အစွယ်နှစ်ချောင်းကို အထင်သားမြင်တွေ့နေရသော နတ်ဘီလူးကြီးက လက်တစ်ဖက်စီတွင် လက်သုံးတော်တင်းပုတ်ကိုကိုင်၍ ထိုင်နေလေသည်။ သို့သော် ဤနတ်ဘီလူးမှာ ဘုရားပုထိုးများ၏ အဝင်မုခ်ဦးရှေ့တွင် ထိုင်နေခြင်းမျိုးတော့မဟုတ်ပေ။ အရှေ့ ၂ ပေခန့်ရှိသော ကျောက်သားပေါ်တွင် နတ်ဘီလူးထိုင်နေသည့်ပုံစံကို ကျောက်ဆစ်ဆူးမျိုးစုံကိုအသုံးပြုကာ လူတစ်ဦးက ပုံဖော်ထုဆစ်နေခြင်းသာဖြစ်သည်။
ထိုသို့ နတ်ဘီလူးပုံကို ကျောက်သားပေါ်ထုဆစ်နေသူမှာ အခြားသူတော့မဟုတ်။ ကျောက်တုံးကျောက်ခဲများဖြင့် တည်ဆောက်ထားသည့် ရှေးဟောင်းမြို့တော်မြောက်ဦးမြို့မှ အသက် ၅၃ နှစ်အရွယ် ဦးလှကြီးပင်ဖြစ်သည်။ ၎င်းမှာ ကျောက်ဆစ်ဆူးတစ်မျိုးကိုကိုင်လိုက် တူဖြင့်ညင်သာစွာထုချလိုက်ဖြင့် ကျောက်သားပေါ်၌ နတ်ဘီလူး၏ သရုပ်သဏ္ဍာန်ပေါ်လာစေရန် အာရုံစူးစိုက်နေပေသည်။
ဦးလှကြီး၏ နေအိမ်ခြံဝင်းထဲသို့ဝင်လိုက်သည်နှင့် ကျောက်ဆစ်လက်ရာ၏ အငွေ့အသက်များကို ခံစားမိစေသည်။ ၎င်း၏နေအိမ်ခြံဝင်းအတွင်းတွင် ကျောက်သားများပေါ်၌ထုဆစ်ထားသည့် ဗုဒ္ဓရုပ်ပွားတော်ပုံများ၊ နတ်ရုပ်၊ နတ်ဘီလူးရုပ်၊ ဗျာလ္လရုပ်၊ ရှေးခတ်ဝတ်စားဆင်ယင်မှုပုံစံများ စသည့်ကျောက်ဆစ်လက်ရာကြီးငယ်တို့ အစီအရီရှိနေကြသည်။
ဦးလှကြီးမှာ လယ်သမားမိသားစုမှ ဆင်းသက်လာသူဖြစ်သည်။ ကျောက်ဆစ်လုပ်ငန်းကို ဘိုးဘွားစဉ်ဆက် လုပ်ကိုင်လာခြင်းမဟုတ်ဘဲ မိမိ၏ပင်ကိုယ်ဝါသနာအရ “ဝါသနာကိုအရင်းခံပြီး လုပ်တာဖြစ်တယ်”ဟု ဦးလှကြီးကပြောသည်။
မောင်လှကြီးဟုခေါ်တွင်စဉ်အရွယ်ကပင် မြောက်ဦးမြို့မှ ရှစ်သောင်း၊ ကိုးသောင်းဘုရားပုထိုးများကိုကြည့်ကာ ပုံတူပန်းချီများကို စာအုပ်များပေါ်ရေးဆွဲခဲ့သူဖြစ်သည်။ ဝါသနာဗီဇအရ ပန်းချီ၊ ပန်းပုပညာများကို လေ့လာသင်ယူခဲ့သည်။ အချို့သူများထံမှအမြင်ဖြင့်သင်ယူကာ ကိုယ်တိုင်လေ့လာခဲ့သဖြင့် ရှေးခေတ်အနုပညာ လက်ရာများကို တစတစဖြင့် တတ်မြောက်လာခဲ့သည်။
ဦလှကြီး အိမ်ထောင်ပြုချိန်တွင် မိမိဝါသနာပါရာအလုပ်ကိုနောက်ဆုတ်ကာ မိဘများ၏ လယ်ယာလုပ်ငန်းကို လုပ်ကိုင်ရင်း မိသားစုစားဝတ်နေရေးကို ဖြေရှင်းနေခဲ့သည်။ အသက် ၃၀ ကျော်အရွယ်တွင် သား၊သမီး(၃)ဦး ထွန်းကားခဲ့သည်။
လယ်ယာလုပ်ငန်းမှရရှိသည့်ဝင်ငွေမှာ မိသားစုဝမ်းရေးကို ဖူလုံမှုမပေးနိုင်သည့်အတွက် လယ်ယာလုပ်ငန်းကိုစွန့်ခွာကာ နဂိုဝါသနာပါသည့် ရှေးဟောင်းကျောက်ဆစ်လက်ရာများ ထုဆစ်သည့်အလုပ်ကို ရွေးချယ်လုပ်ကိုင်ခဲ့သည်။
“ဒီအလုပ်ပဲလုပ်သွားမယ်လို့ လမ်းကြောင်းကို မှန်မှန်ကန်ကန်နဲ့ ရွေးချယ်ပြီးတော့ အခက်အခဲတွေရှိတဲ့ကြားက အဆင်ပြေအောင်ဖြတ်သန်းပြီး လုပ်ကိုင်လာခဲ့တာဖြစ်တယ်”
ကျောက်ဆစ်လုပ်ငန်းကိုစလုပ်ချိန်က ပုံတူရုပ်ထုများကို အားလုံးနီးပါးတူညီအောင်မထုဆစ်နိုင်ဘဲ အကြမ်းအားဖြင့်သာထုဆစ်နိုင်ခဲ့သဖြင့် အခက်အခဲများရှိခဲ့ကြောင်း သိရသည်။ သို့သော် ဝါသနာပါသည့်အလုပ်ကို တစိုက်မတ်မတ်ဖြင့်လုပ်ကိုင်ခဲ့သည့်အတွက် အခက်အခဲများကို ကျော်ဖြတ်နိုင်ခဲ့သည်ဟု ဦးလှကြီးကဆိုသည်။
“အခက်အခဲတွေကြုံပေမယ့် ဒီအလုပ်မှအပ တခြားအလုပ်ကို မလုပ်ဘူးလို့ဆုံးဖြတ်ထားတော့ စိတ်ကယိမ်းယိုင်မှုလည်းမရှိတော့ဘူး။ မရှိရင် ချေးငှားပြီးစားသောက်လိုက်တယ်။ ရတဲ့အချိန် ပြန်ဆပ်လိုက်တယ်”ဟု ကျောက်ဆစ်လုပ်ငန်းစတင်လုပ်ကိုင်ချိန် အခက်အခဲကြုံခဲ့ရပုံကို ပြန်ပြောင်းပြောပြသည်။
မြောက်ဦးမြို့၊ လက်ကောက်စျေးရပ်ကွက်မှ ပန်းချီဆရာဦးရွှေမောင်သာ(ကွယ်လွန်)မှ လက်တွဲခေါ်ယူ သင်ပြပေးမှုကလည်း ဦးလှကြီးကို ကျောက်ဆစ်လက်ရာ ပိုင်ပိုင်နိုင်နိုင်ထုဆစ်နိုင်စေရန် အကြောင်းတစ်ရပ် ဖြစ်စေခဲ့သည်။
လယ်သမားမျိုးရိုးမှဆင်းသက်လာသည့် ဦးလှကြီးမှာ လက်ရှိတွင် ကျောက်တွင်ထုဆစ်ရသည့်(ပန်းတမော) ကျောက်ဆစ်လုပ်ငန်းအပါအဝင် သစ်သားတွင်ထုဆစ်ရသည့်(ပန်းပု)လုပ်ငန်းတို့ကိုလုပ်ကိုင်လျက်ရှိသည်။
“မိသားစုဆွေမျိုးတွေ တစ်ယောက်မှမလုပ်ခဲ့ဘဲ ကိုယ်လုပ်လာတယ်ဆိုတော့ ရှေးအတိတ်ဘဝက ဒီနေရာမှာ ရှေးခေတ်လက်ရာတွေလုပ်ခဲ့တဲ့အထဲမှာပါမယ်လို့ ခံယူတယ်”ဟု ဦးလှကြီးက ပြောသည်။
ကျောက်သားများပေါ်တွင် ထုဆစ်ထားသည့်ရုပ်ထုများ ကျိုးပဲ့ပျက်စီးသွားလျှင် နှလုံးသား၌နာကျင်ရသလို ခရီးသွားများကဝယ်ယူသွားပါကလည်း ရင်ထဲ၌ ဟာတာတာဖြင့်ကျန်ရစ်ခဲ့သည်ဟု ဦးလှကြီးကဆိုသည်။
ဦးလှကြီးမှာ ကျောက်ဆစ်လုပ်ငန်းကိုလုပ်ကိုင်ပြီး အသက်မွေးဝမ်းကျောင်းပြုလာခဲ့သည်မှာ လက်ရှိတွင် နှစ်ပေါင်း(၂၀)ကျော်ရှိခဲ့ပြီဖြစ်သည်။ ကျောက်ဆစ်အနုပညာလက်ရာအပေါ် စိတ်ဝင်စားသူအချို့ကိုလည်း ဦးလှကြီးက ပညာလက်ဆင့်ကမ်း မွေးထုတ်နိုင်ခဲ့ပြီဖြစ်သည်။ လက်ရှိ မြန်မာနိုင်ငံပန်းချီ၊ပန်းပုအစည်းအရုံး(ဗဟို)တွင်လည်း အဖွဲ့ဝင်အဖြစ် ဦးလှကြီးကပါဝင်ထားသည်။
ဦးလှကြီးထုဆစ်သည့် ကျောက်ဆစ်လက်ရာများကို ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များသာမက စစ်ကိုင်း၊ ရှမ်း၊ ဧရာဝတီ၊ ရန်ကုန်စသည့်ဒေသများမှ မှာယူမှုများရှိကြောင်းလည်း သိရသည်။
အရှည် ၆ ပေရှိသည့် ကျောက်သားတစ်ခုကို ဘုရားတစ်ပါးအဖြစ်ထုဆစ်မည်ဆိုပါက တစ်လခွဲအထိအချိန်ယူရပြီး လုပ်ခစျေးနှုန်းမှာ သိန်း(၄၀)ရှိသည်။ အရှည် ၂ ပေခန့်ရှိသည့် ကျောက်သားတစ်ခုကို မဟာမုနိဘုရားတစ်ပါးအဖြစ် ထုဆစ်မယ်ဆိုပါက ရက်ပေါင်း(၂၀)ကျော်အချိန်ပေးရပြီး စျေးနှုန်းမှာ ငါးသိန်းကျပ်ရှိသည်။
ကျောက်ဆစ်လက်ရာများထုဆစ်ရန်အတွက် ကျောက်သားများကို ပေါက်တောမြို့နယ်နှင့် မြေပုံမြို့နယ်တို့မှ မှာယူကြရသည်။ ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်သူများသည် ၎င်းတို့ထုဆစ်ရမည့် ကျောက်သား အရွယ်အစားပေါ်မူတည်ပြီး စျေးနှုန်းကိုသတ်မှတ်ကြသည်။ ကျောက်ဆစ်လုပ်ငန်းရှင်တစ်ဦးနှင့်တစ်ဦး စျေးနှုန်းသတ်မှတ်မှုကမူ မတူညီကြပေ။ ၎င်းတို့မှာ ပုံမှန်ဝင်ငွေလည်းမရှိကြပေ။
“လုပ်ရမယ့်အလုပ်ကကြီးရင် ဝင်ငွေကပိုရတယ်”ဟု ဦးလှကြီးကပြောသည်။
ရခိုင်တွင် ဘုရားဆင်းတုတော်များ၊ သာသနာစောင့်နတ်ဘီလူးရုပ်များ၊ ဗုဒ္ဓဝင်ဇာတ်လမ်း၊ သမိုင်းမှတ်တမ်းများကို ရှေးယခင်ကတည်းက ကျောက်ဆစ်လက်ရာဖြင့်ထုဆစ်ထားခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။
ရှေးခေတ်ယဉ်ကျေးမှုအမွေအနှစ်အများအပြားရှိသည့် မြောက်ဦးမြို့တွင် ကျောက်ဆစ်လုပ်ငန်းမှာ ထင်ရှားသည်။ ကျောက်ဆစ်လက်ရာများသည် ပြည်တွင်း/ပြည်ပခရီးသွားများကို ဆွဲဆောင်နေသည့် အမွေအနှစ်လက်ရာတစ်ခုလည်း ဖြစ်ပေသည်။
ကျောက်ဆစ်ရာများကိုနှစ်သက်ကြသည့် ခရီးသွားများသည် မြောက်ဦးမြို့ခံ ကျောက်ဆစ်ပညာရှင်များထံတွင် ပုံစံတူရုပ်ထုများ လုပ်ခိုင်းလေ့ရှိကြသည်။ ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲဖြစ်ပွားမှုနှင့် ကိုဗစ်ရောဂါဖြစ်ပွားမှုတို့ကြောင့် မြောက်ဦးမြို့သို့ ပြည်တွင်း၊ပြည်ပခရီးသွားဧည့်သည် ဝင်ရောက်မှု နည်းပါးခဲ့သည်။
ခရီးသွားလုပ်ငန်းများရပ်တန့်သွားသည့်အတွက် ကျောက်ဆစ်လုပ်ငန်းလုပ်ကိုင်နေသူများမှာလည်း အခက်အခဲများကြုံခဲ့ရသည်။ လက်ရှိတွင် ပြည်တွင်းမှ ခရီးသွားဧည့်သည်များ လာရောက်မှုရှိလာသဖြင့် လုပ်ငန်းပြန်လည်အဆင်ပြေလာသည်ဟု မြောက်ဦးမြို့မှ ကြေးသွန်း၊ ပန်းပုလုပ်ငန်းကို လုပ်ကိုင်နေသည့် ဦးပေါက်စကပြောသည်။
ဦးပေါက်စက “အရင်ကဆိုရင် ခရီးသွားလုပ်ငန်းတွေရှိတယ်။ ဟိုတယ်တွေက သူတို့လိုချင်တဲ့အရုပ်တွေ လုပ်ခိုင်းတယ်။ မှာယူသူတွေအများကြီးနဲ့ လုပ်ခဲ့ရတယ်။ အခုကတော့ နည်းတယ်”ဟု ပြောသည်။
ကျောက်ဆစ်လက်ရာများထဲမှ ဗုဒ္ဓရုပ်ပွားတော်၊ နတ်ရုပ်၊ ဗျာလ္လရုပ်၊ သာသနာ့စောင့်နတ်ဘီလူးရုပ်ထုတို့မှာ ရောင်းအားအကောင်းဆုံးဖြစ်ကြသည်။
မြန်မာ့ရိုးရာလက်မှုပညာရပ်များဖြစ်သည့် ပန်းဆယ်မျိုးထဲမှ ပန်းတမော့ပညာရပ်ဖြစ်သည့် ကျောက်ဆစ်ပညာမှာ ကိုယ်ပိုင်ဟန်ဖြင့်ထုတ်ဆစ်ကြသည့် လက်မှုအနုပညာတစ်ရပ်ဖြစ်သည်။
ဝါသနာပါရာအလုပ်ကိုလုပ်ရင်း ကျေနပ်နေသည့် ဦးလှကြီးသည် ယခုခေတ် ရုပ်ထုလက်ရာများထက် ရှေးဟောင်းကျောက်ဆစ်အနုပညာလက်ရာများကိုသာ စိတ်ဝင်စားနေသည်။ ဘဝနေဝင်ချိန်အထိ ကျောက်သားများကို ထုဆစ်သွားမည်ဟုလည်း ဆုံးဖြတ်ထားသူဖြစ်သည်။ ကျောက်ဆစ်လက်ရာပညာရပ်ကို မိသားစုဆွေမျိုးများမှ လက်ဆင့်ကမ်းအမွေဆက်ခံစေလိုသည့် ဆန္ဒလည်း ဦးလှကြီးတွင်ရှိနေသည်။
ဦးလှကြီး၏ နောက်ဆုံးရည်မှန်းချက်တစ်ခုလည်းရှိသေးသည်။ ၎င်းထုဆစ်ထားသည့် ရခိုင်တို့၏ ခေတ်လေးခေတ်မှ ကျောက်ဆစ်လက်ရာ ရုပ်ထုအမြောက်အများကို မြောက်ဦးမြို့တွင် ပြခန်းတစ်ခုတည်ဆောက်ပြီး ခင်းကျင်းပြသထားရန်ပင်ဖြစ်သည်။
“ရှေးဟောင်းယဉ်ကျေးမှု ပုံတူကျောက်ဆစ်လက်ရာတွေကို နောက်မျိုးဆက်တွေ အဆက်ဆက်ကြည့်လို့ရမယ့် ပြခန်းတစ်ခုအဖြစ်လုပ်ချင်တဲ့ဆန္ဒရှိတယ်”
မင်းထွန်းရေးသားသည်။