စစ်တွေမြို့သည် ကစ္ဆပနဒီမြစ်နှင့် ဘင်္ဂလားပင်လယ်အော်တို့ ပေါင်းဆုံရာနေရာ၌တည်ရှိပြီး အနယ်နယ်အရပ်ရပ်မှ ခရီးသွားများဝင်ထွက်လည်ပတ်ရာ မြို့တစ်မြို့ဖြစ်သည်။ စစ်တွေမြို့ကမ်းနား BXT ကုမ္ပဏီ မြေဖို့အိမ်ရာစီမံကိန်း မြစ်ကမ်းလမ်းတစ်လျှောက်တွင် ညနေပိုင်းနှင့် နံနက်ပိုင်းဆိုလျှင် လမ်းလျှောက်သူများ၊ လေညှင်းခံထွက်သူများနှင့် စည်ကားနေတတ်သည်။ ညနေပိုင်းဆိုလျှင် လှိုင်းကာကိုကျော်ပြီး ကျောက်ဆောင်ထက်မှ ငှက်စာကျွေးနေသူများ၊ ငါးမျှားနေသူများ၊ ဝိုင်းဖွဲ့စားသောက်နေသူများကိုလည်း တွေ့ရတတ်သည်။
ယင်းလှိုင်းကာအတွင်းဘက်တွင် အမှိုက်မပစ်ရန် သတိပေးစာများရေးထားသည်ကိုလည်း တွေ့မြင်ရသည်။ သို့ရာတွင် ယင်းသတိပေးစာရေးထားသည့် လှိုင်းကာအပြင်ဘက်တွင်ပင် အမှိုက်များ သွန်ချထားသည်များကိုလည်း တွေ့ရသေးသည်။ များမကြာသေးခင်လပိုင်းကလည်း ဆေးရုံသုံးပစ္စည်းများ အစုလိုက်စွန့်ပစ်ထားသည်ကိုတွေ့ရကြောင်းကို DMG သတင်းဌာနမှ သတင်းရေးသားခဲ့သည်ကိုလည်း သတိထားမိသည်။
အလားတူ မြို့လယ်ကိုဖြတ်သွားသည့် ချောင်းများအတွင်းသို့လည်း အမှိုက်များစွန့်ပစ်ထားသည်ကို တွေ့ရသည်။ ချောင်းကူးတံတားများအနီးကိုသွားကြည့်လျှင် အမှိုက်ပုံများကို မြင်မကောင်းအောင် အနံ့တထောင်းထောင်းနှင့် တွေ့မြင်နေရသည်။
ယင်းသို့မြစ်ကမ်းဘေးတွင် အမှိုက်များစွန့်ပစ်ခြင်းကို လူအများက မနှိုက်မြို့ကြပါ။ သို့ရာတွင် မြစ်ထဲအမှိုက်ပစ်ရခြင်းနှင့်ပတ်သက်၍ စစ်တွေမြို့တွင် ထင်မြင်ချက်မျိုးစုံကြားနေရသည်။ တစ်ချို့က ပစ်စရာအမှိုက်ပုံးရှာမတွေ့လို့၊ စည်ပင်က အမှိုက်သိမ်းကားမရောက်လို့ဟု ဝေဖန်ကြသလို မြို့ခံများကိုယ်၌ကလည်း အမှိုက်ကို စနစ်တကျစွန့်ပစ်ရန်လိုကြောင်းကို ထောက်ပြပြောဆိုကြသည်။
များမကြာသေးခင်ကလည်း စစ်တွေမြို့ ဦးဥတ္တမပန်းခြံဘေး လမ်းထက်တွင် အမှိုက်များမြင်မကောင်းအောင် ပြန့်ကြဲနေပုံကို မြို့ခံတစ်ဦးက ဗီဒီယိုရိုက်ကာ FACEBOOK မှတစ်ဆင့် ထောက်ပြပြောဆိုသည့် ရုပ်သံဖိုင်ပျံ့နှံခဲ့သည်။ ယင်းရုပ်သံဖိုင်ပျံ့နှံ့ပြီးနောက် နာရီပိုင်းတွင်ပင် အမျိုးမျိုးဝေဖန်မှုများထွက်ပေါ်လာခဲ့သည်။
ဆေးရုံကြီးဘေးလမ်းတွင်လည်း အမှိုက်များ မြင်မကောင်းအောင်ပြန့်ကြဲနေသည်ကို နံနက်တိုင်းတွေ့နေရဆဲဖြစ်သည်။ အလားတူ စျေးသစ်အတွင်းချထားသည့် အမှိုက်ပုံးများတွင်လည်း အမှိုက်များ အမြဲပြည့်လျှံနေကြောင်း၊ အမှိုက်ပုံးများ ပို၍ချထားပေးရန်လိုကြောင်း စျေးသစ်အနီးနေထိုင်သူများကဆိုသည်။ လူအများထောက်ပြဝေဖန်သကဲ့သို့ အမှိုက်သိမ်းဆည်းရေးမှာ စည်ပင်တွင် တာဝန်ရှိပါသည်။
အမှိုက်တွေကို ဘယ်လိုပစ်
ယခင်နှစ်များက စည်ပင်အမှိုက်သိမ်းကားသွားလာရာ မြို့ပတ်လမ်းခွဆုံတိုင်းတွင် အမှိုက်ကန်များ၊ အမှိုက်ပုံးများရှိခဲ့သည်။ ရပ်ကွက်သူရပ်ကွက်သားများက မိမိအိမ်မှထွက်ရှိသည့် အမှိုက်များကို နီးစပ်ရာရပ်ကွက်အတွင်း အမှိုက်ပုံး၊ အမှိုက်ကန်များတွင် အချိန်မရွေးသွားပစ်ထားကြသည်။ အမှိုက်များမှာ ပုတ်သိုးလွယ်သည့် စားကြွင်းစားကျန်များ၊ ပျက်စီးမလွယ်သည့် ပလက်စတစ်များ အားလုံးရောထွေး ပစ်ကြခြင်းဖြစ်သည်။ တစ်ချို့က အမှိုက်များကို အမှိုက်ပုံးရှိရာသွားမပစ်ဘဲ ချောင်းဘေး၊ တံတားဘေး ပစ်ကြပြန်သည်။ စည်ပင်ကားက တစ်နေ့လျှင်တစ်ကြိမ်လာ၍ အမှိုက်သိမ်းသည်။
သို့ရာတွင် အမှိုက်သိမ်းပြီးစအချိန်တွင်သာ အမှိုက်ရှင်းလင်းနေသည်ကိုတွေ့ရပြီး ကျန်အချိန်များတွင် ပလက်စတစ်ကောက်သူများ၊ ခွေးလေခွေးလွင့်များ၊ ကြွက်များသောင်းကျန်းထားသည့် အမှိုက်ပုံများမှာ ဘေးနားကဖြတ်သွားသူများအဖို့ နှာခေါင်းပိတ်ထားရသည်။ အမှိုက်ပုံးအနီးအနားက အိမ်ရှင်များက အနံ့ဆိုးများကြောင့် ရောဂါဖြစ်ရသည်ဟု ညီးတောကြသည်။ ချထားသည့်အမှိုက်ပုံးများမှာလည်း မလုံလောက်၊ အမှိုက်ကန်များတွင်လည်း စားကြွင်းစားကျန်များကိုပါ ပစ်ကြသည့်အခါ အနံ့တထောင်းထောင်း မြင်မကောင်းအောင် ဖြစ်ကြရသည်။
အမှိုက်သိမ်းစနစ် အပြောင်းအလဲ
၂၀၂၁ ခုနှစ် နှစ်ဆန်းပိုင်းကစတင်ကာ ရပ်ကွက်အလိုက် လမ်းဘေးအမှိုက်ပုံးများ၊ အမှိုက်ကန်များထားရှိသည့် အမှိုက်ပစ်စနစ်ကိုဖျက်သိမ်းပြီး ယခင်ကအတိုင်း ခေါင်းလောင်းထိုးအမှိုက်ကားဖြင့် သိမ်းဆည်းသည့် စနစ်သို့ပြောင်းလဲခဲ့ပြန်သည်။ ယင်းသို့ပြောင်းလဲလိုက်သည့်အတွက် အမှိုက်ကန်အနီးပတ်ဝန်းကျင်မှ လူများ အသက်ကို ဝဝရှူနိုင်သွားသည်ဟု ပြောဆိုကြသည်။
ရပ်ကွက်သူရပ်ကွက်သားများသည် မိမိအိမ်မှထွက်ရှိသည့် အမှိုက်များကို သေချာထုတ်ပိုးပြီး အမှိုက်ကားလာချိန်ကို စောင့်ဆိုင်းအမှိုက်ပစ်ကြရသည်။ သို့သော် စည်ပင်အမှိုက်သိမ်းကားမှာ အချိန်မှန်မှန် မရောက်လာနိုင်ခြင်း၊ အမှိုက်ကား လာသည်ကို မစောင့်နိုင်သူများအဖို့ အိမ်မှထွက်ရှိသည့် အမှိုက်များကို စွန့်ပစ်ရန် အမှိုက်ကန်ရှာရသည်မှာလည်း အမောဟုပြောကြသည်။ ယခင်ကဲ့သို့ ရပ်ကွက်တိုင်းတွင် အမှိုက်ကန် မရှိတော့သည့်အတွက် အမှိုက်ကန်ရှိသည့်နေရာကို သွားရှာပစ်ကြရသည်။
အမှိုက်ကန်နှင့်ဝေးသည့် ရပ်ကွက်သားတစ်ချို့သည် အမှိုက်ကန်သို့မသွားလိုသည့်သူများမှာ ချောင်းဘေး၊ မြောင်းဘေး၊ ဘုန်းတော်ကြီးကျောင်းဘေးများတွင် စွန့်ပစ်လိုက်ကြသည်။ စည်ပင်အမှိုက်သိမ်းစနစ်ကလည်း အမှိုက်ရှိသည့်နေရာတိုင်းကို မရောက်နိုင်သည့်အခါ ခွေးလေခွေးလွင့်များ ရှာဖွေစားသောက်ပြီး အမှိုက်ပုံများမှာ ပြန့်ကြဲလျက် လူမြင်မကောင်းအောင် ကျန်ရှိနေတတ်သည်။ တစ်ချို့မှာ ပိုးသိုးလွယ်သည့် အမှိုက်များကို ချောင်းနားမြစ်နားလွှင့်ပစ်ကြပြီး ပျက်စီးရန်မလွယ်သော ပလက်စတစ်အမှိုက်များကို စုပုံမီးရှို့ ဖျက်ဆီးကြသည်ကို တွေ့ရသည်။
ထို့အပြင် ယခင်က မြို့မှထွက်ရှိသည့်အမှိုက်များကို မြို့ပေါ်ရှိ အာကျိတ်တော်ကုန်းတွင် စွန့်ပစ်ခဲ့သည်။ တောင်လိုမြင့်မားလာသည့်အမှိုက်များကို မီးရှို့ဖျက်ဆီးခြင်းဖြင့် ဖြေရှင်းသည့်အတွက် သုသာန်သို့ အသုဘချလာသူများသည် အမှိုက်ပုံမီးရှို့ရာမှထွက်လာသည့် ညော်နံ့ကို ရှူရှိုက်ကြရသည်။ ယင်းသို့ မြင်မကောင်းအောင်ဖြစ်လာသည့် အမှိုက်ပုံများကို တာဝန်သိမြို့ခံများကလည်း ဓာတ်ပုံရိုက်ကာ facebook ပေါ်တင်ကာ ဝေဖန်ထောက်ပြ အကြံပြုခဲ့သည်ကိုတွေ့ရသည်။
ပြီးခဲ့သည့် ဇွန်လမှစတင်ကာ အာကျိတ်တော်ကုန်းတွင် အမှိုက်စွန့်ပစ်ခြင်းမရှိတော့ဘဲ မြို့မှထွက်သမျှ အမှိုက်များကို စစ်တွေမြို့နယ် မန်စီကျေးရွာသို့ပြောင်းရွှေ့စွန့်ပစ်ရန် စီစဉ်ခဲ့သည်။
အာကျိတ်တော်ကုန်း သုသာန်ထဲတွင် တောင်လိုပုံနေသည့် အမှိုက်များကို မီးရှို့ဖျက်ဆီးသည့်နည်းလမ်းကို သုံးခဲ့ရာ ညော်နံ့ကြောင့် အဆုပ်နေမကောင်းသည်အထိ ဖြစ်ခဲ့ရကြောင်းနှင့် လက်ရှိတွင် အမှိုက်များကိုမီးရှို့ခြင်းမရှိတော့၍ စိတ်သက်သာစွာနေထိုင်နိုင်ပြီဖြစ်ကြောင်း အာကျိတ်တော်ကုန်းနှင့် နီးသည့် ကယ်ဆယ်ရေးစခန်းတွင် နေထိုင်သူများက ပြောဆိုကြသည်။
စည်ပင် မနိုင်မနင်း
ယင်းနှင့်ပတ်သက်၍ စစ်တွေမြို့ အမှိုက်ပြသနာကို စည်ပင်ကကိုင်တွယ်ဖြေရှင်းမှုသည် မနိုင်မနင်းဖြစ်နေသည်ကိုလက်ခံကြောင်း၊ စစ်တွေမြို့ပေါ်နေရာအချို့တွင် အမှိုက်များ မြင်မကောင်းအောင် ပြန့်ကြဲနေမှုအပေါ် စည်ပင်၌တာဝန်ရှိသည်ကို မငြင်းနိုင်ကြောင်း လက်ရှိရခိုင်ပြည်နယ်သယံဇာတဝန်ကြီး ဦးသန်းထွန်းက ဝန်ခံသည်။
သို့ရာတွင် အမှိုက်များကို စည်ပင်ကအတတ်နိုင်ဆုံးကြိုးစားသိမ်းဆည်းပေးနေသည်ကိုတွေ့မြင်ရပြီး အမှိုက်သိမ်းဆည်းရေးနှင့်ပတ်သက်၍ စနစ်တစ်ခုပြောင်းလဲဆောင်ရွက်ရန်စီစဉ်နေကြသည်ဟုလည်း ပြောဆိုထားသည်။
မည်သို့ဆိုစေ စစ်တွေမြို့နေရာအနှံ့ အမှိုက်ပုံများ မြင်မကောင်းအောင်ပြန့်ကြဲနေခြင်းအပေါ် တာဝန်ရှိသူက စည်ပင်အဖွဲ့ဖြစ်ပြီး အမှိုက်ပစ်သူများကလည်း အမှိုက်ပုံးထဲအရောက် ထည့်ပေးရမည်ဆိုသည့် အသိရှိရန်လည်း လိုအပ်ပါလိမ့်မည်ဟု ဝန်ကြီးဦးသန်းထွန်းက ၄င်း၏ FACEBOOK ကတစ်ဆင့် ရေးသားခဲ့သည်။
အမှိုက်သိမ်းစနစ် ပြောင်းလဲရန်လို
ယင်းနောက်ပိုင်း နိရဥ္စရာသတင်းတစ်ပုဒ်၌ စစ်တွေမြို့တွင် ရပ်ကွက်အလိုက် အမှိုက်သိမ်းကား ၁ စီးကျစီဖြင့် အမှိုက်သိမ်းပေးနိုင်ရန်နှင့် ပုဂ္ဂလိကအမှိုက်သိမ်းစနစ်ကို ကျင့်သုံးရန် စီစဉ်နေသည်ဟု ဝန်ကြီးဦးသန်းထွန်းက ပြောဆိုထားသည်ကိုတွေ့ရသည်။
အမှိုက်သိမ်းစနစ် ဘယ်လိုပင်ပြောင်းပြောင်း အမှိုက်ပြသနာကို အားလုံးဝိုင်းဝန်းဖြေရှင်းမှ အဆင်ပြေမည်ဖြစ်သည်။ တစ်ဦးချင်း၊ တစ်အိမ်ထောင်စုချင်းက ပူးပေါင်းဖို့လိုသည်။ သက်ဆိုင်ရာနှင့် လူမှုအဖွဲ့အစည်းများက ပညာပေးမှုများလုပ်ရမည်။ အမှိုက်စနစ်တကျမပစ်လျှင် ဒဏ်ခတ်အရေးယူမှုများလည်းလိုသည်။ အမှိုက်ကို စနစ်တကျသိမ်းဆည်းထုတ်ပိုးကာ အမှိုက်စနစ်တကျ ပစ်မည့်နေရာရှိ အမှိုက်ပုံးများ အလုံအလောက်ထားရှိရေးလည်း ပါဝင်သည်။
သန့်ရှင်းသည့် နိုင်ငံများတွင် အမှိုက်ပစ်စနစ်ကိုဘယ်လိုစီမံခန့်ခွဲနေသလဲဆိုသည်ကိုလည်း လေ့လာရမည်။ ဥပမာ-စင်္ကာပူနိုင်ငံကို ကြည့်နိုင်သည်။ စင်္ကာပူတွင် စီကရက်အပိုင်းကအစ အမှိုက်ပုံးတွင် စနစ်တကျမပစ်လျှင် ဒဏ်ရိုက်သည်ဟု သိရသည်။ အမှိုက်ကို စည်းကမ်းတကျပစ်ရန်အတွက် ဆော်သြထားသည်ဟုလည်း ဆိုသည်။
အမှိုက်ကို အလွယ်တကူစနစ်တကျပစ်ရန်အတွက် လူနေရပ်ကွက်များတွင် အမှိုက်ပုံးများ လက်လှမ်းမီရာတွင် ချပေးထားသည်ဟု လေ့လာရသည်။
အမှိုက် မပစ်ရဆိုသည့် ဆိုင်းဘိုးကပ်ထားရုံနှင့်မပြီးဘဲ အမှိုက်ပစ်ရန်အတွက် လုံလောက်သော စနစ်ကျသော အမှိုက်ပုံးများ ချထားပေးရန်လည်းလိုသည်။ အမှိုက်ပစ်ရန် အမှိုက်ပုံးများကိုရှာမတွေ့လျှင် မြောင်းနား၊ ချောင်းနား၊ မြစ်ကမ်းနားများတွင် ပစ်ကြလိမ့်မည်။
အမှိုက်များ စနစ်တကျစွန့်ပစ်ရေး
ကိုယ့်နေအိမ်မှ ထွက်ရှိသည့်အမှိုက်များကို အမျိုးအစားခွဲပြီး ကြိုတင်ထုတ်ပိုးရန်နှင့် အမျိုးအစားခွဲထားသည့် အမှိုက်ပုံးများ အလုံအလောက်ထားရှိပေးရန်လည်းလိုသည်။ အချုပ်အားဖြင့်ဆိုရလျှင် ရပ်ကွက်တိုင်းတွင် အမှိုက်ပစ်ရန် အမှိုက်ပုံးများအလုံအလောက်ချထားပေးရန်နှင့် အမျိုးအစားခွဲပြီး စွန့်ပစ်နိုင်အောင် အမှိုက်ပုံးများ အရောင်ခွဲကာထားရှိရန်လည်းလိုအပ်သည်။ အမှိုက်များကို နေ့စဉ် အချိန်မှန်မှန်သိမ်းဆည်းရန်လည်း အရေးကြီးသည်။ စည်ပင်ဌာန၌ အမှိုက်သိမ်းဆည်းရေးတွင် အခက်အခဲရှိလျှင် ပုဂ္ဂလိကလက်ထဲ စနစ်တကျလွှဲရမည်။
ထွက်ရှိလာသည့်အမှိုက်များကို စုပုံမီးရှို့ဖျက်ဆီးခြင်းအစား WTE (Waste To Energy Plants)အမှိုက်မှ စွမ်းအင်ရရှိနိုင်အောင်ကြိုးစားရမည်။ စင်္ကာပူနိုင်ငံတွင် ယင်းသို့အမှိုက်မှ စွမ်းအင်ထုတ်လုပ်သည့်စနစ်ကို လွန်ခဲ့သည့် နှစ် ၄၀ ကျော် ၁၉၇၉ ခုနှစ်က စတင်အသုံးပြုခဲ့သည်ဟု မှတ်သားရပါသည်။
အမှိုက်ကို စနစ်တကျ စွန့်ပစ်ရေးပြဿနာမှာ စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်လက်ရှိနေပါသည်။ ယင်းပြသနာသည့် ဖြေရှင်း၍မရသည့် ပုစ္ဆာတော့မဟုတ်ပါ။ သက်ဆိုင်ရာဌာနအဖွဲ့အစည်း၊ လူမှုအဖွဲ့အစည်းများက ၀ိုင်းဖြေရှင်းလျှင် ရနိုင်ကောင်းသည်။ ပြောရလျှင် စစ်တွေမြို့ ရှုခင်းသာလမ်းက အမှိုက်ရှင်းလင်းရေးကို ဥပမာထားပြီးပြောရမည်။ ယခင်က ရှုခင်းသာလမ်းတစ်လျှောက် ဘေးပလက်ဖောင်းပေါ်နှင့် ပလက်ဖောင်းအောက် မြောင်းထဲတွင် အမှိုက်များကို မြင်တွေ့ခဲ့ရသည်။
အပန်းဖြေလာသူများကလည်း အစားအသောက်များ ထုတ်ပိုးလာသည့် ပလက်စတစ်အိပ်များကို လွယ်လင့်တကူ ပြန့်ကြဲထားပစ်ခဲ့ကြသည်။ သို့ရာတွင် စစ်တွေမြို့က လူမှုအဖွဲ့အစည်းတစ်ခုဖြစ်သော“စိမ်းပြာ“အဖွဲ့က ရှုခင်းသာလမ်းတစ်လျှောက် ဓာတ်မီးတိုင်တိုင်းအောက်၌ အမှိုက်ပုံးများချထားပြီး အမှိုက်ကောက်လှုပ်ရှားမှုကို ဦးဆောင်လုပ်သည်။ ယင်းလှုပ်ရှားမှုနောက်ပိုင်းတွင် လူထုကလည်း အမှိုက်များကို လက်လွတ်စပယ်မပစ်ကြတော့ဘဲ နီးစပ်ရာအမှိုက်ပုံးထဲ ထည့်လာကြသည်။ လမ်းလျှောက်သူများကလည်း လမ်းပေါ်ကျနေသည့်အမှိုက်များကို ကောက်ယူကာ အမှိုက်ပုံးထဲ ထည့်ပစ်ခဲ့ကြသည်။ သို့အတွက် ရှုခင်းသာလမ်းတွင် အမှိုက်များမြင်မကောင်းအောင် မတွေ့ရတော့ပေ။ သို့ရာတွင် ကမ်းခြေတွင် အမှိုက်များကိုပြန့်ကြဲရှိနေသေးသည်။ အမှိုက်များကိုပစ်ဖို့ လက်တကမ်းတွင် အမှိုက်ပုံးထားရှိပေးရန်လည်း အရေးကြီးသည်ကိုတွေ့ရသည်။
ယင်းအတိုင်းပင် ကိုယ့်မြို့၊ကိုယ့်ရွာ၊ ကိုယ့်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပဖို့ အမှိုက်ကို စနစ်တကျစွန့်ပစ်ရန်မှာ တစ်ဦးချင်း၊ တစ်မိသားစုချင်းမှသည် မြို့သူမြို့သားအားလုံးတွင် တာဝန်ရှိပါသည်။
မောင်ဝင်းဦးရေးသားသည်။