အခက်အခဲ၊ အကျပ်အတည်းများစွာနှင့် ရင်ဆိုင်နေရသည့် ကလေးသူငယ်များကို...
ရခိုင်ဒေသမှ စစ်ဘေးရှောင် ကလေးငယ်များ။
November 20, 2024
ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကလေးသူငယ်များ ဝမ်းပျက်ဝမ်းလျှော...