လက္ကာရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်း

လက္ကာရွာသားများအမှု အမိန့်မချဘဲ ထပ်မံရွှေ့ဆိုင်း

၂ နှစ်ကျော်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် မြောက်ဦးမြို့နယ်၊ လက္ကာကျေးရွာသား ၂၀ ကျော်တို့အမှုကို နိုဝင်ဘာလ ၁၉ ရက်နေ့တွင် ရုံးထုတ်ခဲ့သော်လည်း အမိန့်မချဘဲ ရုံးချိန်းထပ်မံရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

အဆိုပါအမှုတွင် စစ်ဆေးမှုများပြီးစီး၍ အပြီးသတ်အမိန့်ချရန်သာ ကျန်သော်လည်း ပြီးခဲ့သည့် နိုဝင်ဘာလ ၅ ရက်နေ့က တရားရုံးမှ အဆင့်သင့်မဖြစ်သေးဟုဆိုကာ ရုံးချိန်းရွှေ့ဆိုင်းခဲ့သည်။

ယခုရုံးချိန်းတွင်လည်း တရားသူကြီးခွင့်ယူထားသည်ဟုဆိုကာ အမိန့်မချဘဲ ဒီဇင်ဘာလ ၃ ရက်နေ့သို့ ထပ်မံရုံးချိန်းလိုက်ကြောင်း မင်းထီး Law Firm အဖွဲ့မှ တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“ဒီနေ့ တရားသူကြီးခွင့်ယူထားတယ်။ ဒါကြောင့်အမိန့်မချဖြစ်။ ရုံးချိန်းထပ်ပြီးချိန်းဆိုလိုက်တယ်”ဟု ဦးအောင်စစ်မင်းက ပြောသည်။

လက္ကာကျေးရွာသား ၂၀ ကျော်မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဧပြီလအတွင်းက ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံခဲ့ခြင်း ဖြစ်သည်။

အဆိုပါကျေးရွာသားများမှာ ၆၀/၂၀၁၉ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ-၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ ရာကြီးအမှတ် ၂/၂၀၂၀ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(က)၊ ၅၀(ဈ)၊ ၅၂(က)၊ ၅၄ နှင့် ၁၉၄၉ လက်နက်အရေးပေါ်(ယာယီ) ဥပဒေပုဒ်မ- ၂၁(က)တို့ဖြင့် တရားစွဲဆိုခံထားရသည်။

ဖမ်းဆီးခံလက္ကာရွာသားများအမှုကို စစ်ဆေးပြီးဖြစ်သော်လည်း အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းနေသည့်အပေါ် မိသားစုဝင်များက မေးခွန်းထုတ်ပြောဆိုနေကြသည်။

“အစိုးရဖက်က တရားလွန်နေပြီလို့မြင်မိတယ်"ဟု လက္ကာကျေးရွာမှ ဖမ်းဆီးခံရသူ ကိုဦးလှမောင်(၂၄)နှစ်၏မိခင် ဒေါ်စံသာနု ကပြောသည်။

လက္ကာကျေးရွာသားများမှာ AA ကို အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာသေးသည့်အချိန်ကတည်းက ဖမ်းဆီးခံထားရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်(AA)ကို အကြမ်းဖက်အဖွဲ့အဖြစ်က ရုပ်သိမ်းပြီးနောက်မှာ ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုဖြင့်တရားစွဲဆိုခံထားရသူများ၏အမှုအချို့ကို စစ်ကောင်စီက ပြန်လည်ရုပ်သိမ်းပေးမှုများရှိသော်လည်း နှစ်ရှည်တရားရင်ဆိုင်နေရသည့် လက္ကာကျေးရွာသားများမှာ ယနေ့အထိ လွတ်မြောက်လာခြင်းမရှိသေးပေ။

“သက်ဆိုင်ရာတာဝန်ရှိသူတွေအနေနဲ့ တရားစီရင်ရေးမဏ္ဍိုင်အားကောင်းရန်အတွက် ကူညီပေးဖို့၊ စွပ်စွဲခံထားရသူတွေရဲ့အခွင့်အရေး၊ ထိခိုက်နစ်နာမှုကို ထည့်သွင်းစဉ်းစားပေးစေချင်တယ်”ဟု ရှေ့နေအောင်စစ်မင်းက DMG သို့ ပြောဆိုထားသည်။

ရခိုင်ပြည်နယ်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ ၂ နှစ်ကျော်ကာလအတွင်း AA နှင့်ဆက်စပ် သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသူ ၂၀၀ ကျော်အထိ ရှိခဲ့သည်။

Most read this week

စစ်တွေမြို့ရှိ ရွှေနှလုံးတော် ခရစ်ယာန်ဘုရားကျောင်း။  ဓာတ်ပုံ - Sacred Heart Church – Sittwe
November 7, 2024
ရခိုင်ပြည်၊ စစ်တွေမြို့တွင် ခရစ်ယာန်ဘာသာဝင်များ ဘုရားကျောင်းသို့ သွားရောက်ကာ...
November 7, 2024
မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်အကြား ကုန်သွယ်မှုများ ပိုမိုလုပ်ဆောင်နိုင်ရန်...
November 6, 2024
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ဒိုင်ကြီးကျေးရွာကို နိုဝင်ဘာ ၅ ရက်၊ ညနေ ၃ နာရီခန့်တွင် စစ်ကောင်စီက...
တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် အမ်းမြို့နယ်မှ စစ်ဘေးရှောင်များအား ယခုလအတွင်း တွေ့ရစဉ်။ ဓာတ်ပုံ - Wai Hun Aung
November 5, 2024
တိုက်ပွဲကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသည့် ရခိုင်ပြည်၊ အမ်းမြို့နယ်မှ စစ်ဘေးရှောင်...